
မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်ရေး ဂိတ်ပေါက်ဖြစ်တဲ့ ကျင်စန်းကျော့ဂိတ်ပေါက်ကို ကနေ့ နိုင်ဝင်ဘာ ၂၆ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပြီလို့ မြန်မာလုပ်ငန်းရှင်တွေနဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် တာဝန်ရှိသူတွေက ပြောပါတယ်။
"ဒီဘက်က ၅ စီးထွက်မယ်။ ဟိုဘက်က ၅ စီးဝင်မယ်။ အသစ်လား ကုန်တင်ပြီးသား အဟောင်းလားတော့ မသိဘူး။ ဆိုင်ကယ်ပစ္စည်းလို့ ပြောတယ်။ ကွန်တိန်နာနဲ့ပဲ သတ်မှတ်တယ်ဆိုရင်တော့ တရုတ်ဘက်ထဲမှာ ကုန်တင်ပြီးသား ပိတ်မိနေတဲ့ ကားတွေ ကုန်ပြန်ချရမှာဖြစ်ပြီး ကွန်တိန်နာ မဟုတ်ဘဲ ဒီတိုင်းကား ထွက်ခွင့်ပြုတယ်ဆိုလို့ရှိရင်လည်း ဒီ တိုင်းပဲ ထွက်ရမှာဖြစ်တဉယ်။ အဲဒါ နဲ့ ပတ်သက်ပြီး လောလောဆယ် တိတိကျကျ မသိရသေးဘူး” လို့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က တာဝန်ရှိသူ ၁ ဦးက ပြောပါတယ်။
တရုတ်ဘက်မှာ ကုန်တင်ထားတဲ့ မြန်မာကုန်တင်ပြီးသားကားတွေ ကုန်တွေ ပြန်ချရမယ်ဆိုပါက ကုန်ကျစရိတ် အဆမတန် ကျခံရမယ့်အပြင် လချီစောင့်ဆိုင်းခဲ့ရပြီး ပျက်စီးဆုံးဆုံးမှုတွေရှိနေတဲ့ အပြင် လက်ရှိကုန်တင်ထားတဲ့ ကား ၁ စီးကို မြန်မာငွေ အနည်းဆုံး သိန်း ၆၀ ကုန်ကျခဲ့ပြီးသား ဖြစ်လို့ အခက်အခဲ ဖြစ်နေကြရတယ်လို့ ဝမ်တိန်က မြန်မာကုန်ဂိတ်ပိုင် ၁ ဦးက ပြောပါတယ်။
"တရုတ်ဘက် ပိတ်မိနေတဲ့ မြန်မာကားတွေကတော့ ခါလီကားမရှိတော့ဘူး။ ကုန်တင်ပြီးသား ကားပဲရှိတော့တာ။ ကုန်တင်ပြီးသားကားတွေရဲ့ အခက်အခဲတွေကို ပိတ်မိနေတဲ့ ၄ လတာ ကာလ အတွင်း အကြိမ်ကြိမ်တင်ပြခဲ့တယ်။"
တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးဂိတ် ကျင်းစန်းကျော့ ဂိတ်ပေါက်ကို နိုဝင်ဘာ ၂၂ ရက်နေ့ နေ့လယ်ပိုင်းကစ အစမ်းကာလအဖြစ် ၃ ရက်သတ်မှတ်ကာ ကွန်တိန်နာတွေနဲ့ စမ်းသပ်ကုန်သွယ်မှုပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုပုံစံ ပြောင်းလဲကာ ကွန်တိန်နာစနစ်နဲ့ ကုန်သွယ်သွားမယ်လို့ စစ်ကောင်စီ MRTV က ကြေညာထားပါတယ်။
ကျင်စန်းကျော့ ၁ ပေါက်တည်း ဖွင့်မှာဖြစ်ပြီး ချင်းရွှေဟော်လည်း ဖွင့်ဖို့ရှိပြီး ကန်ပိုင်တီနဲ့ လွယ်ဂျယ် ညှိနှိုင်းဆဲဖြစ်ကြောင်း၊ မူဆယ်မှာ ပိတ်မိနေတဲ့ တရုတ်ဘက်ပို့မယ့် ကုန်တန်ချိန် ၅ သောင်းကို အရင် ဦးစားပေးသွားမယ်လို့ ညွှန်ကြားရေးမှူး ဦးသ်နိုင်ဦးက MRTV မှာ ဖြေထားပါတယ်။
ကုန်သည်၊ ကုန်ဂိတ်၊ ယာဉ်မောင်းတွေအနေနဲ့ ကွန်တိန်နာစနစ်နဲ့ ကုန်ကျစရိတ် အဆမတန် မြင့်မားနေတကြောင့် လုံးဝအဆင်မပြေဘူးလို့ မြန်မာ-တရုတ် ကုန်သွယ်ရေးနဲ့ ဆက်စပ် လုပ်ကိုင်နေတဲ့သူတွေက ပြောပါတယ်။
ဂိတ်ပေါက်နဲ့ ပက်သက်တဲ့ပြီး တရုတ်ဘက်က ကြိုတင်အကြောင်းမယ်လို့ အစည်းဝေးတစ်ခုမှာ ပြောထားပေမယ့် နိုဝင်ဘာ ၂၂ ရက်နေ့ မနက်မှ အကြောင်းကြားလာတာကြောင့် မြန်မာဘက်က တာဝန်ရှိသူတွေ ကြိုတင်ပြင်ဆင်ညှိနိုင်းမှုတွေ မလုပ်ဆောင်ရသေးတာကြောင့် အဆင့်ဆင့်တင်ပြပြီးမှသာ ထုတ်ပြန်ကြေညာမယ် သိရတယ်လို့ ဆိုပါတယ်။
တရုတ်ဘက်က ကိုဗစ်-၁၉ အကြောင်းပြချက်နဲ့ ဇူလိုင် ၈ ရက်နေ့ကစ ကျန်းမာရေးသုံးပစ္စည်းက လွဲပြီး ကျန်ကုန်တွေကို ရက်အကန့်အသတ်မရှိပိတ်ခဲ့ကာ နိုဝင်ဘာ ၂၆ ရက်နေ့မှ နှစ်နိုင်ငံ တရားဝင် ပြန်လည်ဖွင့်လှစ်တာပါ။