DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် ရဲတပ်ဖွဲ့ တိုက်ခိုက်ခံရ၊ ရဲ ၁ ဦး ပျောက်ဆုံး
DVB
·
January 15, 2014
မောင်တောတွင် ရဲတပ်ဖွဲ့ တိုက်ခိုက်ခံရ၊ ရဲ ၁ ဦး ပျောက်ဆုံး
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ထဲရှိ ဒုချီးရတန်း အလယ်ရွာမှာ ကင်းလှည့်နေတဲ့ ရဲတွေကို ဘင်္ဂါလီရွာသားအုပ်စုက ၀ိုင်းဝန်းရိုက်နှက်ခဲ့တဲ့အတွက် ရဲတပ်ကြပ်ကြီးတဦး လက်နက်နဲ့အတူ ပျောက်ဆုံးနေတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Maung Tawဇန်န၀ါရီ ၁၃ ရက်ညပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ပျောက်ဆုံးနေတဲ့ ရဲတပ်ကြပ်ကြီးနဲ့ သူ့လက်နက်ကို ရှာဖွေနေတုန်းလို့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောခွင့်ရ ဦးဝင်းမြိုင်က ပြောပါတယ်။

“ခရေမြိုင်ရဲဂိတ်ရယ်၊ မောရ၀တီ ရဲဂိတ်ရယ် နောက် အဲဒီက ယာယီနယ်မြေခံ တပ်ဖွဲ့တွေနဲ့ ရဲအင်အား ပေါင်းပြီး ရှာဖွေနေတုန်းပါပဲ။ တရားခံရော၊ ပျောက်သွားတဲ့သူကော ရှာဖွေနေတုန်း ပါပဲ။”

ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း အပါအ၀င် ရဲတပ်သား ၃ ဦးနဲ့ ရပ်ရွာအုပ်ချုပ်ရေးမှူး ၁ ဦးတို့ ပါဝင်တဲ့ ၅ ဦးအဖွဲ့ဟာ မောင်တောမြို့နဲ့ ၆ မိုင်လောက်အကွာမှာ တည်ရှိတဲ့ ဒုချီးရတန်းရွာကို လုံခြုံရေး ကင်းလှည့်ဖို့အသွား ဒေသခံရွာသားတွေက ၀ိုင်းဝန်းရန်မူ တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

အခင်းဖြစ်ပွားပြီးတဲ့နောက် အခင်းဖြစ်ရွာကို ရောက်ရှိခဲ့တဲ့ မောင်တောမြို့ခံ ဦးလှမြင့်က အခင်း ဖြစ်ပွားခဲ့ပုံကို အခုလို ပြောပါတယ်။

“ဒုချီးရတန်း အလယ်ရွာမှာ ကင်းလှည့်ကြတာပေါ့။ ကင်းလှည့်တဲ့အချိန်မှာ သူတို့က ဓားပြလာ တိုက်တယ် ပြောပြီး ရဲတွေနောက် လိုက်လာတယ်။ ရဲတွေက မဟုတ်ဘူး။ ငါရဲပဲ ကင်းလှည့်တာ ယူနီဖောင်းလည်းပါတယ် ပြောတာ မရဘူး။ သူတို့က ၀ိုင်းလိုက်တယ်။ ၀ိုင်းတဲ့အချိန်မှာ ရိုင်ဖယ် သေနတ်ကို ထောင်ပြီး ပစ်တယ်။ သေနတ်က မပေါက်ဘူး။ မပေါက်တော့ ထွက်ပြေးကြတယ်။ ကိုအောင်ကျော်သိန်း ဆိုတဲ့ တပ်ကြပ်ကြီးက မထွက်ပြေးဘူး။ သူမှာ အမ်အေ ၃၂ သေနတ်နဲ့ ကျဉ် ၁ တောင့်ပါတယ်။ ခံပြီးနေတယ်။ မရတော့ဘူးဆိုတော့ သေနတ်ကို ထောင်ပစ်တယ်။ သူ့ကို လူပေါင်း ၃၀၀ ကျော်က ၀ိုင်းရိုက်ကြတယ်။”

အဲဒီနောက် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေ လိုက်သွားပြီး တရားခံ ရှာဖွေတဲ့ အချိန်မှာတော့ ရွာထဲမှာ ကလေးနဲ့ အမျိုးသမီးတွေပဲ ကျန်ရှိတော့ပြီး ယောက်ျားတွေ တယောက်မှ မရှိတော့ဘူးလို့ ပြောပါတယ်။

မောင်တောပဋိပက္ခ ဖြစ်ပွားပြီးနောက်ပိုင်း အခုလို ရဲတပ်ဖွဲ့ဝင်တွေကို အကြမ်းဖက် တိုက်ခိုက်တာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောခွင့်ရ ဦးဝင်းမြိုင်ကတော့ ဒီလို ရန်မူတဲ့လုပ်ရပ်ဟာ ဒေသတွင်း အေးအေးချမ်းချမ်း ရှိနေတာကို ဆွပေးသလို ဖြစ်နေတယ်လို့ ပြောပါတယ်။

“ဒီလို အေးအေးချမ်းချမ်း ဖြစ်နေတာကို နောက်ထပ် ပြန်ဖြစ်အောင်များ ဆွပေးနေ သလားတော့ မသိဘူး။ သူတို့ ငြိမ်းငြိမ်းချမ်းချမ်းရှိတာကို သက်ဆိုင်ရာက သွားနေတဲ့ အဖွဲ့အစည်းတွေက ဥပဒေအတိုင်း ဆောင်ရွက်ပေးဖို့ သွားတာကို သူတို့ကို ရန်ပြုတာလည်း မဟုတ်ဘူး၊ ကင်းလှည့်ဖို့ သွားတာ ရန်ပြုတယ်ဆိုတာတော့ မကောင်းဘူးပေါ့။”

ပြီးခဲ့တဲ့ ၂၀၁၃ ဒီဇင်ဘာ လကုန်ပိုင်းကလည်း စစ်တွေမြို့က တရုတ်သင်္ချိုင်း အုတ်ဂူတွေကို ဖျက်ဆီးဖို့ ကြိုးပမ်းခဲ့တဲ့ ဘင်္ဂါလီ ၆ ဦးကို တားဆီးတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦး ပြန်လည်အန္တရာယ်ပြုခံခဲ့ရတဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၁ ဦး ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။

မောင်တောမြို့မှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ပဋိပက္ခတွေ စတင်ဖြစ်ပွားခဲ့ရာကအစ ရခိုင်ပြည်နယ်ထဲ ပဋိပက္ခတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ပဋိပက္ခအတွင်း လူ ၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ အစိုးရက တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။

အခုအချိန်ထိ ပြည်နယ်ထဲ ဒုက္ခသည် ၁ သိန်း ၃ သောင်းကျော်ကို ကူညီစောင့်ရှောက် ထားရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013