DVB Logo
Home
မြန်မာသတင်း
၆၂ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနား ကျင်းပ
DVB
·
January 15, 2014
၆၂ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနား ကျင်းပ
Donate to DVB

နှစ်စဉ် ဇန်န၀ါရီလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ ကယားပြည်နယ်နေ့ အခမ်းအနားကို ပြည်နယ်မြို့တော် လွိုင်ကော်မှာ ကျင်းပနေပါတယ်။

KayarDay62၆၂ နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲတွေကို ပြည်နယ် အားကစားကွင်းမှာ ဇန်န၀ါရီလ ၁၀ ရက်နေ့ကနေ ၁၈ ရက်နေ့ထိ ကျင်းပနေတာဖြစ်ပြီး လူထု စည်းဝေးပွဲကြီးကိုတော့ ဒီကနေ့မနက် ၉ နာရီမှာ ကျင်းပခဲ့ပါတယ်။

ပြည်နယ်နေ့ အခမ်းအနားကျင်းပနေတာနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရရုံးက တာဝန်ရှိသူ တဦးဖြစ်တဲ့ ဦးအောင်ဇော်မိုးက အခုလိုပြောပါတယ်။

“မနက် ၉ နာရီက လူထုအခမ်းအနားကို နှစ်စဉ် ကယားပြည်နယ်နေ့ လုပ်နေကျဖြစ်တဲ့ နေရာဖြစ်တဲ့ ရင်ပြင်မှာ လုပ်ပါတယ်။ လူထုတွေနဲ့ အဖွဲ့အစည်းအသီးသီးက တက်ရောက်ပါတယ်။ ၀န်ကြီးချုပ်က ပြည်သူလူထုကို ကယားပြည်နယ်မှာ လက်ရှိ လုပ်ဆောင်နေတဲ့ အခြေအနေတွေကို ပြောသွားပါတယ်။”

လူထုစည်းဝေးပွဲကြီးမှာ ပြည်နယ်ဝန်ကြီးချုပ် နဲ့ အတူ သဘာပတိအဖွဲ့ဝင် ၉ ဦး၊ စစ်တပ် နဲ့ ပြည်သူ့ရဲတပ်ဖွဲ့က အရာရှိအရာခံ တပ်သားတွေ၊ ဌာနဆိုင်ရာပေါင်းစုံ၊ နိုင်ငံရေးပါတီက ကိုယ်စားလှယ်၊ ကယားပြည်နယ်က သက်ဆိုင်ရာတိုင်းရင်းသားမျိုးနွယ်စုတွေ၊ လူထုလူတန်းစား အဖွဲ့အစည်းတွေနဲ့ လူပေါင်း ၁၀၀၀ ကျော် တက်ရောက်လာခဲ့ပါတယ်။

ကယားပြည်နယ်နေ့ အခမ်းအနားကျင်းပတာနဲ့ ပတ်သက်ပြီး ကယန်းပြည်သစ်ပါတီရဲ့ ပြောခွင့်ရ ဗိုလ်မှူး စောလွင်က အခုလိုပြောပါတယ်။

“ကယားပြည်နယ်နေ့ ကျင်းပလာတာ ၆၂ နှစ်မြောက်ဖြစ်ပေမယ့်လည်း ကယားပြည်နယ် အပါအ၀င် တနိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားတွေအားလုံးကတော့ တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ကို ဒီနေ့အထိမရသေးပါဘူး။ ဒါကြောင့်မို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီးတော့ တန်းတူတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဒီမိုကရေစီစနစ်ကို အစစ်အမှန်ကျင့်သုံးတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ပြီးမှသာလျှင် ကယားပြည်နယ်နေ့ကို နိုင်ငံရေး အနှစ်သာရရှိရှိ ကျင်းပနိုင်မှာ ဖြစ်ပါတယ်။”

ကယားပြည်နယ်နေ့ဟာ လွန်ခဲ့တဲ့ ၁၉၅၂ ခုနှစ် ပါလီမန်အစိုးရလက်ထက်က ကရင်နီပြည်ဆိုတဲ့ အမည်ကနေ ကယားပြည်နယ်အဖြစ်ကို ပြောင်းလဲခေါ်ဝေါ်လိုက်တဲ့ ဇန်န၀ါရီလ ၁၅ ရက်နေ့ကို အစွဲပြုပြီး ပြည်နယ်နေ့အဖြစ် သတ်မှတ် ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

ကယားပြည်နယ်ဟာ မြန်မာနိုင်ငံလွတ်လပ်ရေးမရခင်က ကရင်နီပြည်အဖြစ် သီးခြားရှိခဲ့ပြီး ၁၉၄၈ ခုနှစ် နောက်ပိုင်း ကရင်နီပြည်ရဲ့ ခေါင်းဆောင်တချို့က ကရင်နီပြည်ရဲ့ ကံကြမ္မာ ပိုမိုကောင်းမွန်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကရင်နီပြည်ကို မြန်မာနိုင်ငံနဲ့ ပူးပေါင်းခဲ့ကြပါတယ်။

ကရင်နီပြည်ဆိုတဲ့ အမည်ဟာလည်း ကယားပြည်နယ်အဖြစ် တိုင်းပြုပြည်ပြုလွှတ်တော်ကနေ ပြောင်းလဲခဲ့ကြောင်း၊ တချိန်တည်းမှာပဲ သီးခြားကရင်နီပြည်အဖြစ် ဆက်လက်ရပ်တည်လိုတဲ့ အဖွဲ့ပါ ကျန်ရှိနေခဲ့ကြောင်း ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ ဒုဥက္ကဋ္ဌ ခူဦးရယ်က ပြောပါတယ်။

ဆက်လက်ပြီး ခူဦးရယ်က ကယားပြည်နယ်နေ့နဲ့ ပတ်သက်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီရဲ့ သဘောထားရပ်တည်ချက်ကို ခုလိုပြောပြပါတယ်။

“ကျနော်တို့ ကရင်နီပြည်ရဲ့ တလျှောက်လုံး ရပ်တည်လာတဲ့ ရပ်တည်ချက်ကတော့ ကျနော်တို့ကတော့ ကိုယ့်ရဲ့တည်ရှိတဲ့ သမိုင်းကြောင်းကို ဆက်လက် ထိန်းသိမ်းကာကွယ် သင့်တယ်ဆိုတဲ့ ရပ်တည်ချက်ကနေ တော်လှန်တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းဆိုတော့ ဒီနာမည် နာမ ပြောင်းလဲပြီး အထိမ်းအမှတ်ကို ပြုလုပ်တဲ့ ဒီနေ့ပွဲကိုတော့ ကျနော်တို့ တရားဝင်သဘောအရ အသိအမှတ်ပြုတာတော့ မရှိဘူးခင်ဗျ။”

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) ဟာ စစ်အစိုးရကို နှစ်ပေါင်းများစွာ လက်နက်ကိုင်တိုက်ပွဲဝင်လာခဲ့ပြီး ၂၀၁၂ ခုနှစ်က အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ ပဏာမ အပစ်ခတ်ရပ် သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013