DVB Logo
Home
မြန်မာသတင်း
ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားများ စစ်အာဏာရှင်တော်လှန်ရေးရန်ပုံငွေ ကျပ်သိန်း ၁၀၀၀၀ ကျော်လှူ
DVB
·
November 30, 2021
ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားများ စစ်အာဏာရှင်တော်လှန်ရေးရန်ပုံငွေ ကျပ်သိန်း ၁၀၀၀၀ ကျော်လှူ
Donate to DVB

ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားတွေက စစ်အာဏာရှင်စနစ်တော်လှန်ရေးရန်ပုံငွေအဖြစ် NUG ဝန်ကြီးဌာနအသီးသီးဆီ ကျပ်သိန်းပေါင်း ၁၀၀၀၀ ကျော်လှူခဲ့သလို စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်မှုကြောင့် သေဆုံးသွားခဲ့ရတဲ့ PDF တွေအတွက်လည်း ထောက်ပံ့ကူညီခဲ့ကြောင်း AAC  အလုပ်သမားကူညီရေးမဟာမိတ်အဖွဲ့က ပြောပါတယ်။  

အေအေစီ အလုပ်သမားကူညီရေးအဖွဲ့အနေနဲ့ စစ်အာဏာသိမ်းပြီးပြီးချင်း ဖေဖော်ဝါရီနောက်ဆုံးပတ်ထဲမှာပဲ ထိုင်းရောက်အလုပ်သမားတွေဆီက အလှူငွေတွေစုဆောင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို လက်လှမ်းမီသလောက်ထောက်ပံ့ကူညီခဲ့ကြတယ်လို့ ဆိုပါတယ်။

NUG ကိုလည်း အစိုးရဖွဲ့ပြီးတာနဲ့ ဘတ် ၁ သန်းချက်ချင်းလှူနိုင်ခဲ့ကြောင်း၊ ဒီတခေါက်ကံစမ်းမဲမှာလည်း ဘတ်ငွေ ၁၀ သန်းထိလှူနိုင်ဖို့ ကြိုးစားနေပြီး NUG ကျန်းမာရေး ဝန်ကြီးဌာနအတွက် လိုအပ်တဲ့ ဆေးဝါးထောက်ကူပြုခဲ့တယ်လို့ အေအေစီ တာဝန်ခံ ကိုရဲမင်းက ပြောပါတယ်။

အခုလို ထောက်ပံ့ကူညီနိုင်တာတွေဟာ ထိုင်းရောက်မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ မွန်မြတ်တဲ့ ချွေးနှဲစာနဲ့ စည်းလုံးညီညွတ်မှုတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ စစ်အာဏာရှင်စနစ်တော်လှန်ရေး ရန်ပုံငွေထည့်ဝင်လိုပါက ကံစမ်းမဲဝယ်ယူအားပေးရင်း ကူညီထောက်ပံ့နိုင်တယ်လို့လည်း  ထိုင်းရောက် အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ AAC  အလုပ်သမားကူညီရေးမဟာမိတ်အဖွဲ့က ပြောပါတယ်။

ကံစမ်းမဲကို ဖွင့်ပွဲမစခင် နိုဝင်ဘာ ၂၅ ရက်ကတည်းက အွန်လိုင်းပေါ်ကနေ စတင်ရောင်းချခဲ့ တာမှာ ဒီကနေ့ထိ ၅ ရက်တာကာလအတွင်း လက်မှတ်ပေါင်းအစောင်ရေ ၅၀၀၀ လောက် ရောင်းချနိုင်ခဲ့ကြောင်း၊ ဒါတောင် နယ်မြေအရောင်းကိုယ်စားလှယ်ဆီက စာရင်းတွေ အကုန်မ ရောက်သေးဘူးလို့ ကိုရဲမင်းက ပြောပါတယ်။ 

အဆိုပါကံစမ်းမဲအစီအစဉ်ကို “တော်လှန်ကျန်းမာအနာဂတ်ကမ္ဘာ ထိုင်းရောက်တို့မြန်မာ” လို့ အမည်ပေးထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီးဌာနကို ဦးတည် စီစဉ်ထားကြောင်း၊ ကံစမ်းမဲ ဝယ်ယူခြင်းအားဖြင့် တော်လှန်ရေးရန်ပုံငွေထည့်ဝင်သလို ကံကောင်း ပါက အဖိုးတန်ဆုကြီးတွေပါ ဆွတ်ခူးရယူနိုင်မယ်လို့ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။ 

“ကံစမ်းမဲစတင်ရောင်းချတဲ့ဖွင့်ပွဲကို အွန်လိုင်းပေါ်မှာ ဒီလ ၂၇ ရက်နေ့ကစလုပ်ခဲ့ပြီး လာမယ့်ဒီဇင်ဘာလကုန်မှာ မဲတွေဖောက်ပေးမှာဖြစ်ပါတယ်ခင်ဗျ၊ ရည်ရွယ်ချက်က ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေ အရင်က ရန်ပုံငွေသက်သက်ပဲထည့်ဝင်ပြီး ဒီတခေါက်မှာတော့ ရန်ပုံငွေ လည်းထည့်၊ လူမှုကွန်ရက်မှာ အတော်ကြာပျောက်နေတဲ့ အနုပညာသည်တွေနဲ့လည်း ပြန်တွေ့ရ၊ ကံထူးလို့ ဆုကြီးတွေပါပေါက်ပြီး ပျော်ရွှင်ကြပါစေ ဆိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်တာပါ။ ထီတစ်စောင် ၁၉၉ ဘတ် (မြန်မာငွေ ၁ သောင်း) နဲ့ရောင်းပြီး ထိုင်းဘတ်ငွေ ၁ သန်းစာလောက်ရှိတဲ့ ဆုမဲတွေကို ပြန်ဖောက်ပေးမှာပါခင်ဗျ။”

အဆိုပါဆုထဲမှာ ပထမဆုအဖြစ် ဘတ် ၃ သိန်းကျော်တန်ဖိုးရှိ ဆိုင်ကယ် ၁ စီး၊ ဒုတိယဆု ယမဟာဆိုင်ကယ် ၁ စီး၊ တတိယဆု 128 G Samsung ဖုန်း ၁ လုံး၊ ရွှေ ၅ ကျပ်သားစီလေးတဲ့ ဆု ၁၂ ဆု၊ လက်တော့ပ်ကွန်ပျူတာနဲ့ အခြားပစ္စည်းတွေပါ ပါဝင်ကြောင်း၊ အနုပညာရှင်တွေဆီက  လက်ဆောင်တွေလည်း ရဦးမယ်လို့ ဆိုပါတယ်။ 

ကံစမ်းမဲတွေကို “တော်လှန်ကျန်းမာအနာဂတ်ကမ္ဘာ ထိုင်းရောက်တို့မြန်မာ”  နဲ့ အေအေစီရဲ့ လူမှုကွန်ရက်စာမျက်နှာ မက်ဆေ့ထဲမှာဝယ်နိုင်သလို ထိုင်းနိုင်ငံ ဘန်ကောက်၊ စမွတ်ဆာခွန်း၊ နခွန်းပထုန်၊ ချွန်းပူးရီး၊ မဲဆောက်၊ နွန်ထပူရီ၊ ဖူးကက်၊ ချွန်းဖောင်းအစရှတဲ့ မြို့နယ်ပေါင်း ၂၀ ကျော်က အလုပ်သမားကိုယ်စားလှယ်တွေဆီမှာလည်း ဝယ်ယူနိုင်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013