DVB Logo
Home
Lead Story
လူမှုရေးပြစ်ဒဏ်ခတ်ခြင်း၊ ရန် ငါ စည်းခြားပြတ်ခြင်းနဲ့ နွေဦးတော်လှန်ရေးအောင်လံ မြှင့်တင်ကြစို့
DVB
·
November 30, 2021
လူမှုရေးပြစ်ဒဏ်ခတ်ခြင်း၊ ရန် ငါ စည်းခြားပြတ်ခြင်းနဲ့ နွေဦးတော်လှန်ရေးအောင်လံ မြှင့်တင်ကြစို့
Donate to DVB

စစ်တပ် ကြီးစိုးထားတဲ့ တစ်ပါတီအာဏာရှင်စနစ်ဆန့်ကျင်‌ဖို့ ၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက်‌နေ့မှာ ကမ္ပည်းထိုးခဲ့တဲ့ ကမ္ဘာကျော် ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူတွေဟာ ၁ လကျော် ၂ လနီးပါး လမ်းမတွေပေါ်တက် ဆန္ဒပြခဲ့ကြတာကြောင့် အစိုးရ အုပ်ချုပ်ရေးယန္တရားကြီး ရပ်တန့်ခဲ့ရပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အမည်ခံ အာဏာရှင်အစိုးရကို ဖြုတ်ချနိုင်ခဲ့ပါတယ်။

မြန်မာ့ဒီမိုကရေစီ ခရီးကြမ်းရှည်ကြီးထဲက ထင်ရှားတဲ့သမိုင်းမှတ်တိုင်ဖြစ်တဲ့ ၈၈၈၈ အရေးတော်ပုံကြီးကနေ ကမ္ဘာကျော်ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် လူထု‌ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ကို ဖွားမြင်ခဲ့သလို လွတ်မြောက်နယ်မြေမှာ ABSDF လို့အမည်ရှိတဲ့ ကျောင်းသားတပ်မတော်လည်း ပေါ်ထွန်းခဲ့ကာ အဝေးရောက်တော်လှန်ရေးအင်အားစုတွေ အများအပြား‌ဟာ နိုင်ငံရပ်ခြားကို ရောက်ရှိလို့ တကွဲတပြား ဖြစ်ခဲ့ရပါတယ်။  အင်တာနက်နဲ့ ဆိုရှယ်မီ‌ဒီယာတွေ ကောင်းစွာမပေါ်ထွန်းသေးတာနဲ့ မိုဘိုင်းဖုန်းတွေ ကျယ်ကျယ်ပြန့်ပြန်မသုံးနိုင်ခဲ့တာကြောင့် လူထုဆက်သွယ်ရေးလမ်းကြောင်းတွေ မထိရောက်ခဲ့ရတာမို့ ပြည်သူတွေနဲ့ ချိတ်ဆက်နိုင်မှု အားနည်းပြီး ခါးပြတ်ခဲ့ကြရပါတယ်။

၁၉၉၀ ပြည့်နှစ်မှာတော့ နဂိုကတည်းက ပြည်သူအာဏာကို ပြည်သူ့ထံ ပြန်အပ်ဖို့ စိတ်ကူးမရှိတဲ့ စစ်အာဏာရှင်အခွင့်ခံတသိုက်ဟာ ပါတီစုံရွေးကောက်ပွဲကို အ‌ယောင်ပြ ကျင်းပခဲ့ပေမဲ့ တကယ်တမ်း ပြည်သူ့ပါတီ NLD က သောင်ပြိုကမ်းပြို တနိုင်ငံလုံးအတိုင်းအတာနဲ့ အနိုင်ရခဲ့တဲ့ အခါမှာတော့ ပေးထားတဲ့ကတိကို အရှက်မရှိ ဗြောင်ချိုးဖောက်ပြီး အာဏာလွှဲအပ်မပေးခဲ့တဲ့အပြင် ပြည်သူ့ကိုယ်စားလှယ် NLD အမတ်တွေကို မြေခွေးယုတ်က သိုးငယ်အပေါ် အပြစ်ရှာသလို အမှုဆင်ဖမ်းဆီး သတ်ဖြတ်ထောင်ချခဲ့ကြတာ ဖျက်လို့မရတဲ့ သမိုင်းဆိုး အမည်းကွက်ကြီးတကွက် ဖြစ်ခဲ့ပါတယ်။

