DVB Logo
Home
မြန်မာသတင်း
စီးပွားရေးလုပ်ငန်းကြီးများကို အခွန်စည်းကြပ်ရန် အခွန်ရုံး ဖွင့်မည်
DVB
·
January 14, 2014
စီးပွားရေးလုပ်ငန်းကြီးများကို အခွန်စည်းကြပ်ရန် အခွန်ရုံး ဖွင့်မည်
Donate to DVB

ပြည်တွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေကို တိကျတဲ့ စာရင်းအင်းတွေနဲ့ အခွန် စည်းကြပ်နိုင်ဖို့အတွက် လုပ်ငန်းကြီးများဆိုင်ရာ အခွန်ရုံးကို အခုနှစ် ဧပြီ ၁ ရက်နေ့ကစပြီး ဖွင့်လှစ်သွားမယ်လို့ ရန်ကုန်တိုင်း အခွန်ဦးစီးမှူးက ပြောဆိုလိုက်ပါတယ်။

လက်ရှိ ပြည်တွင်းမှာရှိတဲ့ စီးပွားရေးကုမ္ပဏီလုပ်ငန်းစုတွေကို အခွန်စည်းကြပ်ဖို့အတွက် ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးကို ဖွင့်လှစ်ထားပြီး အခွန်စည်းကြပ်နေတာပါ။

ဒီအတွက် လုပ်ငန်းတွေ အားလုံးအပေါ် အာရုံ စူးစိုက်နေရလို့ အခွန်ရရှိမှုကလည်း လစ်ဟာမှုတွေ ရှိစေနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေဖြစ်တဲ့ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့အစည်းတွေရဲ့ သုံးသပ်ပြောဆိုချက်အရ လုပ်ငန်းအားလုံးအပေါ် အာရုံစိုက်မှုထက် တကယ် အခွန်ရရှိမယ့် လုပ်ငန်းကြီးတွေအပေါ် အာရုံစိုက်တာက အခွန် ပိုမို ကောက်ခံနိုင်တာ ဖြစ်လို့ အခုလို ဆောင်ရွက်တာဖြစ်ကြောင်း ရန်ကုန်တိုင်းအခွန်ဦးစီးမှူး ဦးကျော်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် လုပ်ငန်းကြီးများဆိုင်ရာ အခွန်ရုံးကို ဖွင့်လှစ်ရတာက အခွန်ကောက်ခံတဲ့ပုံစံကို ပြောင်းလဲဖို့ ရည်ရွယ်တာလို့ ပြောပါတယ်။

ဒါ့အပြင် ပြည်တွင်းမှာ အခွန်ရှောင်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေလည်း ရှိနေလို့ အခွန်စိစစ် ကြပ်မတ်ရေးဘုတ်အဖွဲ့က အခု ဘဏ္ဍာရေးနှစ်ဖြစ်တဲ့ ၂၀၁၃ - ၁၄ ခုနှစ်မှာ အခွန် မဆောင်ရသေးတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ဘဏ္ဍာရေးကာလဖြစ်တဲ့ အခုနှစ် မတ်လမတိုင်မီ ခေါ်ယူတွေ့ဆုံဖို့ ရှိနေပါတယ်။

အခုလို ခေါ်ယူတွေ့ဆုံတာက လုပ်ငန်းရှင်တွေရဲ့ အခက်အခဲတွေကို သိရှိနိုင်ဖို့အတွက် ခေါ်ယူတာဖြစ်ကြောင်း ဦးကျော်ကျော်က ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း အခွန်ကောက်ခံရရှိမှုက အခု ဘဏ္ဍာရေးနှစ် ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်ကစလို့ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ဒုတိယရက်သတ္တပတ်အထိကို ကျပ် ၄၇၃ ဒသမ ၈ ဘီလီယံ ကျော် ရရှိပြီး ဖြစ်တာကြောင့် ပြီးခဲ့တဲ့ကာလတူ ဘဏ္ဍာရေးနှစ်နဲ့ယှဉ်ရင် အခွန် ကောက်ခံရရှိမှုက ကျပ် ၇၁ ဘီလီယံ ပိုမိုရရှိခဲ့တယ်လို့ ရန်ကုန်တိုင်းအခွန်ဦးစီးမှူးက ပြောပါတယ်။

ပြည်တွင်းမှာ အခွန်ကောက်ခံမှုနဲ့ ပတ်သက်လို့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက မဟာဗျူဟာတရပ် ချမှတ်ထားပါတယ်။ ဒါကတာ့ ၀င်ငွေခွန် ဖြစ်တဲ့ တိုက်ရိုက်ခွန်ကနေ ကောက်ခံရရှိမှု ပမာဏထက် သွယ်ဝိုက်ခွန်ကနေ အခွန်အကောက် ပိုမိုရရှိဖို့ အရေးကို အဓိက ဦးတည်လုပ်ဆောင်သွားဖို့ပါ။

တိုက်ရိုက်ခွန်လို့ခေါ်တဲ့ ၀င်ငွေခွန်က လုပ်ငန်းရှင်က သူ့ရဲ့ လုပ်ငန်းအမြတ်အပေါ် မူတည်ပြီး ပေးရတာဖြစ်တဲ့အတွက် လုပ်ငန်းရှင်တဦးတည်းကနေ ပေးဆောင်ရတာပါ။

သွယ်ဝိုက်ခွန်ကတော့ စားသုံးသူက ပေးဆောင်ရတဲ့ အခွန်ဖြစ်လို့ ပြည်သူအများက ပေးဆောင်တဲ့ အခွန် ဖြစ်ပါတယ်။

အပြည့်အစုံ နားဆင်းရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013