DVB Logo
Home
မြန်မာသတင်း
ဘဏ်များထားရှိရမည့် အနည်းဆုံးသီးသန့်ငွေပမာဏနှင့်ပတ်သက်၍ စစ်ကောင်စီဗဟိုဘဏ် ပြင်ဆင် သတ်မှတ်
DVB
·
November 26, 2021
ဘဏ်များထားရှိရမည့် အနည်းဆုံးသီးသန့်ငွေပမာဏနှင့်ပတ်သက်၍ စစ်ကောင်စီဗဟိုဘဏ် ပြင်ဆင် သတ်မှတ်
Donate to DVB

မြန်မာပြည်တွင်း ပုဂ္ဂလိက ဘဏ်တွေအနေနဲ့ မြန်မာကျပ်ငွေနဲ့ ထားရှိရမယ့် အနည်းဆုံး သီးသန့်ငွေသား လိုအပ်ချက် အချိုးကို ထပ်မံပြင်ဆင်သတ်မှတ် ဖြေလျှော့ပေးထားတဲ့အကြောင်း စစ်ကောင်စီ ဗဟိုဘဏ်က နိုဝင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

ဘဏ်တွေရဲ့ ငွေကြေးစီမံခန့်ခွဲမှု ပိုမိုကောင်းမွန်စေဖို့နဲ့ ဘဏ်စနစ်အတွင်း ငွေကြေးလုံလောက်မှုကို ပိုမို အထောက်အကူဖြစ်စေဖို့ မြန်မာကျပ်ငွေနဲ့ထားရှိရမယ့်  အနည်းဆုံး သီးသန့်ငွေလိုအပ်ချက် အချိုးကို ဘဏ်တွေရဲ့ စာရင်းရှင်အပ်ငွေအပြင် ဘဏ်တွေလက်ဝယ်ရှိငွေသားကို ထည့်သွင်း တွက်ချက်ဖို့  ဗဟိုဘဏ်က ပြင်ဆင်သတ်မှတ်လိုက်တာပါ။

ဗဟိုဘဏ်ထုတ်ပြန်ချက်အရ မြန်မာကျပ်ငွေနဲ့ ထားရှိရမယ့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုး ၃ ရာခိုင်နှုန်းရဲ့  ၇၅ ရာခိုင်နှုန်း (၂ ဒသမ ၂၅ ရာခိုင်နှုန်း) ကို ဘဏ်တွေရဲ့ စာရင်းရှင်အပ်ငွေနဲ့ ထားရှိဖို့နဲ့  အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုး ၃ ရာခိုင်နှုန်းရဲ့  ၂၅ ရာခိုင်နှုန်း (၀ ဒသမ ၇၅ ရာခိုင်နှုန်း) ကို  ဘဏ်တွေ လက်ဝယ်ရှိ ငွေသားနဲ့ ထားရှိဖို့ ပြင်ဆင်သတ်မှတ်ထားပါတယ်။

စစ်ကောင်စီဗဟိုဘဏ် ညွှန်ကြားချက်အပေါ် ငွေကြေးဆိုင်ရာလေ့လာသုံးသပ်သူတဦးက “ဘဏ်တွေက လက်ဝယ်ငွေသားထားရှိမှုနဲ့ပတ်သတ်ပြီးတော့ ဗဟိုဘဏ်မှာ သူတို့ deposit တင်ရတယ်နော်။ အရင်ကတော့ ၅ ရာခိုင်နှုန်းထားရတယ်။ အဲဒီကနေ ၃ ဒသမ ၅ ရာခိုင်နှုန်းအထိ လျှော့ချပေးခဲ့တယ်။ အဲ့ဒိကတဆင့် ၃ ရာခိုင်နှုန်းအထိ ထပ်မံဖြေလျှော့ခဲ့တယ်။ အခုနောက်ဆုံးညွှန်ကြားချက်က ၃ ရာခိုင်နှုန်းရဲ့ သုည ဒသမ ၇၅ ရာခိုင်နှုန်းအထိ ဖြေလျှော့ပေး လိုက်တယ်။ ဆိုတဲ့သဘောက ဗဟိုဘဏ်က ငါတို့ဆီမှာ ၃ ရာခိုင်နှုန်းစလုံး လာမထားကြနဲ့တော့။ ၃ ရာခိုင်နှုန်းရဲ့  ၀ ဒသမ ၇၅ ရာခိုင်နှုန်းသာ လာထားတော့။ ကျန်ရှိတဲ့ ၂ ဒသမ ၂၅ ရာခိုင်နှုန်းကိုတော့ မင်းတို့ဘဏ်ဆီမှာပဲ ထားတော့ဆိုတဲ့သဘောပေါ့။ ဘာလို့လဲဆို ပိုက်ဆံလိုလို့ရှိရင် ဘဏ်တွေက ဗဟိုဘဏ်ဆီ လာတောင်းကြလို့လေ။ ဒါကြောင့် အဲ့လိုပုံစံမျိုးပြောင်းလိုက်တာပါ” လို့ပြောပါတယ်။

