DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတော်အလံ ဂုဏ်သိက္ခာညှိုးနွမ်းစေမှုဖြင့် ထိုင်းအလှမယ် အမှုဖွင့်ခံရ
DVB
·
November 24, 2021
ထိုင်းနိုင်ငံတော်အလံ ဂုဏ်သိက္ခာညှိုးနွမ်းစေမှုဖြင့် ထိုင်းအလှမယ် အမှုဖွင့်ခံရ
Donate to DVB

၂၀၂၁ ထိုင်းအလှမယ် Miss Universe Thailand 2021 အန်ချလီ စကော့ခဲမ်မစ်ဟာ အနီရောင်ဝတ်စုံဝတ်ပြီး ထိုင်းနိုင်ငံတော်အလံကို ပခုံးထမ်းထားကာ ထိုင်းအလံဒီဇိုင်းတခုပေါ်မှာ  မတ်တပ်ရပ်နေတဲ့ဓာတ်ပုံတွေ   ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်းလူမှုကွန်ရက်မှာ ပြန့်သွားခဲ့ပါတယ်။ 

ဒီဓာတ်ပုံနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံတော်သစ္စာစောင့်သိသူတွေကြား ဝေဖန်မှုတွေမြင့်တက်နေသလို ထိုင်းအလှမယ်ကိုအားပေးတဲ့သူတွေကတော့ သူဟာထိုင်းနိုင်ငံကိုလူသိများအောင်လုပ်တာဆိုပြီး အပြစ်မမြင်ကြပါဘူး။ 

ဒါပေမဲ့ ထိုင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များရဲ့ တရားရေးနဲ့ဥပဒေရေးရာအတိုင်ပင်ခံဟောင်း နိုင်းဆွန်ထိယားဆဝပ်ဒီကတော့ ဒါဟာ နိုင်ငံတော်က အထွတ်အမြတ်ထားတဲ့အလံတော်ကို စော်ကားရာကျတယ်ဆိုပြီး  အလံတော်ဥပဒေအရ အရေးယူပေးဖို့  နိုဝင်ဘာ ၂၃ ရက်က ဘန်ကောက်မြို့တော်စည်ပင်ရဲဌာနချုပ်မှာ သွားရောက်တိုင်တန်းအမှုဖွင့်ခဲ့ပါတယ်။ 

နိုင်းဆွန်ထိယားက “အလံတော်ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ ဂုဏ်သိက္ခာပါ။ ကျနော့်အနေနဲ့ ထိုင်း အလှမယ်ကို ထောင်မကျစေချင်ပါဘူး။ ဒါပေမဲ့ သူဟာလူသိများထင်ရှားတဲ့ သူတယောက် ဖြစ်တယ်။ သူ့မှာ Follower တွေအများကြီးရှိတယ်။ အထူးသဖြင့် ဒီလုပ်ရပ်က လူငယ်တွေ အတွက် စံနမူနာဖြစ်သွားမှာကို မလိုလားဘူး၊ မယ်ပြိုင်ပွဲ ကျင်းပရေးကော်မတီအနေနဲ့ ဘာရည်ရွယ်ချက်နဲ့ ဒီလိုလုပ်ရတာလဲ။ အလံတော်ကိုအသုံးပြုဖို့ ဝန်ကြီးများရုံးရဲ့ခွင့်ပြုချက်ကိုရော တောင်းခံရဲ့လား။ ကျနော့်အနေနဲ့တော့ ဒီလိုအလံတော်အား မလျော်မကန်လုပ်ဆောင်မှုကို လက်ခံလို့မရပါဘူး။ ထိုင်း သက္ကရာဇ် ၂၅၂၂ မှာပြဋ္ဌာန်းထားတဲ့  နိုင်ငံတော်အလံဆိုင်ရာ ဥပဒေပုဒ်မ ၁၁၈ အရ အရေးယူပေးဖို့ တိုင်ကြားခဲ့တယ်။” လို့ သတင်းထောက်တွေကို ပြောပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းအလှမယ်ကျင်းပရေးကော်မတီဝင် ပွိတီယဖုန်းကတော့ သူတို့အနေနဲ့ ထိုင်းနိုင်ငံကို ကမ္ဘာမှာလူသိများထင်ရှားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ အလံတော်ကိုထမ်းပြီး ဓာတ်ပုံရိုက်တာဖြစ်ကြောင်း ၊ မိမိနိုင်ငံရဲ့အလံတော်ကို မထေမဲ့မြင်လုပ်ဖို့ လုံးဝရည်ရွယ်ချက်မရှိဘဲ ဓာတ်ပုံရိုက်စဉ်ကလည်း အောက်ခံ (ကြမ်းခင်း)မှာ အဖြူရောင်သက်သက်သာရှိကြောင်း၊  ဂရပ်ဖစ်ဒီ ဇိုင်နာတွေက ပြန်လည်ပုံဖော်ထားတာသာဖြစ်ပြီး အဲဒီဒီဇိုင်းကိစ္စ ဘာမှမသိရကြောင်း၊ ဒါပေမဲ့ ဒီပုံတွေကိုတော့ အားလုံးပြန်ဖြုတ်ခိုင်းထားတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ 

အလှမယ် အန်ချလီကတော့ အစ္စရေးနိုင်ငံမှာကျင်းပတဲ့ မယ်စကြဝဠာပြိုင်ပွဲမှာ ထိုင်းနိုင်ငံကို ကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့  နိုဝင်ဘာ ၂၂ ရက်ကတည်းက ခရီးထွက်ခွာသွားပြီ ဖြစ်ပါတယ်။

သူ့ကို တိုင်တန်းထားတဲ့အလံတော်တက်နင်းမှုအပေါ် တရားရုံးက ဘယ်လိုအရေးယူမလဲ ဆိုတာကိုတော့ လာမယ့် ဒီဇင်ဘာ ၁၃ ရက်နေ့မှာမှ သိရမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ အမျိုးသားအလံတော်ဆိုင်ရာ ဥပဒေအရ ဘယ်သူမဆို နိုင်ငံတော်အလံ ဂုဏ်သိက္ခာ ညှိုးနွမ်း စေတဲ့ရည်ရွယ်ချက်နဲ့ အလံကိုသော်လည်းကောင်း၊ အလံနဲတူတဲ့ သင်္ကေတအမှတ်အသား ပေါ်မှာလည်း တက်နင်းတာ၊ ချေဖျက်တာတွေလုပ်ရင် ထောင်ဒဏ်အနည်းဆုံး ၆ လ ဒါမှမဟုတ်  ငွေဒဏ် ဘတ် ၁၀၀၀ ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ်လုံးကျခံရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။  ကိုးကား - MGR Online/ Channel 3  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013