DVB Logo
Home
မြန်မာသတင်း
ဆောမြို့နယ်အတွင်း စစ်ရှောင်နေအိမ်များကို စစ်တပ်ကဖျက်ဆီးပြီး အဖိုးတန်ပစ္စည်းများ ခိုးယူ
DVB
·
November 28, 2021
ဆောမြို့နယ်အတွင်း စစ်ရှောင်နေအိမ်များကို စစ်တပ်ကဖျက်ဆီးပြီး အဖိုးတန်ပစ္စည်းများ ခိုးယူ
1 / 9
Donate to DVB

မကွေးတိုင်း၊ ဆောမြို့နယ်၊ အောက်ခက်မွန်ကျေးရွာကို စစ်ကောင်စီတပ်တွေက နိုဝင်ဘာ ၂၃ ရက်နေ့က စတင်ဝင်ရောက်ပြီး ကျေးရွာအတွင်းက ဒေသခံပြည်သူတွေရဲ့နေအိမ်တွေကို ဖျက်ဆီးသွားပြီး အဖိုးတန်ပစ္စည်းတွေကို ခိုးယူနေကြတယ်လို့ သိရပါတယ်။

ဒေသခံကျေးရွာသားတဦးက ''ရွာခံတွေက ထွက်ပြေးနေကြရတာကြာပြီ။ ရွာကိုတော့ မကြာမကြာပြန်ပြန်ကြည့်ကြတာပေါ့။ ၂၃ ရက်နေ့ အကြမ်းဖက်စစ်တပ်ကကောင်တွေ ရွာထဲဝင်လာပြီး ရွာသား ၁ ယောက်ကိုဖမ်းပြီး ကြိုးတုပ်ထားတယ်။ နောက်ပြီး အိမ်တွေကိုဖျက်တယ်။ ပစ္စည်းတွေလည်း ဖျက်တယ်။ မီးရှို့တယ်။ ရွှေထည်နဲ့တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကို ခိုးယူသွားကြတယ်” လို့ ပြောပါတယ်။

အိမ်ခြေ ၂၀၀ ကျော်ရှိသာရှိတဲ့ အောက်လက်မွန်ကျေးရွာက  ဒေသခံတွေရဲ့ နေအိမ်အားလုံးနီးပါးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖျက်ဆီးခဲ့တာကြောင့် တန်ဖိုးငွေကျပ်သိန်း ၅၀၀ ကျော်ခန့် ပျက်ဆီးဆုံးရှုံးသွားခဲ့ရတယ်လို့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

''စစ်တပ်က ယောနယ်မှာထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့ ယောဒေသမှာရှိတဲ့ကျေးရွာတွေက ပြည်သူပိုင်ပစ္စည်းတွေကိုလည်း အဓိကထားဖျက်ဆီးနေကြလို့ အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် စစ်ဘေးရှောင် ၂၀၀၀ ကျော်လောက် နေရပ်ကိုမပြန်ရဲသေးဘူး'' လို့ စစ်ဘေးရှောင်ဒေသခံတဦးက ပြောဆိုပါတယ်။

အောက်လက်မွန်ကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်းက ကျောင်းဆောင်တွေထဲကို ဇွတ်အတင်းဝင်ရောက်ပြီး ကျောင်းအတွင်းကပစ္စည်းတွေကို ဖျက်ဆီးသွားသေးတယ်လို့ ဆရာတော်တပါးက မိန့်ကြားပါတယ်။

ဆောမြို့နယ်၊ အောက်ခက်မွန်ကျေးရွာမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နိုဝင်ဘာ ၂၇ ရက်နေ့၊ မနက် ၁၀ နာရီဝန်းကျင်မှာတော့ ပြည်သူတွေရဲ့ တန်ဖိုးကြီးပစ္စည်းတွေကို ကားတွေနဲ့တင်ဆောင်ပြီး ပြန်သွားကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မကွေးတိုင်းအတွင်းက ထီးလင်း-ကျောက်ထုနယ်စပ် ထီးလင်း- ကျောက်ထုနယ်စပ်လမ်းပိုင်း၊ ကျောက်ထု-ဆာကြားလမ်းပိုင်းရဲ့ နေရာတချို့မှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပေါ်နိုင်လို့ ပြည်သူတွေအနေနဲ့ သေရေးရှင်ရေးကိစ္စတွေကလွဲပြီး လမ်းပေါ်မထွက်ကြဖို့ ကျောက်ထု-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Kyaukhtu PDF) က အသိပေးထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။

ကျောက်ထု၊ ထီးလင်း၊ ဂန့်ဂေါ၊ ကလေး၊ ပေါက်၊ ယောနဲ့ ဆောမြို့နယ်တွေမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်တွေအထိနာပြီး သေဆုံးထိခိုက်ပျက်စီးမှုတွေများပြားနေသလို စစ်ကောင်စီဘက်ကလည်း စစ်ကောင်စီတပ်သားအင်အားတွေ တိုးမြှင့်ချထားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013