DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုစတင်
DVB
·
November 25, 2021
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုစတင်
Donate to DVB

နိုဝင်ဘာလ ၂၅ ရက်နေ့ဟာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ဖြစ်ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် အသိပညာပေး ၁၆ ရက်တာ လှုံ့ဆော်မှုနဲ့ လှုပ်ရှားမှု အမျိုးမျိုးကို ကမ္ဘာတစ်ဝန်းမှာ ဒီနေ့စတင် ပြုလုပ်ကြပါတယ်။

ဒီလှုပ်ရှားမှုကို နိုဝင်ဘာ ၂၅ ရက်ကနေ  ဒီဇင်ဘာ ၁၀ ရက်နေ့အထိ စုစုပေါင်း ၁၆ ရက်တာ ပြုလုပ်ကြတာပါ။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ဘယ်လိုအခြေအနေမျိုးမဆို ဘယ်သူကပဲ ကျူးလွန်ကျူးလွန် လုံးဝလက်သင့်မခံနိုင်တဲ့အရာဖြစ်ကြောင်း၊ ခုလိုမျိုး တော်လှန်ရေးကာလမှ မဟုတ်ဘဲ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားတဲ့အချိန်တွေ နေရာတွေ၊ အရေးပေါ်အခြေအနေနဲ့ သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ အခြေအနေတွေမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေဟာ အမြဲတမ်း ပစ်မှတ်ထား အကြမ်းဖက်ခံနေရတယ်လို့ ကျား၊မ တန်းတူညီမျှရေးကွန်ရက် ဒါရိုက်တာ ဒေါ်မေစံပယ်ဖြူက ပြောပါတယ်။ 

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကို အင်အားကြီးတဲ့သူတွေက လက်နက်တစ်ခုလို အမြဲတမ်း အသုံးချနေပြီး မငြိမ်သက်မှုတွေနဲ့ မငြိမ်းချမ်းတဲ့ အခြေအနေတွေ လက်နက်ကိုင် အရေးပေါ်အခြေအနေတွေ ဖြစ်တဲ့အခါတိုင်းမှာ အမျိုးသမီးတွေက ပိုပြီး ထိခိုက်နာကျင်ခံစားရတယ်လို့ ဆိုပါတယ်။ 

ဒါတွေကို ကာကွယ်စောင့်ရှောက်ရမယ့် ဥပဒေတွေလည်း မရှိသလို တရားမျှတမှုကလည်း ဘယ်မှာမှ ရှာလို့ မရတဲ့ အနေအထားမှာ အမျိုးသမီးတွေကို အကြမ်းဖက်မှုကနေ ရပ်တန့်ဖို့နဲ့ ကာကွယ်စောင့်ရှောက်ဖို့ ပြည်သူတွေဆီမှာ တာဝန်ရှိတယ်လို့ ဒေါ်မေစပယ်ဖြူက တိုက်တွန်းထားပါတယ်။‌

"ပညာပေးလုပ်ငန်းဆောင်ရွက်ဖို့ပဲ လတ်တလော တတ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အခုအခြေအနေက ဥပဒေစိုးမိုးမှုလည်း မရှိသလို တရားမျှတမှုကိုလည်း လက်လှမ်းမီနိုင်တဲ့ အခြေအနေမှာ မရှိဘူး။ ဥပဒေအရ ကာကွယ်စောင့်ရှောက်မှုပေးရမယ့် သူတွေကိုယ်တိုင်က ဥပဒေကိုချိုးဖောက်ပြီး အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအပေါ် အကြမ်းဖက်နေတဲ့အခါ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေတဲ့ အခါ၊ လက်ရှိအနေအထားအရတော့ တရားမျှတမှုကို ရနိုင်တဲ့ အနေအထားမှာ မရှိဘူး။"

