DVB Logo
Home
မြန်မာသတင်း
ပျောက်ဆုံး ရဲတပ်ကြပ် အသက်ရှင်လျက် ရှိ မရှိ မသိရသေးဟု ရဲစခန်းပြော
DVB
·
January 16, 2014
ပျောက်ဆုံး ရဲတပ်ကြပ် အသက်ရှင်လျက် ရှိ မရှိ မသိရသေးဟု ရဲစခန်းပြော
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ထဲရှိ ဒုချီးရတန်း အလယ်ရွာမှာ ကင်းလှည့်နေတဲ့ ရဲတွေကို ဘင်္ဂါလီရွာသားအုပ်စုက ၀ိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ပြီးနောက် ပျောက်ဆုံးနေတဲ့ ရဲတပ်ကြပ်ကြီးကို ဆက်လက်ရှာဖွေနေပြီး အသက်ရှင်လျက် ရှိ/မရှိ မသိရသေးဘူးလို့ ရဲစခန်းက ပြောပါတယ်။

Maung Tawဇန်န၀ါရီ ၁၃ ရက်နေ့က ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း အပါအ၀င် ရဲတပ်သား ၃ ဦးနဲ့ ရပ်ရွာအုပ်ချုပ်ရေးမှူး ၁ ဦးတို့ ပါဝင်တဲ့ ၅ ဦးအဖွဲ့ဟာ မောင်တောမြို့နဲ့ ၆ မိုင်လောက်အကွာမှာ တည်ရှိတဲ့ ဒုချီးရတန်းရွာကို လုံခြုံရေး ကင်းလှည့်ဖို့အသွား ဒေသခံရွာသားတွေရဲ့ ရန်မူ တိုက်ခိုက်ခံရပြီးနောက် ရဲတပ်ကြပ်ကြီး ပျောက်ဆုံးနေတာပါ။

ပျောက်ဆုံး ရဲတပ်ကြပ်ကြီး အသက် ရှင်လျက် ရှိ/မရှိ အခြေအနေနဲ့ ပတ်သက်ပြီး မောင်တောရဲစခန်း တာဝန်ရှိသူက “ဒါက ကျနော်တို့ ပြောရခက်ပါတယ်။ အတိအကျ အထောက်အထားတွေ မရသေးတဲ့အတွက်။ သေရင်လည်း အလောင်းပြန်ရဖို့၊ လက်နက်နဲ့ လူက ဘယ်မှာ ရှိနေတယ်ဆိုတာ အတိအကျ မသိရသေးဘူး ဖြစ်နေတယ်။”

အခုလက်ရှိအချိန်ထိတော့ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းရဲ့ ပစ္စည်းအချို့ ပြန်လည်တွေ့ရှိထားတယ်လို့ ဆိုတယ်။

“မတွေ့သေးပါဘူးခင်ဗျာ။ ဆောင်ရွက်တုန်းကာလပဲ ရှိပါသေးတယ်။ လိုက်ရှာတဲ့ အချိန်ပဲ ရှိပါသေးတယ်။ လက်နက်တို့၊ သူ့ရဲ့ အတွင်းခံထားတဲ့ စပို့စ်ရှပ်ဆွယ်တာတို့ အတွင်းခံဘောင်းဘီတို့ အီကွေ့မန့်ကြိုးတို့ နောက် ကျည်ဘောက်တို့ သိမ်းဆည်းရမိထားပါတယ်။ သေနတ်တော့ မရသေးပါဘူး။”

သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကို ရွာလမ်းမတွေနဲ့ လယ်ကွင်းပြင်တွေမှာ တွေ့ရှိခဲ့တာလို့လည်း ဆိုပါတယ်။

တာဝန်ဝတ္တရားဆောင်ရွက်ရာမှာ အဟန့်အတားလုပ်မှု၊ မတရားချုပ်နှောင် ဖမ်းဆီးခေါ်ဆောင်မှု၊ အမှုဖွင့်ထားပြီး အခင်းဖြစ်ပွားရာ မြင်တွေ့သူတွေကို စုံစမ်းမေးမြန်းနေဆဲဖြစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတဲ့အပေါ် ရခိုင်ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဦးလှသိန်းက ပြောဆိုပါတယ်။

“သာမန်အားဖြင့် ဥပဒေစိုးမိုးမှုတွေက သူ့နေရာနဲ့သူ ရှိပြီးသားပါ။ နစက တွေကို ရုပ်သိမ်းဖို့ ဖိအားပေးတယ်။ နစကတွေကို ရုပ်လိုက်တယ်။ ရုပ်လိုက်တဲ့အခါမှာ ရဲတပ်ဖွဲ့ဝင်တွေကို ပြန်ပြီးတော့ တိုက်ခိုက်လာတယ်ဆိုတော့ ဒါတွေနဲ့ ပတ်သက်ပြီးတော့ လုံခြုံရေး တာဝန်ရှိသူတွေက ထည့်သွင်းစဉ်းစားလိမ့်မယ်လို့ ထင်ပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၃ ဒီဇင်ဘာ လကုန်ပိုင်းကလည်း စစ်တွေမြို့က တရုတ်သင်္ချိုင်း အုတ်ဂူတွေကို ဖျက်ဆီးဖို့ ကြိုးပမ်းခဲ့တဲ့ ဘင်္ဂါလီ ၆ ဦးကို တားဆီးတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦး ပြန်လည်အန္တရာယ်ပြုခံခဲ့ရတဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၁ ဦး ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။

မောင်တောမြို့မှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ပဋိပက္ခတွေ စတင်ဖြစ်ပွားခဲ့ရာကအစ ရခိုင်ပြည်နယ်ထဲ ပဋိပက္ခတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ပဋိပက္ခအတွင်း လူ ၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ အစိုးရက တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။

အခုအချိန်ထိ ပြည်နယ်ထဲ ဒုက္ခသည် ၁ သိန်း ၃ သောင်းကျော်ကို ကူညီစောင့်ရှောက် ထားရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013