အဲဒီလို အာဏာရှင်ဗိုလ်‌နေဝင်းရဲ့ သစ္စာခံစစ်တပ်က တကယ်မရည်ရွယ်ဘဲ စစ်အာဏာရှင်စနစ် မျက်နှာဖုံး‌ပြောင်းဖို့ ပါတီစုံပေးမယ်လို့ဆိုပြီး လှည့်ဖြားအာဏာသိမ်းယူခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်ထိ ရေတွက်ရင် ၄၄ ရက်တိုင်တိုင် မြို့နေ ကျေးလက် မြေပြန့်တောင်ပေါ်မကျန်ပြည်သူတွေ အသက်သွေးချွေး ဘဝပေါင်းများစွာ စတေးလို့ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးဟာ တစ်ပါတီ အာဏာရှင်အစိုးရကို ဖြုတ်ချနိုင်ခဲ့ပေမဲ့ နောက်ကွယ်က စစ်အာဏာရှင်စနစ် အဆိပ်ပင်ဆိုးကြီးကို အမြစ်မလှန်နိုင်ခဲ့ကြပါဘူး။

ဘာကြောင့် စစ်အာဏာရှင်စနစ် ပြန်လည်ရှင်သန်ခွင့်ရသွားတာလဲဆိုတဲ့ အကြောင်းအရင်းကို‌ လေ့လာလိုက်ရင် တွေ့ရတဲ့အချက်တွေထဲမှာ ငြင်းမရတဲ့ အချက်တချက်က ၁၉၈၈ စက်တင်ဘာလ လူသတ်အာဏာသိမ်းပွဲပြီးတဲ့နောက် ဝန်ထမ်းတွေ အလုပ်ပြန်ဆင်းပြီး စစ်အုပ်ချုပ်ရေး ယန္တရားကြီးကို အသက်ဝင်လာအောင် ပြန်လည်မောင်းနှင်ခဲ့ကြတာဟာ အချက်တချက် ဖြစ်ပါတယ်။

အသက် ၅၀ အထက်အရွယ်ရှိတဲ့ နိုင်ငံဝန်ထမ်းတွေဆို မှတ်မိကြမှာပါ။ ၈၈ အာဏာသိမ်း စစ်တပ်ဟာ လမ်းမပေါ်တက် ဆန္ဒပြတဲ့ ကျောင်းသားပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်နှိမ်နင်း၊ သပိတ်စခန်းတွေ ဖြိုခွင်းပြီးတဲ့အခါ ဝန်ထမ်းတွေကို အချက် ၃၃ ချက်ပါတဲ့ ခံဝန်ချက်လက်မှတ်ထိုး စေပြီး နှိပ်ကွပ် အနိုင်ကျင့် ဖြုတ်ထုတ်လုပ်ပြီး စစ်ယန္တရားကြီးကို မောင်းနှင်ခဲ့ကြပါတယ်။