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဟာ ပဋိပက္ခအခြေအနေအတွင်းမှာ စစ်လက်နက်တစ်ခုလို အသုံးပြုနေတာဟာ မြန်မာပြည်ရဲ့ သမိုင်းမှာ ထိရောက်တဲ့ ပြစ်ဒဏ်စီရင်ခြင်း မခံရဘဲနဲ့ ကျူးလွန်တဲ့သူတွေဟာ အမြဲတမ်း ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရနေတယ်။ ဒီပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရနေတဲ့ အလေ့အထဟာ အမျိုးသမီးတွေ အပေါ် ထပ်ခါထပ်ခါ အကြမ်းဖက်မှု ကျူးလွန်ဖို့ အားပေးနေသလို ဖြစ်စေတယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။ 

ဒီနှစ်ရဲ့ ဆောင်ပုဒ်ကတော့ “ပြစ်ဒဏ်ကင်းလွတ်ခွင့် အလေ့အထ အမြစ်ဖြတ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အဆုံးသတ်” ဆိုတဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် အလေ့အထကို အမြစ်ဖြတ်နိုင်မှ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု အဆုံးသတ်မယ်လို့ အဓိပ္ပာယ်ရပါတယ်။ 

လက်ရှိတော်လှန်ရေးကာလအတွင်းမှာလည်း လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာဒေသတွေနဲ့ မငြိမ်းချမ်းတဲ့ အခြေအနေတွေမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်သားတွေဟာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေခဲ့တာပါ။ 

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်သားတွေက ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် အထောက်အထားတွေ ရယူခြင်း၊ အဲ့ဒီကနေတစ်ဆင့် တရားမျှတမှု ရရှိနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ က ထုတ်ပြန်ထားပါတယ်။ 

 အမျိုးသားညီညွှတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက “အမျိုးသမီးတွေဟာ အကြမ်းဖက်စရာ အရာတွေ မဟုတ်ပါဘူး။ ဒါကြောင့် လူတိုင်း အမျိုးသမီးတွေအပေါ်  အကြမ်းဖက်မှု အမြန်ဆုံးရပ်တန့်ပေးဖို့၊ ကိုယ်ကိုယ်တိုင်က စတင်ပြီး မကျူးလွန်ဖို့ လိုအပ်ပါတယ်။ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကို ဖမ်းဆီးနေတဲ့အချိန်၊ ညှဉ်းပန်းနှိပ်စက် စစ်ဆေးနေတဲ့အချိန်၊ ပြေးလွှားနေရရင်းနဲ့ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်နေတာက စစ်တပ်ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ကိုယ်တိုင်တွန်းလှန်နေရုံမကပဲနဲ့ ဒီလိုလူမျိုး အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကို စနစ်တစ်ခုအနေနဲ့ ကျင့်သုံးနေတဲ့ စစ်အာဏာရှင်ပြုတ်ကျရေးမှာ ဘက်ပေါင်းစုံ၊ နည်းပေါင်းစုံကနေ ပါဝင်ပေးပါ။ အမျိုးသမီးအကြမ်းဖက်မှုကိုလည်း ဆန့်ကျင်ပါ။ စစ်အာဏာရှင်ကိုလည်း တွန်းလှန်ပါ။"

ဒီနှစ်မှာ အရင်ကလို အခမ်းအနားတွေ မပြုလုပ်နိုင်ပေမယ့် ဘယ်ဘက်ရင်ဘတ်မှာ ဖဲကြိုးဖြူတပ် လက်သုံးချောင်းထောင်ပြီး လူမှုကွန်ရက်စာမျက်နှာမှာ ဓာတ်ပုံတင်ပြီး ၁၆ ရက်တာ လှုပ်ရှားမှုမှာ ပါဝင်နိုင်တယ်လို့ တိုက်တွန်းထားပါတယ်။ 

ဖဲကြိုးဖြူတပ်တာဟာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု မပြုလုပ်ပါဘူး၊ အကြမ်းဖက်မှုတွေကိုလည်း တတ်နိုင်သလောက် ကာကွယ်တားဆီးပါမယ်ဆိုတဲ့ ဝန်ခံကတိ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013