DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို စစ်ကောင်စီက အဂတိအမှု ၆ မှုဖြင့် တရားစွဲထား
DVB
·
November 25, 2021
မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို စစ်ကောင်စီက အဂတိအမှု ၆ မှုဖြင့် တရားစွဲထား
Donate to DVB

ဖမ်းဆီးထောင်ချခံနေရတဲ့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို စစ်ကောင်စီက အဂတိအမှု ၆ မှုနဲ့ ထပ်မံတရားစွဲဆိုထားတယ်လို့ ဝန်ကြီးချုပ်ရဲ့အမှုကို လိုက်ပါအကျိုးဆောင်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးအောင်နိုင်က  ဒီဗွီဘီကို ပြောပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုဟာ ရာဇသတ်ကြီး ပုဒ်မ  ၅၀၅(က) နဲ့ ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်မှာ   ထောင်ဒဏ် ၂ နှစ် ချမှတ်ထားတဲ့အပြင် လက်ရှိ  အဂတိလိုက်စားမှု  ၆ မှုနဲ့ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဒေါက်တာအောင်မိုးညို ထောင်ဒဏ် နှစ်  ၉၀ ချမှတ်ခံရတယ်ဆိုတဲ့ လတ်တလော  လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေကတော့ သတင်းအမှားသာဖြစ်ပြီး ဝန်ကြီးချုပ်ရဲ့ ကျန်းမာရေးကောင်းနေတယ်လို့လည်း ရှေ့နေက ပြောပါတယ်။  

“ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးတွေအကုန်လုံး ကျန်းမာရေးကောင်းမွန်ကြပါတယ်ဗျ။ ဒေါက်တာကြီးအပါအဝင် ဦးတာ (လွှတ်တော်ဥက္ကဋ္ဌ)  ၊ ဦးတင်နွယ်ဦး၊ ဒေါက်တာခင်မောင်အေး၊ ဦးနေမျိုးကျော်နဲ့ ဦးကျော်ကျော်သန်းတို့ အားလုံး ကျန်းမာရေးကောင်းမွန်ကြတယ်”လို့ ရှေ့နေ ဦးအောင်နိုင်က  ပြောပါတယ်။

ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုနဲ့ တိုင်းအစိုးရအဖွဲ့တွေကို စစ်ကောင်စီခန့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးမှူးတွေဖြစ်တဲ့ ဦးသိန်းဇော်ဦးနဲ့ ဦးမိုးကျော်လွင်တို့က တရားလိုပြုလုပ်ပြီးတော့ မကွေးတိုင်း တရားလွှတ်တော်မှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ တမှုကို အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ်  ၁၅ နှစ်ထိ ချမှတ်နိုင်တာဖြစ်ပါတယ်။

မကွေးမြို့နယ်ရှေ့နေများ အသင်းအနေနဲ့ ဝန်ကြီးချုပ်အတွက် အစောပိုင်းက အခမဲ့လိုက်ပါ အကျိုးဆောင်ခဲ့ပေမဲ့ စစ်ကောင်စီက အခကြေးငွေးမယူဘဲ လိုက်ပါအကျိုးဆောင်ခွင့်မရှိဘူးလို့ ထုတ်ပြန်ထားတာကြောင့် အထိုက်အလျောက်အခကြေးငွေယူပြီးတော့ ကူညီပေးနေတယ်လို့ ဆိုပါတယ်။

မကွေးမြို့နယ် ရှေ့နေများအသင်းက ဥပဒေနဲ့အညီ လိုက်ပါကူညီပေးနေပြီးတော့ တကယ်လို့ ပြည်သူလူထုဘက်က အကူညီတောင်းခံလာရင်လည်း တတ်နိုင်တဲ့ ဘက်ကနေ ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က  ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး နေအိမ်အကျယ်ချုပ်ကနေ  မကွေးအကျဉ်းထောင်မှာ အကျဉ်းချထားတာ ဖြစ်ပါတယ်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကိုလည်း စစ်ကောင်စီက  အဂတိလိုက်စားမှုနဲ့ စွပ်စွဲပြီး  အလုပ်နဲ့ ထောင်ဒဏ် ၇၅ နှစ်ချမှတ်ထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က နိုင်ငံတော် အာဏာကို မတရားသိမ်းယူပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်အပါအဝင်  နိုင်ငံခေါင်းဆောင် တွေကို ဖမ်းဆီးထိန်းသိမ်းကာ  အဂတိလိုက်စားမှုအပါအဝင် အမှုမျိုးစုံနဲ့ စွဲချက်တင် တရားစွဲကာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတာ ဖြစ်ပါတယ်။

နိုင်ငံခေါင်းဆောင်တွေနဲ့ ဝန်ကြီးချုပ်တွေကို စစ်ကောင်စီက အခုလို အဂတိလိုက်စားမှုတွေနဲ့ စွပ်စွဲ အမှုဖွင့် ထောင်ချနေပေမဲ့ အဂတိလိုက်စားထားတဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေကတော့ ခုချိန်အထိ တခုမှ ပြနိုင်ခြင်းမရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013