DVB Logo
Home
Lead Story
၁၉၂၀ မြန်မာရီနေဆန်ခေတ်
DVB
·
November 28, 2021
၁၉၂၀ မြန်မာရီနေဆန်ခေတ်
Donate to DVB

မနှစ်က ဒီလိုရက်တွေမှာ အမျိုးသားအောင်ပွဲနေ့၊ ရန်ကုန်တက္ကသိုလ်ရာပြည့်၊ ရုပ်ရှင်ရာပြည့် ပွဲတော်တွေကို ခမ်းခမ်းနားနား ကျင်းပသင့်တာပါ။ လွန်ခဲ့တဲ့နှစ်တစ်ရာကာလ ၁၉၂၀ ခုနှစ်ဝန်းကျင်ဟာ မြန်မာရီနေဆန်ခေတ်လို့ ပြောရလောက်အောင်ကို နိုင်ငံရေးနိုးကြားလှုပ်ရှားမှု၊ အတွေးအခေါ်ဆန်းသစ်မှု၊ တက္ကသိုလ်ဥပဒေကြမ်းပြင်ဆင်ရေး တောင်းဆိုမှု၊ နိုင်ငံတဝန်း အမျိုးသားပညာရေးကျောင်းတွေ အစီအရီ ပေါ်ထွန်းလာမှု စတာတွေ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ဖြစ်ခဲ့တာ။

၂၀၂၀ မှာ ဒီပွဲတော်တွေ ကျင်းပဖို့ ကိုဗစ်ကြောင့် နိုင်ငံရေးခပ်လှုပ်လှုပ်ကြောင့် NLD အစိုးရပိုင်းက သိပ်များများစားစား လုပ်နိုင်ခဲ့ပုံမရဘူး။ ဒီနှစ်တော့ အရာအားလုံး ရေစုန်မြောပေါ့..။

နိုင်ငံတနိုင်ငံဟာ အဲဒီလို ဘက်စုံနိုးကြားလှုပ်ရှားနေတဲ့ ရွှေခေတ်တခေတ်ရောက်ဖို့ ရှေ့မှာ အမှောင်ခေတ်တွေ ဖြတ်သန်းရတတ်သလား မဆိုတတ်ဘူး။ ဥရောပမှာလည်း ခေတ်သစ်အတွေးအခေါ်တွေနဲ့ သိပ္ပံထွန်းကားခဲ့တဲ့ ရီနေဆန်ခေတ်မတိုင်မီမှာ ကြောက်မက်ဖွယ် ခေတ်ဆိုးကြီးတွေ ကြုံခဲ့ရတယ်။

မြန်မာမှာလည်း ၁၉၂၀ မတိုင်မီ ဟိုဘက် ၁၉ ရာစုနှောင်းပိုင်း ပဒေသရာဇ်ခေတ်နေဝင်ချိန်နဲ့ ကိုလိုနီခေတ်ဦးတွေဟာ မြန်မာတွေအတွက် တကယ့် အမှောင်ခေတ်တွေပါပဲ။

ပဒေသရာဇ်ခေတ်တွေမှာ နန်းတွင်းအာဏာက သားအဖ၊ ညီအစ်ကို မောင်နှမတွေကြားထဲပဲ ရှိလေတော့ နောက်ဆုံးမင်းဆက် သီပေါခေတ်မှာ ညီအစ်ကို မောင်နှမတွေကို အတော့်ကို သတ်ပစ်ကြတာ။ သူတို့နဲ့ အဆက်အနွှယ်တွေ၊ ပတ်သက်နေတဲ့အုပ်စုတွေ အများစုက အောက်ပြည်အောက်ရွာကို တိမ်းရှောင်ကြတယ်။ ၁၈၅၃ ကတည်းက အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်က သိမ်းပိုက်ထားပြီးမို့ မီးရထားလမ်း၊ ကားလမ်း၊ မီးသင်္ဘော၊ ဆန်စက်၊ ဆီစက်၊ သစ်စက် လုပ်ငန်းတွေက ကုန်သွယ်ရေးအကြံအစည်တွေအတွက် အရှိန်ရနေပြီ။ အထက်အညာ မိသားစုတွေဟာ လုံခြုံရေးနဲ့ စားဝတ်နေရေးအတွက် အောက်ဘက်ကို လှိုင်းလုံးသဖွယ် ရွှေ့ပြောင်းလာတယ်။

