DVB Logo
Home
မြန်မာသတင်း
ကြိုတင်အသိမပေးဘဲ လှိုင်မြစ်နားက ကျူးကျော်အိမ်များကို ဖယ်ရှား
DVB
·
January 15, 2014
ကြိုတင်အသိမပေးဘဲ လှိုင်မြစ်နားက ကျူးကျော်အိမ်များကို ဖယ်ရှား
Donate to DVB
လှိုင်သာယာမြို့နယ် လှိုင်မြစ်ကမ်းဘေးက ကျူးကျော် ဆောက်လုပ် နေထိုင်နေကြတဲ့ အိမ်တွေကို ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ ဖယ်ရှားစေခဲ့တဲ့အတွက် နေထိုင်သူတွေ နေ့ချင်းညချင်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

Hlaingtaryarဇန်န၀ါရီ ၁၄ နေ့ မနက် ၃ နာရီကျော်ကျော်လောက်မှာ လှိုင်သာယာမြို့နယ်က ကျူးကျော်အိမ်ရာတွေကို ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ ဖယ်ရှားခိုင်းလိုက်တာ ဖြစ်ပါတယ်။ ကျုးကျော်ရပ်ကွက်မှာ နေထိုင်သူတွေဟာ ငွေကြေးမရှိကြသူတွေ ဖြစ်လို့ အသိမ်းခံရပြီး နောက်ပိုင်းမှာ စားစရာနဲ့ နေစရာမရှိ ဖြစ်နေကြပါတယ်။

ရဲအင်အားနဲ့ လှိုင်သာယာဘက်အခြမ်းရှိ ပန်းလှိုင်တံတားအ၀င်လမ်းနဲ့ တွံတေးဘက်ခြမ်းရှိ တွံတေးတံတားအ၀င်လမ်းများကို ပိတ်ဆို့မှုများ ပြုလုပ်အပြီးမှာတော့ အိမ်ဖျက်မယ့် အလုပ်သမားတွေနဲ့ ၀င်ရောက်ဖျက်ကြတယ်လို့ ဒေသခံတွေ ပြောပါတယ်။

ကျုးကျော်နေထိုင်သူတွေကို ကြိုတင်အကြောင်းကြားတာမျိုး မလုပ်ပေးတဲ့အတွက် သူတို့ ပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုလည်း ယူဆောင်ဖို့ အချိန်မမီသလို တချို့ဗီဒိုတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလည်း ယူဆောင်ဖို့ ခွင့်မပြုဘူးလို့ ပြောပါတယ်။

နေအိမ်ဖယ်ရှားခံရသူတွေဟာ သူတိုအတွက် အဆင်ပြေမယ့် ဖြေရှင်းပေးတာမျိုးတွေ မျှော်လင့်နေကြပြီး တချို့ကလည်း နေစရာမရှိလို့ အဲဒီ နယ်မြေ အနီးအနားမှာပဲ ငိုယိုနေကြပါတယ်။

ဖယ်ရှားခံရတဲ့ အမျိုးသမီးတဦးက “ရန်ကုန်ရောက်တာ ကြာပြီ။ နေစရာ နေရာမရှိလို့ ဒီမှာနေတာ၊ အခု ဘယ်သွားလို့ ဘယ်လာရမှန်းမသိဘူး” လို့ ပြောပါတယ်။

   ဖယ်ရှားခံရတဲ့ ကျူးကျော်အိမ်ခြေ ၂ ထောင်ကျော်ခန့်ရှိပြီး ဆောက်လက်စ အိမ်များစွာလည်း ကျူးကျော်ရပ်ကွက်မှာ ရှိတယ်လို့ ဆိုပါတယ်။ အိမ် ၁ လုံးကို ငွေကျပ် ၁ သိန်းနဲ့ ၀ယ်ယူရတဲ့အပြင် အိမ်ဆောက်တဲ့ သစ်ဖိုး၊ ၀ါးဖိုးနဲ့ဆို ၂ သိန်းလောက် ပေးရတယ်လို့လည်း နေထိုင်သူတွေက ပြောပါတယ်။

ကျူးကျော်နေထိုင်ကြသူတွေဟာ မြေစရိတ်တွေနဲ့ အိမ်ငှားဈေးတွေ ကြီးမားတာကြောင့် ဒီလို မြေလွတ်တွေမှာ ကျူးကျော်နေထိုင်ကြရတာလို့ ပြောပါတယ်။

ဖယ်ရှားခံရသူ နောက်တဦးက “ကျမတို့တွေက ဘယ်လိုဆက်လုပ်ရမလဲ၊ မရှိဆင်းရဲသားဆိုတော့ လမ်းဘေးနေသင့်လည်း နေရမှာပဲ” လို့ ပြောပါတယ်။

နေအိမ် ဖယ်ရှားခံခဲ့ရသူတဦးဖြစ်တဲ့ ဒေါ်ခင်သိန်းကတော့ အိမ်ဖျက်ခံလိုက်ရလို့ နေစရာမရှိရင်လည်း လမ်းဘေးမှာပဲ နေမယ်လို့ ဆိုပါတယ်။

“သွားစရာနေရာလည်း မရှိဘူး။ ဒီအတိုင်းပဲ ကျမတို့ နေရဦးမှာပဲ။ လောလောဆယ် အိမ်ဘယ်လို ငှားမလဲ။ လစာလည်း မရှိဘူး။ ဒီတိုင်းပဲ လမ်းဘေးမှာပဲ နေဦးမှာပဲ။”

အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး လှိုင်သာယာ သောင်ကြီးရဲစခန်းက ရဲတာဝန်ခံကို မေးမြန်းရာမှာ သူတို့အနေနဲ့ ဖျက်တဲ့အထဲမှာ မပါကြောင်းနဲ့ လုံခြုံရေးကိစ္စပဲ ဆောင်ရွက်တာ လို့ ပြောပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013