ဒါပေမဲ့ လက်ရှိအခြေအနေမှာတော့ ပြည်တွင်းဘဏ်တွေမှာ အပ်နှံထားရှိတဲ့ ငွေစာရင်းပိုင်ရှင်တွေဟာ မိမိပိုင်ငွေကြေးကို လွယ်လင့်တကူထုတ်ယူနိုင်မှုမရှိအောင် ဘဏ်တွေဟာ စစ်ကောင်စီလက်အောင်ခံ ဗဟိုဘဏ်နဲ့ပေါင်းပြီး စီမံနေတာပါ။

ဒါနဲ့ပတ်သတ်ပြီးလည်း ငွေကြေးဆိုင်ရာလေ့လာသုံးသပ်သူတဦးက “ဥပမာ-ဘီလီယံ ၁၀၀ ပိုင်တယ်ထားပါတော့။ ပိုင်တဲ့သူတွေအကုန်လုံးက အဲ့ဒိ ၁၀၀ စလုံးကို အိမ်မှာ ငွေသား အနေနဲ့ထားကြတာ မဟုတ်ဘူး။ အလွန်ဆုံးထားရင် ၁၀ ဘီလီယံအောက်ပဲထားကြတာ။ နိုင်ငံတကာမှာ ဒီလိုပဲ သုံးနေကြတာ။ အခုမြန်မာပြည်မှာ ဘာပဲလုပ်လုပ် ငွေသားနဲ့ပဲ ငွေသားနဲ့ပဲဆိုပြီး ဖြစ်နေကြတာ။ ဒါကြောင့် လူတွေက လက်ထဲမှာ ငွေသားကိုပဲ ထားချင်ကြတော့တယ်လေ။ အတိုးမရရင်လည်း နေပါစေဆိုပြီးတော့နော်။ ပြီးတော့ အဓိက ပြဿနာက ဘဏ်တွေအပေါ် ယုံကြည်မှု မရှိတော့တာ။ အဲ့လို ယုံကြည်မှုပျောက်နေသရွေ့ အပြင်မှာ ၅ ရာခိုင်နှုန်း၊ ၆ ရာခိုင်နှုန်းနဲ့ ရာခိုင်နှုန်းတခုပေးပြီး ထုတ်နေရတဲ့ ဒီစနစ်ဆိုးကြီးက ရှိနေဦးမယ်။ ဒါမျိုးလုပ်လို့ရတော့ ဘယ်နိုင်ငံမျှ မခံနိုင်ဘူးနော်။ ဒါကို ပြန်လုပ်ဖို့ကလည်း အချိန်တော်တော်ပြန်ယူရလိမ့်မယ်” လို့ ဆိုပါတယ်။

ဘဏ်ဟာ ထိန်းသိမ်းမှုကာလနောက်ဆုံးရက်မှာ ပျမ်းမျှစာရင်းရှင်အပ်ငွေအရလည်းကောင်း၊ ပျမ်းမျှလက်ဝယ်ရှိငွေသား အရလည်းကောင်း သတ်မှတ်ရာခိုင်နှုန်း ပြည့်မီမှုမရှိပါက အဆိုပါဘဏ်ကို အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်လိုက်နာမှုမရှိတဲ့ ဘဏ်အဖြစ်သတ်မှတ်ပြီး  ဒဏ်ငွေရိုက်ဖို့  စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က သတ်မှတ်ထားပါတယ်။

အခုထုတ်ပြန်ထားတဲ့ အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်တွက်ချက်မှုပုံစံသစ်ကို ၂၀၂၁ ခု  ဒီဇင်ဘာ ၈ ရက်ကနေ ၂၀၂၂ ခု ဇန်နဝါရီ ၄ ရက်အထိ စတင်ဆောင်ရွက်မှာဖြစ်ပြီး  ၆ လ ယာယီအသုံးပြုဖို့  ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013