နောက်တချက်က အခွင့်အရေး၊ လုပ်ပိုင်ခွင့် အချောင်ချမ်းသာခွင့်‌တွေနဲ့ သွေးဆောင် ဖြားယောင်းမှုဒဏ် မခံနိုင်ကြတဲ့ ခေတ်ပျက်သူဌေး လုပ်လိုတဲ့ ဝိသမလူစုတ်တွေဟာ စစ်ဗိုလ်တွေနဲ့ ပေါင်းစားခဲ့ကြပြီး ပြည်သူ့အရိုးပုံတွေပေါ်မှာ သူတို့ရဲ့ သံသရာ‌ကြွေးပါတဲ့ မိစ္ဆာဓနဥစ္စာအင်ပါယာတွေ တည်ခဲ့ကြပါတယ်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးတုန်းက CDM တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ မပေါ်ထွန်းခဲ့ပေမဲ့ အခုတခေါက် ၂၀၂၁ မြန်မာ့နွေဦးအရေးတော်ပုံကြီးမှာ စစ်ယန္တရားကို ပုံမှန်ပြန်မလည်ပတ်နိုင်အောင် CDM လို့ခေါ်တဲ့ ပြည်သူ့ဝန်ထမ်း အာဏာဖီဆန်ရေးလှုပ်ရှားမှုကြီး ပေါ်ပေါက်လာခြင်းနဲ့ ပြည်သူ့သားသမီး‌တွေနဲ့ ဖွဲ့စည်းထားတဲ့ PDF တပ်ဖွဲ့တွေ ပေါ်ထွန်းလာခြင်းဟာ စစ်အာဏာရှင် ရေသောက်မြစ်ကို ဖြတ်တောက်နေတဲ့ ပုဆိန်သွားကြီးတွေ ဖြစ်လာခဲ့ပါတယ်။

၂၀၂၁ မြန်မာ့နွေဦးအရေးတော်ပုံကြီးမှာ ၈၈ နဲ့ ကွာခြားချက်က ဥပဒေကြောင်းအရ တရားဝင်မှု (Legitimacy) ဖြစ်တာကို ကိုယ်စားပြုတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) လည်း ပေါ်ထွန်းခဲ့သလို နိုင်ငံတကာသံခင်းတမန်ခင်းနယ်ပယ်မှာ တရားဝင်အသိအမှတ်ပြုခံလာရတဲ့ ပြည်သူတင်မြှောက်တဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လည်း ပေါ်ထွန်းလာခဲ့ပါတယ်။

နောက်တခါ စစ်အာဏာလုယူပြီး ပစ်ခတ် သတ်ဖြတ်ဖမ်းဆီးနေတဲ့ကြားက ၁၀ လ ကြာမြင့်သည့်တိုင်အောင် အာဏာသိမ်းမှုကို လက်မခံကြဘဲ တရက်မှ မပျက်ကွက်ရဘဲ ဘူးသပိတ်၊ ပန်းသပိတ် စတဲ့ အာဏာဖီဆန် ဆန္ဒပြမှုအမျိုးမျိုးနဲ့ ဆန့်ကျင်ကြတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေရဲ့ အထွေထွေသပိတ် (General Strike) ဟာလည်း စစ်မိစ္ဆာ အာဏာရှင်စနစ်ရဲ့ ရေသောက်မြစ်တွေကို တူးထုတ်ဖြတ်တောက်နေကြတဲ့ ပြည်သူ့ဝရဇိန် ပုဆိန်သွားကြီး ဖြစ်ပါတယ်။

အဲဒါအပြင် ပြည်တွင်း ပြည်ပက မြန်မာနိုင်ငံသား‌တွေကနေ ဖက်ဆစ်စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် သွေးစွန်းငွေဖြတ်တောက်ရေး စီးပွားရေးဒဏ်ခတ်မှု၊ စစ်အာဏာရှင် အသိုင်းအဝိုင်းနဲ့ လက်ပါးစေနောက်လိုက်တွေ၊ စစ်ဗိုလ်စစ်သားတွေ ရဲသားတွေ၊ အာဏာသိမ်းဖို့ တွန်းအားပေးခဲ့ကြတဲ့ သီတဂူနဲ့ မဘသနောက်လိုက်တွေ၊ Non CDM ဝန်ထမ်းတွေကို လူမှုရေးဒဏ်ခတ်မှု (Social Punishment) တွေပြုလုပ်လာမှုဟာ စစ်အာဏာာရှင်စနစ်ကနေ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်မှာ ကမ္ဘာကြီးအတွက်ပါ သင်ရိုးသစ် ဖြစ်လာစေခဲ့ပါတယ်။

