DVB Logo
Home
မြန်မာသတင်း
အာနန္ဒာဘုရားပွဲ လူထောင်ချီ ပါဝင်ဆင်နွှဲ
DVB
·
January 15, 2014
အာနန္ဒာဘုရားပွဲ လူထောင်ချီ ပါဝင်ဆင်နွှဲ
Donate to DVB

မန္တလေးတိုင်း ပုဂံမြို့မှာ နှစ်ပေါင်း ၇၅၀ နီပါး ကျင်းပလာတဲ့ အာနန္ဒာ ဘုရားပွဲကို ပြာသို လဆန်း ၈ရက် မှ ပြာသိုလကွယ်နေ့ထိ ကျင်းပနေပြီး ပုဂံအပါအ၀င် ရွာနီးချုပ်စပ်က ဒေသခံတွေ ထောင်ချီ ပါဝင် ဆင်နွှဲကြပါတယ်။

အာနန္ဒာ စေတီအနီးက အရိပ်ကောင်းတဲ့ သစ်ပင်၊ စေတီတွေမှာ နွားလှည်းတွေနဲ့ ရွာနီး ချုပ်စပ်က ထောင်နဲ့ချီတဲ့ ရွာသူ/ရွာသားတွေက ၄၊ ၅ ရက် စတည်းချ နေထိုင်ပြီး ဘုရားပွဲကို ပျော်ရွှင်စွာ ဆင်နွှဲကြတာပါ။

ArNandarဒါ့အပြင် အနယ်နယ်အရပ်ရပ်က လာရောက်ရောင်းချတဲ့ ၁၂ ရာသီ ဈေးတန်းမှာလည်း ဆိုင်ခန်းပေါင်း ၂၀၀၀ ရှိပြီး ဗေဒင်လဏ္ခာဟောတာတွေအပါအ၀င် အိုးပုတ် ချိုးရုပ် စဥ့်ထည်ပစ္စည်းတွေကအစ ရောင်းချနေပါတယ်။

ပြာသိုလပြည့်နေ့မှာတော့ ရိုးရာအစဉ်အလာကြီးမားတဲ့ ဆွမ်းသပိတ်လုံး လောင်းလှူပွဲကို ကျင်းပကြပါတယ်။ ဆွမ်းသပိတ်လုံးထဲမှာ မွေးတိုင်၊ ဖယောင်း တိုင် ပဲ၊ နှမ်း စတဲ့ ခြံထွက် လှူဖွယ် ပစ္စည်းနဲ့ ဒီနှစ်မှာ သံဃာတော် အပါး ၉၈၀ ကို ဆွမ်းသပိတ်လုံးလောင်းလှူကြပါတယ်။ ဆွမ်းလာလောင်းနေတဲ့ ရွာသူတဦးက ဆွမ်းလောင်းလှူတာနဲ့ ပတ်သက်ပြီး တော့ အခုလို ရှင်းပြပါတယ်။

“ပြာသိုလပြည့်နေ့ကျတော့ ဆွမ်းဆန်စိမ်း၊ ဆွမ်းဆန်လည်း လုပ်လို့ရတယ်၊ ပဲဆွမ်းလည်း လုပ်လို့ရတယ်။ အလှူငွေတွေကတော့ ကိုယ်တက်နိုင်သလောက် ရတယ်။ အဲကျမှ အဒေါ်တို့က ဒီသပိတ်ကို ချကပ်တယ်။ ဘုရားကို ကပ်ပြီးရင် ဂေါပကလူကြီးတွေက သံဃာတော်တွေကို တခါ တည်း တပါးကို ၅ လုံးကျရရင် ၅ လုံး ပင့်သံဃာမရှိတဲ့ ကိုယ်တော် လာကြွလို့ရတယ်။ သပိတ်လုံးတွေကို ဂေါပကအဖွဲ့က စစ်ယူပြီး တပါး ၅ လုံးဆို ၅ လုံး၊ ၃ လုံးဆို ၃ လုံး ကပ်ပြီးတော့ ရေစက်ချပြီး ဒါနပြုတာပေါ့။”

