DVB Logo
Home
မြန်မာသတင်း
မြန်မာ့လယ်ယာထွက်ကုန်တင်ပို့မှု နှစ်လအတွင်း ကန်ဒေါ်လာ ၂၃ သန်းကျော်ဖိုး လျော့ကျ
DVB
·
November 28, 2021
မြန်မာ့လယ်ယာထွက်ကုန်တင်ပို့မှု နှစ်လအတွင်း ကန်ဒေါ်လာ ၂၃ သန်းကျော်ဖိုး လျော့ကျ
Donate to DVB

ကိုဗစ်ကပ်ရောဂါထိန်းချုပ်ဖို့အတွက် နိုင်ငံတိုင်းက ကန့်သတ်ချက်တွေချမှတ်ထားတဲ့ကြားမှာ မြန်မာ့လယ်ယာထွက်ကုန် တင်ပို့မှုဟာ ၂ နှစ်ဆက်တိုက် ဆက်လက် တိုးတက်နေခဲ့ပေမဲ့ ဒီနှစ်မှာတော့ စတင်လျော့ကျလာပါတယ်။

မြန်မာနိုင်ငံရဲ့ ပို့ကုန်ကဏ္ဍမှာ လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့မှုက ၂၀ ရာခိုင်နှုန်းကျော် ၃၀ ရာခိုင်နှုန်း ၀န်းကျင်ရှိပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုးကြောင့် ကုန်သွယ်ရေး ကန့်သတ်ချက်တွေ စတင် ချမှတ်လာတဲ့ ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်မှာ လယ်ယာထွက်ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ ၃.၇၂၅ ဘီလီယံကျော်ရှိခဲ့ပြီး ၂၀၁၈−၂၀၁၉ ဘဏ္ဍာနှစ်ထက် ၁၄ ရာခိုင်နှုန်းတင်ပို့မှု မြင့်တက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့  ၂၀၂၀−၂၁ ဘဏ္ဍာနှစ်မှာလည်း အမေရိကန်ဒေါ်လာ ၄.၆၂၂ ဘီလီယံကျော် တင်ပို့နိုင်ခဲ့ပြီး  ၂၄ ရာခိုင်နှုန်း တင်ပို့မှုမြင့်တက်ခဲ့ပါတယ်။

စစ်ကောင်စီက ဘဏ္ဍာနှစ်သတ်မှတ်ချက် ပြန်ပြင်ထားတဲ့ အခု ၂၀၂၁−၂၀၂၂ ဘဏ္ဍာနှစ် (နှစ်၀က်ဘတ်ဂျတ်) နှစ်လနီးပါး ကာလအတွင်းမှာ မြန်မာလယ်ယာထွက်ကုန်တွေကို  ပြည်ပကိုတင်ပို့မှုက တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄၈၅ သန်းကျော်သာ ရှိပါတယ်။ 

ပြီးခဲ့တဲ့နှစ် အရပ်သားအစိုးရလက်ထက် အလားတူကာလမှာတော့ ကန်ဒေါ်လာသန်း ၅၀၈ သန်းကျော်ထိ တင်ပို့ခဲ့တာဖြစ်လို့  အရင်နှစ်တင်ပို့မှုနဲ့ယှဥ်ရင် အခုနှစ်မှာ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၂၃ သန်းကျော် လျော့ကျခဲ့တာပါ။

ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအတွက် တရုတ်နိုင်ငံဘက်က နှစ်နိုင်ငံနယ်စပ်ဂိတ်တွေကို ပိတ်ထားခဲ့တာကြောင့် အခုနှစ်မှာ နယ်စပ်ပို့ကုန်တန်ဖိုး ကျဆင်းလာတာလို့ ကုန်သည် လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လယ်ယာထွက်ကုန်တွေကို တရုတ်−မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ အဓိက တင်ပို့နေတာပါ။ တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို ပိတ်ထားတဲ့အတွက် လယ်ယာထွက်ကုန်အချို့ ဈေးကွက်ပျောက်သွားပြီး၊ ကုန်သည်လုပ်ငန်းရှင်တွေသာမက တောင်သူတွေလည်း အခက်ကြုံနေရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့မှာတော့ တရုတ်နိုင်ငံဘက်က လအတန်ကြာပိတ်ထားခဲ့တဲ့ နယ်စပ်ကုန်သွယ်မှုကို  ကွန်တိန်နာလဲလှယ်တဲ့ စနစ်သစ်နဲ့ ကျင်စန်းကျော့ ကန်သွယ်ရေးဂိတ်ကနေ  ပြန်လည်စမ်းသပ်ဖွင့်လှစ်လိုက်ပါတယ်။

ဒါပေမဲ့ ကုန်ပစ္စည်းတင်ပို့၊ တင်သွင်းခွင့်ကို ကနဦးအနေနဲ့နှစ်ဘက် ကွန်တိန်နာ ၅ လုံးစီခန့်သာ ကန့်သတ် ခွင့်ပြုထားလို့ ကုန်သွယ်ရေးတိုးမြှင့်ခွင့်ပြုပေးမဲ့အချိန်ကို ကုန်သည်တွေက မျော်လင့် စောင့်ဆိုင်းနေကြရပါတယ်။

မူဆယ်အခြေစိုက်ကုန်သည်ကြီးတစ်ဦးက “ပုံမှန်ကုန်သွယ်ရေးကို ပြန်ရောက်ဖို့က နှစ်ကုန်ထိ မျှော်လင့်လို့ မရနိုင်သေးဘူး။ သိတဲ့အတိုင်းပဲ ပိုးအသစ်ဆိုတာ ထပ်၀င်လာရင် တရုတ်က ပိုကြောက်တော့ ချက်ချင်းထပိတ်နိုင်တယ်။ ဒါကြောင့် အများကြီးမျှော်လင့်လို့ မရသေးဘူး” လို့ ပြောပါတယ်။

မြန်မာ့လယ်ယာထွက်ကုန်ကဏ္ဍမှာ ဆန်နဲ့ဆန်ကွဲ၊ ပဲအမျိုးမျိုး ၊ ပြောင်း၊ နှမ်း၊ သစ်သီး၀လံတွေကို အဓိကတင်ပို့နေပြီး သကြား၊ ကြက်သွန်၊ ကော်ဖီ၊ လက်ဖက်၊ ဟင်းသီးဟင်းရွက်တွေနဲ့ အခြား စိုက်ပျိုးရေး ထွက်ကုန်တွေကိုလည်း တင်ပို့နေပါတယ်။

အဓိကလယ်ယာပို့ကုန်တွေဖြစ်တဲ့ ဆန်၊ ပဲအမျိုးမျိုးနဲ့ ပြောင်းတင်ပို့မှုမှာ လတ်တလော အားကောင်းနေပေမဲ့ သစ်သီး၀လံ ၊ကြက်သွန် နဲ့ တစ်ခြားစိုက်ပျိုးရေး ထွက်ကုန်တွေတင်ပို့မှုကတော့ အားနည်းနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013