DVB Logo
Home
မြန်မာသတင်း
မတူပီမြို့နယ်၌ CDF တပ်က ခရိုင်ထွေအုပ်ရုံးကို ပစ်ခတ်၊ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး
DVB
·
November 27, 2021
မတူပီမြို့နယ်၌ CDF တပ်က ခရိုင်ထွေအုပ်ရုံးကို ပစ်ခတ်၊ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး
Donate to DVB

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီ-ဟားခါးလမ်းပေါ်ရှိ ခရိုင်ထွေအုပ်ရုံးမှာ နေရာချထားတဲ့ စစ်ကောင်စီတပ်သားတွေကို မတူပီ CDF တပ်ဖွဲ့က နိုဝင်ဘာ ၂၆ ရက် မနက်ပိုင်းက ဝင်ရောက်ပစ်ခတ်တာကြောင့် စစ်သား ၂ ယောက်သေဆုံးပြီး ၁ ယောက် ဒဏ်ရာရသွားတယ်လို့ မတူပီ CDF တာဝန်ရှိသူက ပြောပါတယ်။ 

CDF ဘက်ကလည်း တယောက် ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီဘက်က စက်သေနတ်တွေ၊ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။

ချင်းပြည်နယ်မှာ ပြည်သူတွေကို အနိုင်ကျင့်တာ၊ ခြိမ်းခြောက်တာ၊ နေအိမ်တွေကိုမီးရှို့တာတွေအတွက် လက်တုံ့ပြန်တာလို့ မတူပီ CDF တာဝန်ရှိသူ တယောက်က ဒီဗွီဘီကို ပြောပါတယ်။

"ဒီနေ့ (နိုဝင်ဘာ ၂၆) မနက်တိုက်ပွဲမှာ စစ်တပ်ဘက်က နှစ်ယောက်သေသွားတယ်။ တယောက်ဒဏ်ရာရသွားတယ်။ မတူပီ၊ ဟားခါးလမ်းက မတူပီတပ်ရင်း ၂ ကို နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းမှာ လက်နက်ကြီးတွေနဲ့ ၅ ချက်လောက်စပစ်ခဲ့တယ်။ မနေ့ည ၉ နာရီလောက်က ၂ ချက်ထပ်ပစ်တယ်။ ဒီနေ့မနက် ၆ နာရီ ကျနော်တို့ မတူပီ CDF က သူတို့ကင်းချထားတဲ့ မတူပီ ခရိုင်အုပ်ချုပ်ရေးရုံးမှာကင်းချထားတာကို သွားတိုက်တယ်။ စစ်တပ်ဘက်က စက်သေနတ်တွေနဲ့ ခံပစ်တယ်။ သူတို့ဘက်က အင်အား ၂၀ ကျော်နဲ့ စက်သေနတ်တွေရှိတယ်။ ကျနော်တို့ ဘက်က လက်နက်ကြီးအစမှန်တဲ့ မစိုးရိမ်ရဒဏ်ရာတယောက်ရှိတယ်။ ကျနော်တို့က ခြုံခိုတိုက်ခိုက်တယ်။ သူတို့ဘက်ကတော့ ကျနော်တို့ရှိမယ်ထင်တဲ့နေရာကို လက်နက်ကြီးနဲ့ရမ်းပစ်တယ်။" 

မတူပီမြို့နယ်မှာ နိုဝင်ဘာ ၂၅ ရက် နေ့လယ်ကလည်း  မတူပီ-CDF နဲ့ CNA တပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ကောင်စီရဲ့ ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ တပ်သား ၂ ယောက်သေဆုံးပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရသွားတယ်လို့ မတူပီ CDF တပ်ဖွဲ့က နေ သိရပါတယ်။

မတူပီ-ပလက်ဝ လမ်းပေါ်မှာ အခြေစိုက်ထားတဲ့ ခမရ- ၃၀၄ တပ်ရင်း ကင်းစခန်းကို မတူပီ CDF နဲ့ CNA တပ်ဖွဲ့တို့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ မတူပီ CDF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ထန်တလန်မြို့မှာ နို၀င်ဘာ ၂၄ ရက် မွန်းလွဲ ၂နာရီလောက်က စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ်တွေထပ်မံမီးလောင်သွားပြီး  ဇွန်မွှန်ရပ်ကွက်ကThantlang Centenary Baptist Church (TCBC) ခရစ်ယာန်ဘုရားကျောင်းအပါအ၀င် အိမ် ၄၉ လုံး ပြာကျသွားတယ်လို့ ဒေသခံ CDF တွေဆီက စုံစမ်းသိရှိရပါတယ်။

ထန်တလန်မြို့မှာစက်တင်ဘာ ၉ ရက်ကစပြီး လက်ရှိအချိန်အထိ မီးရှို့ခံရမှု ၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ခရစ်ယာန်ဘုရားကျောင်း ၃ ကျောင်းအပါအ၀င် နေအိမ် ၂၅၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ တာဖြစ်ပါတယ်။

ထန်တလန်မြို့ခံတွေဟာ မြို့လုံးကျွတ်ထွက်ပြေးတိမ်းရှောင်ရတာဖြစ်ပြီး စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ လူမျိုးတုံးသတ်ဖြစ်လိုမှု၊ ဘာသာရေး၊ လူမျိုးရေး အဆုံးစွန်စော်ကားမှုတွေ ဖြစ်တယ်လို့ ချင်းနှစ်ခြင်းခရစ်ယာဉ်အဖွဲ့ချုပ်ဥက္ကဋ္ဌ   သိက္ခာတော်ရဒန်းနစ်ငွန်ထောင်းမန်က ပြောပါတယ်။

စစ်ကောင်စီသတင်းစာတွေမှာတော့  နိုဝင်ဘာ ၂၄ ရက်နေ့က  ထန်တလန်မြို့၊ အမှတ်(၂) ရပ်ကွက်မှာ သွပ်မိုး၊ ပျဉ်ကာ လူနေအိမ် ၃၀ လုံး၊ ၆ ခန်းတွဲ ဈေးဆိုင်ခန် ၁ လုံးနဲ့ ဘုရားရှိခိုးကျောင်း ၁ ကျောင်း(စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၇၀၀ ကျော်ခန့်) ပျက်စီးဆုံးရှုံးခဲ့ကြောင်းနဲ့ PDF တွေက မီးရှို့တာလို့ စွပ်စွဲထုတ်ပြန်ထားပါတယ်။ 

ချင်းပြည်နယ်ထဲမှာ အောက်တိုဘာလအတွင်းက တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာလဆန်းမှာ တိုက်ပွဲတွေပြန်လည်လျော့နည်းခဲ့ပါတယ်။

နိုဝင်ဘာလကုန်ပိုင်းမှာတော့ တိုက်ပွဲတွေတကြော့ပြန် ပြန်ဖြစ်ပွားလာပြီး ပြည်နယ်တွင်း မြို့နယ် ၉ ခုထဲက ၈ ခုမှာ တိုက်ပွဲပြန်ဖြစ်လာတယ်လို့ ချင်းအမျိုးသားတပ်ဦးတာဝန်ရှိသူ ဆလိုင်းထက်နီက အတည်ပြုပါတယ်။

စစ်ကောင်စီတပ်တွေဟာ  ချင်းပြည်နယ်မြောက်ပိုင်းဟားခါးနဲ့ တောင်ပိုင်း မင်းတပ်- မတူပီလမ်းပိုင်းကို ဗျူဟာ ၂ ခုခွဲပြီးထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013