DVB Logo
Home
မြန်မာသတင်း
စစ်တပ်ကဖမ်းသွားသည့် မူဆယ်မြို့နယ် မော်တောင်းရွာသား ပစ်သတ်ခံရ
DVB
·
November 25, 2021
စစ်တပ်ကဖမ်းသွားသည့် မူဆယ်မြို့နယ် မော်တောင်းရွာသား ပစ်သတ်ခံရ
Donate to DVB

စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မော်တောင်းရွာက အရပ်သားပြည်သူ ၁ ဦးရဲ့အလောင်းကို နိုဝင်ဘာ ၂၃ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့‌တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

သေဆုံးသွားသူဟာ မူဆယ်မြို့နယ်၊ ပြည်ထောင်စု လမ်းမပေါ်ရှိ မော်တောင်းရွာက အသက် ၅၆ နှစ်အရွယ်ရှိ ဦးလဖိုင်တိန့် (ခ) လဖိုင်တူးလွမ်ဖြစ်ပြီး နိုဝင်ဘာ ၂၂ ရက်နေ့ မနက် ၆ နာရီဝန်းကျင်က မန်ဟန်တောင်ပေါ် ယာခင်းကနေ မော်တောင်ရွာက အိမ်ကိုဆင်းလာချိန် ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။ 

ဖုန်းအဆက်အသွယ် ပြတ်တောက်သွားကာ နေအိမ်ကို ညနေထိ ရောက်မလာတာကြောင့် မိသားစုအသိုင်းအဝိုင်းနဲ့ ဒေသခံတွေက မြို့မပြည်သူ့စစ်ကို မေးရာမှာတော့ မသိကြောင်း ငြင်းဆိုခဲ့တယ်လို့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။ 

စစ်ကောင်စီနဲ့ PDF တို့ တိုက်ပွဲဖြစ်တာ သိရလို့ တပ်မ ၉၉ ကို အကြမ်ကြိမ်သွားရောက်မေးရာမှာ ပထမငြင်းဆိုပေခဲ့မယ့် ၄ ကြိမ်မြောက် မေးမြန်းရာမှာတော့ တောင်ယာက သေနတ်လွယ်ပြီး ဆင်းလာတဲ့ အမျိုးသား ၁ ဦးကို ပစ်သတ်မိသွားကြောင်း ပြောလာပြီး မြှုပ်ထားတဲ့ နေရာလည်း ညွှန်လိုက်တာကြောင့် နိုဝင်ဘာ ၂၃ ရက်နေ့က ပြန်ရှာတွေ့ခဲ့တယ်လို့ သူက ပြောပါတယ်။

ဒေသခံက "တကယ်ဆိုရင်တော့ သေနတ်တော့ မလွယ်ပါဘူး။ ဓားတော့ လွယ်ထားတယ်။ ပြီးရင်လွယ်အိတ်လွယ်တယ်။ အဲထဲမှာ ဖုန်းအိတ်လည်း အဲတိုင်းထည့်ထားတယ်။ အဲဒါပဲ လွယ်ထားတယ်။ တခြားဘာမှ မပါဘူး။" လို့ ပြောပါတယ်။

အသတ်ခံရတဲ့ အမျိုးသားကို PDF ဝတ်စုံ လဲလှယ်ဝတ်ဆင်ပေးထားကြောင်းနဲ့ နှိပ်စက်ရိုက်နှက် ဒဏ်ရာနဲ့ သေနတ်ဒဏ်ရာတွေ တွေ့ရကြောင်း၊ ဆိုင်ကယ်၊ ဖုန်းတွေ အကုန်ယူသွားကြောင်း၊ မြှုပ်ထားတဲ့နေရာကို ဆိုင်ကယ်နဲ့ သွားလို့မရဘူးလို့ ဆိုပါတယ်။

 "PDF တွေရဲ့ အုပ်ထုပ်၊ အပေါ်အင်္ကျီ၊ ဘောင်းဘီ၊  ဖိနပ်တွေ လဲပြီး ဝတ်ထားပေးတယ်။ ၁ ပေ လောက်ပဲ တူးပြီး အဲဒီမှာ မြေကြီးနည်းနည်းဖုံးပြီး အပေါ်မှာ ပြောင်းဖူးပင်တွေနဲ့ ဖုံးပြီး ဖြစ်သလို မြှုပ်ထားပေးတယ်။ တကယ်လို့ မစုံစမ်းနိုင်ဘူးဆိုရင် လုံးဝ မတွေ့နိုင်တော့ဘူး။ လည်ပင်းမှာ ကြိုးချည်ရာတွေတေ့တယ်။ နံရိုးနား သေနတ်ဒဏ်ရာ ၃ ချက်လောက်တွေ့တယ်။" 

မော်တောင်းရွာမှာ စစ်တပ်က ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တာ ပထမဆုံး အကြိမ်ဖြစ်ပေမယ့် မတရား ဖမ်းဆီး သတ်ဖြတ်တာတွေ မကြာခဏ ကြားသိနေရတာကြောင့် ဒေသခံတွေက စိုးရိမ်ထိတ်လန့်ကြတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၂၂ ရက်နေ့ မနက် ၅ နာရီ ခွဲဝန်းကျင်က မော်တောင်းရွာအနီး ဘန်တောင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်၊ ပန်ဆေးပြည်သူ့စစ်၊ လုံထန်ပြည်သူ့စစ်၊  တာမိုးညဲပြည်သူ့စစ်တို့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့အကြား မိနစ် ၃၀ ခန့်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အမျိုးသားနှစ်ယောက်ကို စစ်တပ်က ဖမ်းဆီးသွားတာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ 

"၂၂ရက်နေ့က မော်တောင်းရွာက အမျိုးသားနှစ်ယောက်ကို TNLA နဲ့ ပတ်သက်လို့ ဆိုပြီး အဲ့နှစ်ယောက်ကို ဖမ်းသွားတာ။ မလွတ်လောက်သေးဘူး။ ၁၀ ယောက်တော့မဟုတ်ပါဘူး။ သတ်ခံရတာက တောင်ယာက အဘိုး အသတ်ခံရတာ။ အသတ်ခံရတဲ့အဘိုးက သပ်သပ်" လို့ သူက ပြောပါတယ်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းကို စစ်ကောင်စီတပ်က အခုလမှာလည်း အဆက်မပြတ်စစ်ကြောင်း ထိုးနေပြီး MNDAA  ကိုးကန့်တပ်၊ PDF တွေနဲ့လည်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013