DVB Logo
Home
Lead Story
အင်ဂျင်နီယာ ကထိကဌာနမှူး တော်လှန်ရေး ဆေးတပ်သား ဒေါ်ရတီအုန်း (ရုပ်သံ)
DVB
·
November 24, 2021
အင်ဂျင်နီယာ ကထိကဌာနမှူး တော်လှန်ရေး ဆေးတပ်သား ဒေါ်ရတီအုန်း (ရုပ်သံ)
Donate to DVB

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်ကအာဏာမသိမ်းခင်  ဒေါ်ရတီအုန်းဟာ စစ်ကိုင်းတိုင်း ကလေးမြို့ နည်းပညာအထက်တန်းကျောင်းက ဌာနမှူး ကထိက တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေသူပါ။

တိုင်းပြည်အတွက် အင်ဂျင်နီယာလောင်းတွေကို မွေးထုတ်ပေးနေရင်း သူမျှော်မှန်းထားတဲ့ မဟာဘွဲ့ရဖို့ တက်နေတဲ့သူ့ရဲ့ အိပ်မက်တွေဟာ စစ်တပ်ကအာဏာသိမ်းမှုကြောင့် ကြေကွဲပျက်စီးသွား ခဲ့ရပါတယ်။

“အာဏာသိမ်းပြီးတော့ အဲ့နေ့မှာပဲ ကျမက  TVT ဆရာများသမဂ္ဂမှာ ဥက္ကဋ္ဌ တာဝန်ယူထားတော့ ဒီထဲမှာရှိတဲ့ ဆရာ ဆရာမတွေနဲ့တိုင်ပင်လိုက်တယ်။ ကျမတို့တွေ  CDM လုပ်ကြမယ်။ CDM လုပ်ပြီဆိုတော့ ကျမအပါအဝင် ဝန်ထမ်းပေါင်း ၂၉၉ ယောက်က အမည်၊ ရာထူး၊ ကျောင်းတွေနဲ့တွဲပြီး တင်လိုက်တယ်။ အဲ့ဒီကတည်းက ကျမ ရှောင်လိုက်တယ်ပေါ့။ တောခိုမယ်ဆိုတဲ့ရည်ရွယ်ချက်ရယ် မရှိဘူး။ ရှောင်လိုက်တယ်ပေါ့။ ရှောင်ပြီးတော့အဲ့မှာနေတယ်။ ဆန္ဒပြတယ်။” လို့ ဒေါ်ရတီအုန်းက သူ့ရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရားမှုမှာ စတင်ပါဝင်ခဲ့တဲ့  အကြောင်း ပြန်ပြီးပြောပြပါတယ်။  

“ဆန္ဒပြလမ်းကြောင်းမှာ Medical Cover လိုက်ပေးဖြစ်တယ်။ အဲ့တော့ ခံတပ်ဆောက်ဖြစ်သွားတဲ့အခါလည်း အလိုအလျောက်ပဲ ကျမက  Medical Cover အဖြစ်လိုက်လုပ်ပေးဖြစ်တယ်ပေါ့။ ဆက်တိုက်ပေါ့။ နောက်ခံတပ်ကို ဖြိုခံရတဲ့အချိန်ကျတော့ ထိခိုက်ဒဏ်ရာရတဲ့သူတွေထဲက တစ်ယောက်က ကျမလက်ပေါ်မှာ  expire ဖြစ်သွားတယ်။ အဲဒါကို ခွဲစိတ်တဲ့အချိန်မှာ ကူတဲ့အခါမှာလည်း ကျမကို အကုန်လုံးက ဆရာမလို့ပဲခေါ်တော့ ဆရာဝန်က ကျောင်းဆရာမလား ၊ ဆေးဝါးဘက်က ဆရာမလည်းမသိဘူး။ မသိဘဲနဲ့ ဆရာမ ကျနော့်ကို ကူဦး ကျနော် တယောက်တည်းတော့ မနိုင်ဘူးဆိုတော့ ကျမက ခွဲစိတ်ချုပ်လုပ်တဲ့အချိန်မှာ ကျမက ဝင်ကူလိုက်ရတယ်ပေါ့။”လို့  ဒေါ်ရတီအုန်းကပြောပါတယ်။