ပါတော်မူသွားကတည်းက အင်္ဂလိပ်ကို ဒေသပေါင်းစုံမှာ ထကြွတော်လှန်ခဲ့ကြတာက သရက်က ဗိုလ်ဆွဲ၊ မင်းလှနယ် ဗိုလ်ကျား၊ နတ်မောက်ဗိုလ်မင်းရောင်၊ မင်းဘူး ဗိုလ်ဥတ္တမ၊ မြင်းခြံဗိုလ်ချို၊ ပုပ္ပါးဗိုလ်နက်ကျော်၊ ရွှေဘို ထိပ်တင်မှတ်၊ ဝန်သိုစော်ဘွား ဦးအောင်မြတ်၊ မာရ်အောင် ဗိုလ်သိန်း၊ ရမ်းဗြဲဗိုလ်ကျန် စတဲ့ မျိုးချစ်သူရဲကောင်းတွေပါ။ ဒါပေမဲ့ သူတို့ရဲ့ တော်လှန်မှုတွေက ဆယ်နှစ်လောက်ပဲ ကြာခဲ့တယ်။ တကယ့်ခေတ်မီနိုင်ငံရေးက ၁၉၂၀ ဝန်းကျင်မှ စတယ်လို့ ဦးသိန်းဖေမြင့်၊ ဆရာဗန်းမော်တင်အောင် အပါအဝင် နောက်ပိုင်း နိုင်ငံရေးသမားတွေ ပညာရှင်တွေက သုံးသပ်ပါတယ်။

အဲဒီအမြင်ကျယ်နိုးကြားမှု ကာလရောက်ဖို့ ရှေ့မှာ ဘာသာရေးအသင်းအဖွဲ့တွေ ဘာသာရေးကျောင်းတွေနဲ့ အစပျိုးခဲ့ရတာတွေ ရှိပါတယ်။ ကံကောင်းတာတခုက ဝိတိုရိယဘုရင်မက ဗြိတိသျှအင်ပါယာအတွင်း မိမိယုံကြည်ရာဘာသာ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတယ်လို့ ၁၈၅၈ ကတည်းက ကြေညာချက်ရှိနေလို့၊ ဘာသာရေးအသင်းအဖွဲ့ပေါင်းစုံ ထူထောင်လာကြပြီး၊ ၁၉၀၆ မှာ ရန်ကုန်ကောလိပ်ကျောင်းသားတစုက ‘ဝိုင်အမ်စီအေ’ အသင်းပုံစံမျိုး ‘ဝိုင်အမ်ဘီအေ’ ကို စထောင်တယ်။ အသင်းခွဲတွေ တနိုင်ငံလုံးအနှံ့ရှိလာပြီး ၁၉၁၁ မှာ ‘ဝိုင်အမ်ဘီအေ’ အသင်းချုပ်ညီလာခံ ကျင်းပခဲ့တယ်။ ၁၉၁၈ မှာ ဝိုင်အမ်ဘီအေက  ဘာသာရေး၊ ပညာရေးလောက်တင်မကဘဲ နိုင်ငံအုပ်ချုပ်ရေး ပြုပြင်ပေးဖို့ထိ အရေးဆိုခဲ့တယ်။ မြန်မာနိုင်ငံကို အိန္ဒိယမှ ခွဲထုတ်ပေးဖို့၊ Dominion Home Rule အဆင့်ပေးဖို့တွေ တောင်းဆိုလာတယ်။

၁၉၁၈ မှာ ဆရာတော်ဦးဥတ္တမ မြန်မာပြည် ပြန်ကြွလာပြီး အင်္ဂလိပ်အစိုးရဆန့်ကျင်ရေး ရဲရဲတောက် တရားတွေ ဟောတယ်။ အစပိုင်း ဖမ်းမှာကြောက်လို့ နားထောင်သူ ၁၀ ဦးလောက်သာ ရှိပေမဲ့၊ နောက်ပိုင်း မြို့ရွာအနှံ့က ပင့်ဖိတ်လာတယ်။ နောက် ဂျပန်က ရုရှားကို စစ်နိုင်လိုက်တာရယ်၊ ပထမကမ္ဘာစစ်ရယ်၊ ရုရှားတော်လှန်ရေး တို့ရယ်ကြောင့် မြန်မာလူထုတွေမှာ အသိအမြင်တိုးတက် နိုးကြားနေတယ်။ ၁၉၂၀ မြန်မာနိုင်ငံမှာ နိုင်ငံရေးတောင်းဆိုမှု၊ ပညာရေးတောင်းဆိုမှု၊ ဝံသာနုတရားစောင့်ထိန်းမှု အသင်းအဖွဲ့တွေ  ခြေချင်းလိမ်အောင်ပါပဲ။

၁၉၂၀ ဒီဇင်ဘာ ၁ ရက်မှာ ရန်ကုန်တက္ကသိုလ်ဆိုပြီး ပေါ်ပေါက်လာတယ်။ တက္ကသိုလ်ဥပဒေကို ဇွန်လကတည်းက ကန့်ကွတ်မှုတွေ ရှိခဲ့ပြီး၊ ကျောင်းသားတွေတင်မကဘဲ ကန့်ကွတ်တဲ့အဖွဲ့တွေ စုံသလို၊ တောင်းဆိုမှုတွေကလည်း စိတ်ဝင်စားဖို့ ကောင်းတယ်။ ဒီဇင်ဘာ ၅ ရက်နေ့မှာ သပိတ် စတင်ခဲ့တယ်။ အဲဒီနောက်မှာ နိုင်ငံအနှံ့ အမျိုးသားကျောင်း ၁၀၀ နီးပါး  ပေါ်ထွက်လာခဲ့တယ်။ ကနေ့ မြန်မာပြည် ပညာရေး ဘာဖြစ်သင့်တယ်ဆိုတာ ပထမကျောင်းသားသပိတ် တောင်းဆိုချက်တွေ ပြန်ကြည့်ရင် အတွေးချဲ့နိုင်စရာတွေ အများကြီးပါပဲ။  

