DVB Logo
Home
မြန်မာသတင်း
ငပုတောမြို့နယ်၌ စစ်အာဏာရှင်တပ်က အခြေစိုက်စခန်း ၆ ခု ဆောက်နေ
DVB
·
June 5, 2026
Photo: CINCDS
Photo: CINCDS
Donate to DVB

ငသိုင်းချောင်း-ဂွ လမ်းမပေါ်က အမှတ် ၃၄၄ အမြောက်တပ်ရင်းကို စစ်ကူပေးနိုင်ဖို့အတွက် စစ်အာဏာရှင်တပ်က ငပုတောမြို့နယ်ထဲမှာ စစ်အခြေစိုက်စခန်း ၆ ခု ဆောက်နေပြီး ရန်ကုန်နဲ့ ပဲခူးက တပ်ရင်းတချို့ကို မေလ အစောပိုင်းကတည်းက ပို့ဆောင်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေကနေ သိရပါတယ်။

ဧရာဝတီတိုင်းအစပ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေအတွက် စစ်ကူပေးဖို့ ငပုတောမြို့နယ်ထဲက ထိပ်စွန်း၊ သက္ကယ်သောင်၊ စလူဆိပ်၊ ပြင်စလူ၊ အုန်းကျွန်းနဲ့ ဖောင်ဒိုး စတဲ့နေရာတွေမှာ ဧပြီလကတည်းက စစ်အခြေစိုက်စခန်းတွေ ဆောက်နေတာလို့ စစ်ရေးသတင်းရင်းမြစ်တယောက်က DVB ကို ပြောပါတယ်။

"အထိုင်တပ်စခန်း ဆောက်နေတာ ကြာပြီ။ ရေတပ်နဲ့ ကြည်းတပ်က လူတွေ ပို့တာများတယ်။ ရန်ကုန်မှာဆို သန်လျင်ဘက်က တပ်တွေ၊ ပဲခူးမှာဆို တပ်မ ၆၆ နဲ့ ပုသိမ်က ခြေလျင်တပ်ရင်းတခု ပို့ထားတယ်။ ရည်ရွယ်ချက်က AA နဲ့ တိုက်ပွဲပြင်းထန်လာရင် စစ်ကူပေးဖို့။”

အဆိုပါ တပ်စခန်း ၆ ခုကို သန်လျင်အခြေစိုက် အမှတ် ၁၄၆ ခြေလျင်တပ်ရင်း၊ ပုသိမ်မြို့ ဝါးယားချောင်းအခြေစိုက် အမှတ် ၁၁ ခြေလျင်တပ်ရင်းနဲ့ အင်းတိုင်အခြေစိုက် အမှတ် ၂၁၃ ခြေမြန်တပ်ရင်းတွေကို ပို့ဆောင်ထားတယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။

ရန်ကုန်အခြေစိုက် တပ်ရင်းနဲ့ နီးစပ်သူတယောက်က "စစ်စခန်းတွေ ဆောက်တယ်ဆိုတာ မှန်ပါတယ်။ ခလရ ၁၄၆ က အရင်ကတည်းက ပို့ထားတာ။ အခုရက်ပိုင်း ခလရ ၁၁ နဲ့ ခမရ ၂၁၃ ကို ထပ်ပို့တာ။ ပင်လယ်နဲ့နီးတဲ့ ရွာတွေဆိုတော့ ရေတပ်နဲ့ ပေါင်းပြီး ပိုက်ဆံရှာလို့ရတော့ အဲဒီဘက်ကို သွားချင်တဲ့တပ်က များတယ်" လို့ ပြောပါတယ်။

ငပုတောမြို့နယ်ထဲက ထိပ်စွန်း၊ သက္ကယ်သောင်၊ စလူဆိပ်၊ ပြင်စလူ၊ အုန်းကျွန်းနဲ့ ဖောင်ဒိုး အစရှိတဲ့ စစ်အခြေစိုက်စခန်း ၆ ခုကို ဦးဆောင်သူကတော့ DSA အပတ်စဉ် ၄၈ ကျောင်းဆင်း၊ ကြည်း ၄၄၀၉၁ ဒုဗိုလ်မှူးကြီး ခင်မောင်ချို ဖြစ်ပါတယ်။

စစ်တပ်အနေနဲ့ အထိုင်တပ်စခန်းနဲ့ အခြေစိုက်စခန်းတွေ ဆောက်နေတာဟာ ငသိုင်းချောင်း-ဂွ လမ်းမပေါ်က အမှတ် ၃၄၄ အမြောက်တပ်ရင်းကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်သွားမှာ စိုးရိမ်တာကြောင့် ဖြစ်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ် ပြောကြပါတယ်။

ရခိုင်ပြည်နယ်ထဲက မြို့ ၁၄ မြို့ကို သိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော် (AA) ဟာ လက်ရှိမှာ စစ်အာဏာရှင်တပ်ရဲ့ ပဲခူးတိုင်းအစပ်၊ ဧရာဝတီတိုင်းအစပ်နဲ့ မကွေးတိုင်းအစပ်က တပ်စခန်းတွေကို တိုက်ခိုက်နေတာကြောင့် စစ်တပ်က ခုခံနေရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013