အသက် ၅၀ လောက်ရှိပြီဖြစ်တဲ့  သူ့အတွက် တောထဲမှာ စစ်သင်တန်းတက်တာထက် ဆေးသင်တန်းတက်ပြီး ဆေးတပ်သားအဖြစ် စစ်မှုထမ်းတာက ပိုသင့်တော်မယ်လို့ဆုံးဖြတ်ပြီး သူဒီလမ်းကို ဆက်လျှောက်ခဲ့တာဖြစ်ပါတယ်။ 

အခုအချိန်မှာတော့ ဒေါ်ရတီအုန်းတယောက် သူ အနှစ် ၂၀ ကျော် ကျင်လည်ခဲ့တဲ့ ပညာရေးနယ်ပယ်ကိုစွန့်ခွာပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အတူ ဆေးတပ်သားတယောက်အဖြစ် ရှေ့တန်းစစ်မျက်နှာပြင်မှာ စစ်မှုထမ်းနေပါပြီ။

နည်းပညာကျောင်းဆရာမအဖြစ်ကနေ အခုလို ဆေးတပ်သားအဖြစ် စစ်မှုထမ်းနေရတာနဲ့ ပတ်သက်ပြီး ဒေါ်ရတီအုန်းက “အင်ဂျင်နီယာဘဝကနေ ဒီဆေးဝါးကုသရေးဘက်ကို ရောက်လာတဲ့အခါမှာ ယုံကြည်မှုကတော့ တော်တော်လေးအားနည်းတယ်။ သို့သော် ဘာမှလုပ်မပေးလိုက်ရဘဲ တိမ်းပါးသွားရတာထက်စာရင် တခုခုလေးပေါ့ လုပ်ပေးလိုက်ရရင် အဆင်ပြေမယ်ပေါ့။ အဲ့လိုတွေးတာရယ် နောက်ဆုံး အစွမ်းကုန်ပြောရရင် ဒီရဲဘော်က မှာကြားချင်တာလေးရှိရင် ဖြစ်ဖြစ် ဗီဒီယိုမှတ်တမ်းလေးပဲ ဖြစ်ဖြစ်၊  ဖိုင်လေးဖြစ်ဖြစ်၊ ကျနော့်မိဘကို ဒါလေးတော့ ပို့ပေးပါ။ ဒီဓာတ်ပုံလေးတော့ ပို့ပေးပါ စတဲ့အမှာစကားကိုဖြစ်ဖြစ် အနည်းဆုံး ဆောင်ကြဉ်းပေးနိုင်ရင် အတော်ကောင်းလှပြီလို့ တွေးပြီးတော့မှ တိုက်ပွဲထဲမှာ လိုက်ပြီးတော့မှ Medical Cover အဖြစ် လိုက်ပေးဖြစ်တာပါရှင့်”လို့ ပြောပါတယ်။ 

လက်ရှိ ဆေးတပ်သားဘဝမှာ ကြုံတွေ့ရတဲ့ အမှတ်ရစာ အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့လည်း  ဒေါ်ရတီအုန်းက “တိုက်ပွဲနဲ့မဆိုင်ဘူး ဒါကတော့ ကလေးမီးဖွားတဲ့အချိန် ပထမဆုံးအကြိမ်တုန်းကတော့ တော်တော်လေး စိတ်လှုပ်ရှားတာရော အခက်အခဲတွေကတော့ ကြုံခဲ့တယ်ရှင့်။ တိုက်ပွဲမှာ သူ့ခေါင်းကိုပေါ့ ကျည်ဖြတ်သွားတော့ တစ်လက်မခွဲလောက် ဝင်သွားတယ်ပေါ့နော်။ တတ်နိုင်သလောက် ဆွဲထုတ်တယ်။ ကုသတယ်။ ပြီးတော့ တစ်ဆင့် ဒီ့ထက်ပိုပြီးတော့ အဆင့်မြင့်တဲ့နေရာကို လွှဲပြောင်းပေးလိုက်တော့ အဲ့တစ်ကြိမ်မှာတော့ သူအသက်အန္တရာယ်က လွတ်မြောက်သွားတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ သုံးလေးရက်လောက်က သူက ကျသွားတယ်။ အဲဒါတော့ ကိုယ်က ကူညီပေးလိုက်တာ သူက အသက်အန္တရာယ်လွတ်သွားတယ်။ ဒါပေမဲ့ နောက်တစ်ကြိမ်တိုက်ပွဲမှာတော့ သူက ကျသွားပြီပေါ့နော်။ အဲဒါလေးကတော့ အမှတ်တရတွေ ရှိပါတယ်။”လို့ ပြောပါတယ်။ 