အဲတော့  နိုင်ငံရေးနဲ့ ပညာရေးမှာတင် တိုးတက်နိုးကြားနေကြတာ  မဟုတ်ဘူး။ မြန်မာစာပေဟာ အတော့်ကို ထူးခြားတဲ့ကာလပါ။ ၁၉၂၀ မှာ ထွက်နေတဲ့ မဂ္ဂဇင်းတွေကိုကြည့်ရင် ရတနာပုံမဂ္ဂဇိန်၊ မြန်မာ့အလင်း၊  တက္ကသိုလ်မဂ္ဂဇင်း၊ သိပ္ပံဘဏ်တိုက်ကြီး၊ စီပီမဂ္ဂဇင်း၊ ပညာ့အလင်း၊ သူရိယ၊ လောကဓာတ်အလင်း၊  လောကသာရ၊ မြန်မာ့ကြေးမုံ၊ ဒဂုန်၊  ရွှေလမင်း၊  ဗြဟ္မစိုရ်ပညာတော်ဆက် စတာတွေ။ ၁၉၂၀ ဝန်းကျင်မှာ သခင်ကိုယ်တော်မှိုင်း၊  လယ်တီပဏ္ဍိတဦးမောင်ကြီး၊ ပီမိုးနင်း၊ ရွှေဥဒေါင်း၊ ဦးဖိုးကျား၊ မှော်ပီဆရာသိန်း တို့ရဲ့ စာအုပ်တွေက လူအများကြား ရေပန်းစားနေတယ်။ ၁၉၁၀ မှာ ဂျေအက်စ် ဖာနီဗယ်၊ ဂျေအေ စတီးဝပ်၊ ဂျီအိပ်ချ် လုစ်၊ ဦးဖေမောင်တင် တို့ တည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံသုတေသနအသင်းက ၁၉၂၀ မှာ စာပေဆု ၆ ဆုကို  ချီးမြှင့်နေပြီ။

ရုပ်ရှင်ဘက်မှာ အင်္ဂလန်ကိုသွားရောက် အရေးဆိုခဲ့တဲ့ ဘေ၊ ပု၊ ရှိန် သုံးဦးထဲက ဦးထွန်းရှိန်ရဲ့ ဈာပနမှတ်တမ်းက မြန်မာ့ပထမဆုံးရုပ်ရှင်ပါ။ ၁၉၂၀ မှာတော့ ရုပ်ရှင်ဖခင်ကြီး ဒါရိုက်တာဦးအုန်း‌‌မောင်ရဲ့  ‘မေတ္တာနဲ့သူရာ’ အသံတိတ်ရုပ်ရှင်ကား အင်္ဂလိပ်-မြန်မာ စာတန်းထိုးကား ထွက်လာတယ်။

အဲတော့ ၁၉၂၀  ဝန်းကျင်ကာလဟာ ကိုလိုနီလက်အောက် မြန်မာတွေရဲ့ ရွှေခေတ်တခေတ်ပါ။ မြန်မာတွေဟာ အမှောင်ခေတ်ဆိုးတွေအောက်မှာ အညံ့မခံဘဲ အမြဲရုန်းကန်လှုပ်ရှားမှုတွေ  ရှိနေပါတယ်။

အဲဒီမျိုးဆက်တွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေက သူ့နောက် လွတ်လပ်ရေးကြိုးပမ်းတဲ့ မျိုးဆက်တွေအပေါ် ဘက်ပေါင်းစုံ လမ်းပြပေးနိုင်ခဲ့ပါတယ်။ တကယ်ဆိုရင် ဒီနှစ် ၁၀၁ နှစ်ပြည့်မှာလည်း  အဲဒီရှေးလူကြီးတွေကို အသေအချာ ဂုဏ်ပြုသင့်တာပါ။

ဒီနှစ် ၂၀၂၁ စစ်အာဏာရှင်စနစ်ရဲ့ အနိုင်ကျင့်ဖိနှိပ် အကြမ်းဖက်မှုတွေအောက်ကနေ ပြည်သူတဦးချင်းဘဝ လွတ်မြောက်ရေးကြိုးပမ်းမှု၊ နွေဦးတော်လှန်ရေးကလည်း မကြာခင်နှစ်တွေမှာ မြန်မာရီနေဆန်ခေတ်သစ်ကြီး တခုကို ရောက်လာရမှာ မလွဲပါပဲ။

ဒါထက် တော်လှန်ရေးမှာ ပေးဆပ်ခဲ့ကြသူတွေကို မျိုးဆက်တိုင်းက အမှတ်ရနေမယ်၊ ဒီတော်လှန်ရေးဟာ နိုင်ငံအတွက် မျိုးဆက်များအတွက် ပြဋ္ဌာန်းချက်ဖြစ်နေပါလိမ့်မယ်။ 

ရဲမြင့်ကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013