DVB Logo
Home
မြန်မာသတင်း
ဘားအံဆွေးနွေးပွဲရက် ရွှေ့ဆိုင်း
DVB
·
January 15, 2014
ဘားအံဆွေးနွေးပွဲရက် ရွှေ့ဆိုင်း
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီတို့ရဲ့ ကရင်ပြည်နယ် ဘားအံမြို့ ဆွေးနွေးပွဲကို ဖေဖော်ဝါရီမှာ တွေ့ဆုံဖို့ ရွှေ့ဆိုင်းလိုက်ပါတယ်။

NCCTအစောပိုင်းက ဇန်န၀ါရီလ ၂၄ ရက်ကနေ ၂၆ ရက်နေ့အထိ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီက တာဝန်ရှိသူတွေနဲ့ ကရင်ပြည်နယ် ဘာအံမြို့မှာ တွေ့ဆုံဖို့ စီစဉ်ထားတာကို အခု ရက်ရွှေ့လိုက်တာဖြစ်ပါတယ်။

ရက်ရွှေ့ရတဲ့အကြောင်းရင်းနဲ့ ပတ်သက်ပြီး တနိုင်ငံလုံး အပစ်ခတ်ရပ်ရေး ဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ရဲ့ ဒု-ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းက အခုလိုပြောပါတယ်။

“ကျနော်တို့ တိုင်းရင်းသားဘက်ကလည်း အချိန်နည်းနည်းညှိနှိုင်းရမယ့် အချက်အလက်တွေ ရှိနေတဲ့အပေါ်မှာ ကျနော်တို့ဘက်က ရက်ရွှေ့ဖို့ တောင်းဆိုတော့ အစိုးရ ဘက်ကလည်း သဘောတူပါတယ်။ လာမယ့် ဘားအံပွဲမှာ ရလဒ်ကောင်းတွေ ထွက်စေချင်တဲ့သဘောနဲ့ ကျနော်တို့ဘက် ပြင်ဆင်မှုတွေကို လုံလုံလောက်လောက် ရဖို့အတွက်ပါ။”

ဒါ့အပြင် ဘားအံမြို့တွေ့ဆုံဆွေးနွေးပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားဖို့လည်း အစီစဉ်ရှိတယ်လို့ ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ဒီဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးဖို့ မဟုတ်ဘဲ လေ့လာစောင့်ကြည့်သူအနေနဲ့ တက်ရောက်နိုင်အောင် ဖိတ်ကြားဖို့ တိုင်းရင်းသားတွေက ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။

ဇန်န၀ါရီလ ၂၀ ကနေ ၂၂ အထိ ကရင်ပြည်နယ် ဘားအံခရိုင် ကေအန်ယူ ထိန်းချုပ်ရာနယ်မြေ လော်ဃီးလာ (ခေါ်) လေးဝါးမှာ ဒုတိယအကြိမ်မြောက် တိုင်းရင်းသား ညီလာခံ ကျင်းပမယ့်ပွဲကိုတော့ ရက်ရွှေ့ဆိုင်းခြင်း မရှိပါဘူး။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးခဲ့ ရင် နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက်ဆွေးနွေးနိုင်ဖို့အတွက် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင် အလုပ်ရုံဆွေးနွေးပွဲကို ဇန်န၀ါရီလ ၉ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် ၂၀ ကျော် တက်ရောက် နေပြီး အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား လုပ်ဆောင်နေတဲ့ တနိုင်ငံလုံး အတိုင်း အတာ ပစ်ခတ်ရပ်စဲနိုင်ရေး မူဝါဒါတွေကို ပြန်လည် သုံးသပ်ဆွေးနွေးခဲ့သလို အပစ်ခတ်ရပ်ဆိုင်း ပြီးရင်လည်း နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအတွက် မူပေါင်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ကေအန်ယူ/ ကေအန်အယ်လ်အေ (ငြိမ်းချမ်းရေးကောင်စီ) က နိုင်ငံခြားရေးတာဝန်ခံ ဗိုလ်မှူးချုပ် ဒေါက်တာသီမိုသီက ပြောပါတယ်။

“ကျနော်တို့ ဆွေးနွေးတာတွေက ငြိမ်းချမ်းရေးကနေတဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ဘယ်လို လုပ်မလဲ။ တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲရေးကို ပြင်ဆင်သလို ကျနော်တို့က နှစ်ဖက်လုံး စဉ်းစားတယ်။ အကောင်းဆုံးအဖြေရအောင် လုပ်နေတယ်။ တပြိုင်တည်းမှာပဲ နိုင်ငံရေး ဆွေးနွေးပွဲ အတွက် ပြင်ဆင်နေတယ်။”

ဒီအလုပ်ရုံဆွေးနွေးပွဲကို တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) က ဦးဆောင်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တာပါ။

ဒီအလုပ်ရုံဆွေးနွေးပွဲအတွင်း တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာက တတ်သိပညာရှင်တချို့ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး တခြားနိုင်က အတွေ့အကြုံတွေကိုလည်း လေ့လာခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013