ဒီဆောင်းပါးမှာတော့ အထက်က ရေးပြခဲ့တဲ့ လူမှုရေးပြစ်ဒဏ်ခတ်မှုနဲ့ ပတ်သက်လို့ လူမိုက်ကို အားဆေးတိုက် အသက်ဆက်ရာရောက်နေတဲ့ မကောင်းဆိုးဝါး စစ်မိစ္ဆာအစိုးရအောက် အလုပ်လုပ်နေဆဲ စစ်‌ဗိုလ် စစ်သား၊ ရဲသား၊ ဝန်ထမ်းတိုင်း၊ မဘသအစွန်းရောက်တိုင်းကို အောက်ပါနည်းလမ်းတွေနဲ့ အပြစ်ပေးခြင်းနဲ့ Social Punishment နောက်တဆင့်တက်ကြဖို့ တိုက်တွန်းလိုပါတယ်။

၁) မိမိအသိုက်အဝန်း   ဖေ့စ်ဘွတ်ခ်မိတ်ဆွေစာရင်း၊ Viber Group, WhatsApp Group မှ ထုတ်ပယ်ပြီး unfriend လုပ်ပြီး သူတို့ရဲ့ရပ်တည်ချက်ကို လက်မခံ‌ကြောင်း ပြသခြင်း

၂) သာရေး နာရေး မပတ်သက်ခြင်း

၃) မလှူမတန်း အကူညီမပေးခြင်း

၄) မခေါ်မပြောခြင်း

၅) ဥပေက္ခာပြုခြင်း

ဘာကြောင့်လို့လဲဆိုတော့ ကမ္ဘာမှာ အကြမ်းကြုတ်အရက်စက်ဆုံး ခေတ်အဆက်ဆက် ကိုယ့်ပြည်သူကို အကြိမ်ကြိမ်သတ်ဖြတ် အကြမ်းဖက်အာဏာလုစစ်အစိုးရကို သစ္စာခံ အလုပ်အကျွေးပြုနေကြတဲ့ စစ်‌ဗိုလ်၊ စစ်သား၊ ရဲသား၊ Non CDM ဆိုတာ စားဝတ်နေရေးအတွက် ဖြစ်စေ၊ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ၊ ဖရဲသီးဖြစ်ဖြစ် အူနီသီးဖြစ်ဖြစ် စစ်အာဏာရှင် အဆိပ်ပင်ကြီး ပြန်လည်စိမ်းစိုရှင်သန်ပြီး လူ့အသိုက်အဝန်းကို အဆိပ်သင့်စေအောင် အထောက်အကူပြုနေတဲ့ အဆိပ်ပင်ရေသောက်မြစ်တွေအဖြစ် အလိုလိုဖြစ်နေရတာပါ။

ဒါကြောင့်မို့လို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က “ဝန်ထမ်းမို့လို့ နီးရာဓား ကြောက်‌နေရတယ်ဆိုရင် ... ဓား မရှိတဲ့ဘက်မှာ ရပ်တည်လိုက်ပါ” လို့ တိုက်တွန်းခဲ့တာ မဟုတ်လား။

မြန်မာပြည်သူတိုင်း ကိုယ့်သမိုင်းကို ကိုယ်လှအောင် လူတိုင်းမှာ ရွေးချယ်ခွင့်ရှိပါတယ်။ နည်းလမ်းတွေလည်း ရှိပါတယ်။ နောင်တချိန် မဝေးတော့တဲ့ အနာဂတ်မှာ စစ်ဖိနပ်အောက်က လွတ်မြောက်ပြီး သားစဉ်မြေးဆက် လွတ်လပ်ချမ်းသာစံစားရမယ့် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်‌‌ထောင်စု ဒီမိုကရေစီစနစ် တည်ဆောက်ရာမှာ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြတယ်၊ ရပ်တည်ခဲ့ကြသလဲဆိုတာ ကိုယ့်လိပ်ပြာကိုယ်လုံစွာ ရင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013