အခုတော့ ဆေးတပ်သားဖြစ်လာတဲ့ ဌာနမှူး ကထိက ဒေါ်ရတီအုန်းဟာ အခုဆိုရင် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နဲ့ မကွေးတိုင်း ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ တာဝန်တွေကို ထမ်းဆောင်နေပါပြီ။

သူ မရင်းနှီး မကျွမ်းကျင်တဲ့ဆေးပညာတွေကို လေ့လာသင်ယူရင်း သူ့ရဲ့ အိပ်မက်သစ်တွေကို ထုဆစ် အကောင်အထည်ဖော်နေပါတယ်။ 

“ခွဲစိတ်ခန်း အသေးစားလေးရယ်။ ၃ ခုတင်ဆန့် ဆေးရုံအသေးလေး ရွေ့လျားတည်ဆောက်ဖို့အတွက် ကျမအိပ်မက်မက်ပြီး စိတ်ကူးယဉ် ကြိုးစားနေတယ်။ ပြင်ပက အလှူရှင်တွေရော ပုဂ္ဂလိကဘက်ကရော ဝန်ကြီးဌာနဘက်ကရော ရအောင် ကျမအဲဒါလေးကို ရအောင် ကြိုးစားနေတယ်။ ကူညီပေးတဲ့ ဒေါက်တာချင်းမီးတိုင်အကူအညီရယ်၊ နောက် ကျမ သားလတ်လို့နာမည်ပေးထားတဲ့ Surgical တစ်ယောက်ပေါ့၊ အထူးကုတစ်ယောက်တို့ဆီက ကျမ အကူအညီတွေအများကြီးရပြီးတော့ ရှေ့ဆက်လှုပ်ရှားဖို့ ကြိုးစားနေပါတယ်ရှင့်။” လို့  ဒေါ်ရတီအုန်းက ပြောပါတယ်။

နွေဦးတော်လှန်ရေးရဲ့ ရှေ့တန်းစစ်မျက်နှာမှာ ဆေးတပ်သားအဖြစ် စစ်မှုထမ်းနေတဲ့ ဒေါ်ရတီအုန်း ကတော့ နွေဦးတော်လှန်ရေးဟာ နိုင်ကိုနိုင်ရမယ့် တိုက်ပွဲတစ်ခုသာ ဖြစ်တယ်လို့ မမှိတ်မသုန် ယုံကြည်ချက်ထားနေဆဲဖြစ်ပါတယ်။

“ပြည်သူလူထုရဲ့ ညီညွတ်မှု၊ ပူးပေါင်းပါဝင်မှု၊ စည်းကမ်းလိုက်နာမှု အဲဒီဟာတွေက ဘယ်တုန်းကနဲ့မှ မယှဉ်သာအောင်ပဲ။ ကျမက အင်ဂျင်နီယာဆရာမဆိုတော့ ကျမပတ်ဝန်းကျင်မှာ တွေ့နေကြရတာက အလွှာစုံ၊ ပညာအဆင့်အတန်းအစုံ၊ အသက်အရွယ်မျိုးစုံ၊ အသက်မွေးဝမ်းကျောင်းမျိုးစုံ သို့သော် တူညီတဲ့ခံယူချက်ကတော့  အာဏာရှင်စနစ်ကို အမြစ်ပြတ်အောင် လုပ်မယ်။ ဒီမိုကရေစီနိုင်ငံပေါ့။ ဖက်ဒရယ်ပေါ့နော်။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို မဖြစ်ဖြစ်အောင် တည်ဆောက်မယ့်ခံယူချက်က အားလုံးအတူတူဖြစ်တဲ့အတွက်ကြောင့် ဒီတော်လှန်ရေးက အောင်ကိုအောင်မြင်မှာပါ။” 

အိမ့်ခေတ်

(အင်ဂျင်နီယာ ကထိကဌာနမှူး တဖြစ်လဲ တော်လှန်ရေး ဆေးတပ်သား ဒေါ်ရတီအုန်း ပြောပြတဲ့ သူ့ရဲ့ အိပ်မက်သစ်တွေ အကြောင်း ရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။) 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013