တချို့က ဘုရားကို သပိတ်အပြည့် ဆွမ်းဟင်းကပ်လှူပါတယ်။ ဒီနောက် နီးစပ်ရာ သံဃာတော်တွေကို ဆွမ်းဟင်းကပ်လှူပြီး ရွှေသပိတ်သွပ်အလှူကို ပြုကြသလို လပြည့်ကျော် သပိတ်ချပြီးမှပဲ ပြန်ကြတာပါ။

အာနန္ဒာဘုရားဂေါပကအဖွဲ့ ဒုဥက္ကဋ္ဌ ဦးအောင်သန်းက ပြာသိုလပြည့်နေ့ ဆွမ်းသပိတ်လောင်း လှူပွဲဟာ မြန်မာနို်င်ငံမှာတော့ အထင်ရှား အကြီးကျယ်ဆုံးဖြစ်သလို နွားလှည်းတွေနဲ့ လာရောက်ဆင်နွှဲကြတယ်လို့ ပြောပါတယ်။

နယ်ကလာရောက်တဲ့ဘုရားဖူးတွေ အဆင်ပြေစေဖို့လည်း ဂေါပကအဖွဲ့က ရေနဲ့ လျှပ်စစ်မီးကိုလည်း ရရှိအောင် စီစဉ်ပေးထားပါတယ်။

အာနန္ဒာ ဘုရားဟာ ပုဂံမြို့ ဟောင်း သရပါတံခါးရဲ့ အရှေ့ တောင်ဘက်မှာ တည်ရှိပြီး ခရစ်နှစ် ၁၀၉၀ ခုနှစ် ကျန်စစ်သားမင်းကြီးက တည်ထားကိုးကွယ်ခဲ့ပါတယ်။

အာနန္ဒစေတီကို ဂူပုထိုး (Temple) ပုံစံတည်ဆောက်ထားတာဖြစ်ပြီး အလျား ၁၆၈ ပေမြင့်ပြီး အနံတဖက်လျှင် ၂၈၉ ပေ ရှိပါတယ်။

ညောင်ဦးမြို့နယ် ညောင်ပင်ကံအုပ်စု ရွာသာကြီးကျေးရွာက ရွာသားကတော့ ငယ်စဉ်ကတည်းက မိခင်ဖခင်နဲ့အတူ ဒီပွဲကို လာခဲ့တဲ့အတွက် မလာရရင် မနေနိုင်ဖြစ်မိတယ်လို့ ပြောပါတယ်။
ဒီအချိန်ဟာ ရွာသူရွာသားတွေအတွက် အလုပ်နည်းနေတဲ့ အချိန်ဖြစ်သလို အနီးနားက ဘုရားတွေကိုလည်း ဘုရားဖူးတဲ့အနေနဲ့ သွားရောက်ကြပါတယ်။

ရုပ်ရှင်တွေ ဗွီဒီယိုတွေ ရှားပါးတဲ့ အရင်အချိန်က ဒီပွဲမှာ ရုပ်ရှင် ဗွီဒီယို ကြည့်ရ တာ အမှတ်တရတခုဖြစ်ပေမယ့် အခုတော့ ဒါတွေ မရှိတော့ဘူးလို့ ရွာသားတဦးက ပြောပါတယ်။

ဒါပေမယ့်လည်း အရင်တချိန်ကစပြီး အခုချိန်ထိ ဘုရားပွဲကို လာရင် တနှစ်ပတ်လုံး အန္တရာယ်ကင်းသလို စိုက်ပျိုးသီးနှံတွေ အောင်မြင်စေတယ်ဆိုတဲ့ အယူအဆကတော့ အခုချိန်ထိ ရှင်သန်နေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013