DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းလေကြောင်းလိုင်းလုပ်ငန်းများ ရပ်တန့်သွားနိုင်ခြေရှိနေ
DVB
·
November 30, 2021
ပြည်တွင်းလေကြောင်းလိုင်းလုပ်ငန်းများ ရပ်တန့်သွားနိုင်ခြေရှိနေ
Donate to DVB

စစ်အာဏာသိမ်းပြီးနောက် တည်ငြိမ်မှုမရှိတော့တဲ့ အခြေအနေမှာ ပြည်တွင်း၊ ပြည်ပမှ ခရီးသွားတွေ လျှော့နည်းလာတဲ့ အကျိုးဆက်ကြောင့် ပြည်တွင်းလေကြောင်းလိုင်း တွေကလည်း ရပ်တန့်သွားနိုင်တဲ့လမ်းမပေါ် ရောက်ရှိနေတယ်လို့  ခရီးသွားဝန်ဆောင်မှု လုပ်ငန်းရှင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က စတင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် တကမ္ဘာလုံးမှာ တနေရာမှတနေရာဆီ ခရီးသွားလာခွင့်ကို သက်ဆိုင်ရာနိုင်ငံအသီးသီးမှ အစိုးရအဖွဲ့တွေက သွားလာခွင့်တွေကို ထိန်းချုပ်ကန့်သတ်ခဲ့ရပါတယ်။

ဒီကန့်သတ်ချက်ကြောင့် မြန်မာအပါအဝင် နိုင်ငံပေါင်းစုံမှာ လေကြောင်းလုပ်ငန်းတွေအပါအဝင်  ခရီးသွားဝန်ဆောင်မှု နဲ့ဆက်စပ်တဲ့လုပ်ငန်းတွေဟာ ထိခိုက် ခဲ့ပါတယ်။

လက်ရှိပြည်တွင်းလေကြောင်းလိုင်းတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ခရီးသွားဝန်ဆောင်မှုလုပ်ငန်းရှင်တဦးက “ပြည်တွင်း လေကြောင်းလိုင်းတွေမှာ အကျိုးအမြတ်ရတဲ့ လေကြောင်းလိုင်းဆိုတာက တော်တော်လေး ရှားပါတယ်ဗျ။ ဒါကြောင့်ပဲ ပြည်တွင်းလေကြောင်းလိုင်းတွေက ကြီးထွားမှုနည်းခဲ့ရတယ်နော်။ ဆွဲတော့ ဆွဲနေတာပဲ။ များများရှုံးတာနဲ့ နည်းနည်းရှုံးတာပဲ ရှိတယ်။ ဒါကလည်း ခရီးသွားလုပ်ငန်းက အနာဂတ်မှာ ကောင်းလာနိုင်တယ်ဆိုတဲ့ မျှော်င့်ချက်နဲ့ သွားနေကြတာပါ။ တခြားနိုင်ငံတွေမှာတော့ အဲ့လိုမဟုတ်ဘူး။ တိုးတက်လာနိုင်ခြေရှိတယ်ဆိုရင် ပြည်ပရင်းနှီးမြုပ်နှံမှုတွေက ဝင်လာကြတယ်။ ပြည်တွင်းမှာက သူဌေးကြီးတွေကပဲ ဒီဟာကို စိုက်ထုတ်ပြီးတော့ မြုပ်နှံထားတာပါ။  ဒါကြောင့် ဆက်လက်ပြီး ရပ်တည်နိုင်မလားဆိုရင် သူဌေးကြီးတွေက သူတို့တောင်ခံနိုင်တဲ့အထိတော့ ဆက်သွားနေကြတာပါ။ အမှန် တကယ်အခြေအနေက တည်ငြိမ်ပြီးတော့ ခရီးသည်တွေ တိုးတက်လာမှသာ လေကြောင်းလိုင်းတွေကလည်း ဆက်ပြီးတော့ ရပ်တည်နိုင်မယ့် အခြေအနေမှာ ရှိပါတယ်။ အခုက ဒီတည်ငြိမ်မှုလည်းမရှိဘူး၊ ပြည်ပခရီးသွားတွေလည်း အဝင်မရှိဘူး။ ပြည်တွင်းကခရီးသည်တွေလည်း မသွားလာကြဘူးဆိုရင် အချိန်နဲ့အမျှ လေကြောင်းလိုင်းတွေက ရပ်တန့်သွားပြီး ပျက်စီး သွားဖို့ပဲ ရှိပါတယ်နော်။” လို့ ပြောပါတယ်။

