DVB Logo
Home
မြန်မာသတင်း
ရှမ်းတပ်က တနိုင်ငံလုံး အပစ်ရပ်ရေးဆိုင်ရာ သဘောထား ထုတ်ပြန်
DVB
·
January 15, 2014
ရှမ်းတပ်က တနိုင်ငံလုံး အပစ်ရပ်ရေးဆိုင်ရာ သဘောထား ထုတ်ပြန်
Donate to DVB

အစိုးရနဲ့ အပစ်အခတ် ရပ်ထားတဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းက တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးဆိုင်ရာကိစ္စနဲ့ ပတ်သက်ပြီး သူတို့ရဲ့ သဘောထားရပ်တည်ချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။
ရှမ်းပြည်တပ်မတော် တောင်ပိုင်းရဲ့ နိုင်ငံရေးအဖွဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီက ဌာနချုပ် လွိုင်တိုင်းလျဲန်းမှာ ကျင်းပခဲ့တဲ့ နှစ်ပတ်လည်ညီလာခံကနေ တပြည်လုံး အပစ်ရပ်ရေးနဲ့ ပတ်သက်လို့ သဘောထား ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

SSARCSSအဲဒီသဘောထားတွေကို အဖွဲ့ရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလက ဒီဗွီဘီကို ခုလိုပြောပြပါတယ်။
“တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးကိစ္စမှာ အပစ်ခတ်ရပ်ရေးကိစ္စကို အရင် ဖော်ဆောင်ဖို့ လိုတယ်၊ အပစ်ခတ်ရပ်ဆိုင်ရာ သဘောတူညီချက်တွေကလည်း အရင်က ကျနော်တို့ ရရှိထားတဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူချက်တွေကို ပြန်လည် အတည်ပြုပေးဖို့၊ နောက်ပြီး ကျနော်တို့ အခြေခံထားတဲ့ မူပေါ့နော်။ တန်းတူရေ၊ ပြည်ထောင်စုစစ်စစ်မူ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ပြီးတော့ ဒီမိုကရေစီစတဲ့အချက်တွေကို အခြေခံပြီး အပစ်အခတ် ရပ်စဲရေး ပြုလုပ်လိုတယ်ဆိုတဲ့ အကြောင်းပေါ့နော်။”

ဒါအပြင် အပစ်ခတ်ရပ်စဲရေးကို အမှန်တကယ် ပြုလုပ်ဖို့ လိုအပ်ကြောင်း၊ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ပူးတွဲကော်မတီတွေ ဖွဲ့စည်းဖို့၊ ၂ ဘက်တပ်တွေ လိုက်နာရမယ့် တပ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေ ရေးဆွဲ အတည်ပြုဖို့၊ နိုင်ငံတကာ အသိသက်သေတွေ ရှေ့မှောက်မှာ လက်မှတ်ရေးထိုးဖို့၊ ပါဝင်သက်ဆိုင်သူတွေ အားလုံးနဲ့ လက်မှတ်ရေးထိုးဖို့ သဘောထား ရှိတယ်လို့ ဆိုပါတယ်။

ဇန်န၀ါရီ ၉ ရက်ကနေ ၁၃ ရက်နေ့ထိ ကျင်းပသွားတဲ့ ၁၄ ကြိမ်မြောက် ညီလာခံမှာ ၁ နှစ်တာ လုပ်ငန်းဆောင်တာတွေလည်း ပြန်လည်သုံးသပ်ခဲ့ပါတယ်။
လာမယ့် ဖေဖော်ဝါရီ ၇ ရက်နေ့ ကျရောက်မယ့် ၆၇ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ ပွဲတော်ကို ဌာနချုပ်လွိုင်တိုင်းလျဲန်းမှာ ကျင်းပမှာ ဖြစ်ပြီး ပွဲတော်မတိုင်ခင်နဲ့ ပွဲတော်ရက် နောက်ပိုင်းကာလတွေမှာ ရှမ်းပြည် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းနဲ့ ပတ်သက်တဲ့ ရှင်းလင်းပွဲ၊ အာရ်စီအက်စ်အက်စ်ရဲ့ ၄ နှစ် ၁ ကြိမ် ပြုလုပ်နေကျ ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ပွဲတွေကိုပါ လူထုကိုယ်စားလှယ်တွေနဲ့အတူ ကျင်းပသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီသဘောထားရပ်တည်ချက်တွေကို မြန်မာငြိမ်းချမ်းရေးစင်တာကို ပေးပို့ခဲ့သလို တိုင်းရင်းသား လက်နက်ကိုင်တွေ စုဖွဲ့ထားတဲ့ တနိုင်ငံလုံးဆိုင်ရာအပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) နဲ့လည်း လာမယ့် ဇန်န၀ါရီ ၂၀ ရက်နေ့လောက်မှာ ထပ်မံတွေ့ဆုံညှိနှိုင်းကြမယ်လို့ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။

အန်စီစီတီအဖွဲ့ကို လိုင်ဇာမှာ ကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ညီလာခံကနေ တပြည်လုံး အပစ်ရပ်ရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖော်ဆောင်ဖို့ တာဝန်အပ်နှင်းခဲ့တာပါ။
အဲဒီနောက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေဟာ အစိုးရနဲ့ ဆွေးနွေးပြီး နှစ်ဘက် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲကြဖို့နဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ အမြန်ကျင်းပကြဖို့ သဘောတူခဲ့ကြပါတယ်။ ဒီလုပ်ငန်းဆောင်တာ နှစ်ခုကို ဘယ်နည်းဘယ်ပုံ ဆောင်ရွက်မယ်ဆိုတာ ညှိနေကြဆဲပါ။

ရှမ်းပြည်တပ်မတော် မြောက်ပိုင်း၊ (ရှမ်းပြည်တိုးတက်ရေးပါတီ) ဘက်ကလည်း တနိုင်ငံလုံး အပစ်အခတ်ရပ် လက်မှတ်ရေးထိုးမယ့်ကိစ္စကို မကြာခင်က ကျင်းပခဲ့တဲ့ ဗဟိုကော်မတီ နှစ်ချုပ်အစည်းအဝေးမှာ ဆွေးနွေးကြပါတယ်။

နှစ်ချုပ်အစည်းအဝေး ထုတ်ပြန်ချက်ထဲမှာ နိုင်ငံရေးပြဿနာ ဖြစ်စေတဲ့ အကြောင်းရင်း အခြေခံကို မဖြေရှင်းနိုင်ရင် စစ်မှန်တဲ့ရလဒ်၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတဲ့ အကျိုးတရားကို ရရှိနိုင်မှာ မဟုတ်ကြောင်း၊ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ် လက်မှတ်မရေးထိုးခင် တိကျခိုင်မာတဲ့ နိုင်ငံရေးအာမခံချက်တစုံတရာရှိဖို့ လိုအပ်ကြောင်း ထည့်သွင်းထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013