လေယာဉ်လက်မှတ်ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းရှင်တဦးကလည်း “ခရီးသည်တွေက မရှိကြဘူးဆိုတော့ မကိုက်ဘူးနော်။ နောက်တခါ စျေးကွက်အရလည်း အရင်တုန်းက နိုင်ငံခြားသားဆိုရင် ဒေါ်လာယူပြီး မြန်မာနိုင်ငံသားဆိုရင် ကျပ်ငွေနဲ့ ရောင်းတဲ့အခါမှာ ဒီနှစ်ခုစလုံးအတွက် ပျှမ်းမျှနှုန်းထားတခုကို ကြားချလိုက်တာပေါ့။ နိုင်ငံခြားသားဆိုရင် တယောက်ကို ဒေါ်လာ ၈၀ ကနေ ၁၀၀ အထိ ယူထားတာတွေရှိတယ်။ ပြည်တွင်းကလူအတွက်ဆိုရင် ကျပ် ငါးသောင်း ကနေ ခြောက်သောင်း အထိ ယူရတဲ့အတွက် ဒီနှစ်ခုကို မျှလိုက်ပြီးတော့ အကြမ်းမျဉ်းနဲ့ စျေးကွက်ကို တွက်ပြီးတော့ ရောင်းရတာပေါ့နော်။ အခု ကျတော့ နိုင်ငံခြားသားတွေက မရှိကြဘူး၊ ဆိုတော့ ကျပ်ငွေနဲ့ပဲ ရောင်းချရတယ်။ ဒါပေမဲ့ လေယာဉ်ဆီအပါအဝင် တခြားဆက်စပ်ပစ္စည်းတွေကိုတော့ ဒေါ်လာနဲ့ ဝယ်ရတာဖြစ်လို့ မကိုက်တာတွေရှိတယ်။ ဒီ့အတွက် တနာရီပျံသန်းစရိတ်က များတယ်။ ဒါကြောင့် ခရီးသည်နည်းလို့ရှိရင် မကိုက်ဘူး။ ပြီးတော့ စျေးနှုန်းကို မြှင့်ဖို့ဆိုတာကလည်း မရဘူးလေ။ အရင်ကတော့ ခရီးသွားနည်းတဲ့ကာလတွေမှာ စျေးတွေလျှော့ပေးတယ်။ မိုးတွင်းလိုဟာမျိုးပေါ့နော်။ ဇွန်လကစပြီး စက်တင်ဘာလအထိ စျေးနှုန်းတခုထားပြီးရောင်းတယ်။ တခါ အောက်တိုဘာကစပြီး ဧပြီအထိ စျေးနှုန်းတခု ထားရောင်းတယ်။ အဲ့လိုမျိုး သတ်မှတ်ကြတယ်။ အခုအခြေအနေမှာတော့ ဧည့်သည်က အရင်လို အများကြီးမရှိတော့ဘူး။ ဒီတော့ မရရအောင် ပရိုမိုးရှင်းအနေနဲ့ စျေးတွေလျှော့ပြီးတော့ ဆွဲနေရတယ်။ ဒီတော့ စျေးနှုန်းက မြန်မာတွေအတွက်တော့ အရမ်းကြီးမြှင့်တက် လာတာမျိုးမရှိပါဘူး” လို့ဆိုပါတယ်။

ပုဂ္ဂလိကခရိုနီသူဌေးကြီးတွေပိုင်တဲ့ Air KBZ ၊ Air Thanlwin ၊ Mann Yadanarpon ၊ Golden Myanmar အမည်နဲ့ လေကြောင်းလိုင်းတွေနဲ့အတူ နိုင်ငံပိုင်မြန်မာအမျိုးသား လေကြောင်းလိုင်းကလည်း ပြည်တွင်းခရီးစဉ်အတွက် ပြေးဆွဲ ပေးနေတာပါ။

လက်ရှိ ကိုဗစ်-၁၉ စတုတ္ထလှိုင်းနဲ့ ကိုရိုနာမျိုးကွဲသစ် အွန်မီခရွန်းကူးစက်မှုတွေ နိုင်ငံတချို့မှာ စတင်ဖြစ်ပွားနေပြီး  လေကြောင်းခရီးသွားစဉ်တွေကို စတင်ပိတ်ပင်တာတွေ လုပ်လာနေပြီဖြစ်လို့ မြန်မာပြည်တွင်း လေကြောင်းလိုင်းတွေလည်း ရှေ့လာမယ့် အနာဂတ်မှာ စီးပွားရေး အများကြီးကောင်းလာဖို့ မျှော်လင့်လို့မရသေးတဲ့  အခြေအနေဖြစ်နေလာနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013