DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်အုပ်စုကို INTERPOL အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားရန် အဖွဲ့အစည်း ၃၀၀ ခန့် တောင်းဆို
DVB
·
November 23, 2021
မြန်မာစစ်အုပ်စုကို INTERPOL အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားရန် အဖွဲ့အစည်း ၃၀၀ ခန့် တောင်းဆို
Donate to DVB

မြန်မာစစ်အာဏာရှင်အုပ်စုဟာ မြန်မာနိုင်ငံကို ကိုယ်စားမပြုတဲ့အတွက် နိုင်ငံတကာရဲတပ်ဖွဲ့ INTERPOL ကနေ အသိအမှတ် မပြုဖို့နဲ့ ချက်ချင်းတားမြစ်ဖယ်ထုတ်ပေးဖို့ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးပေါင်းစုံ အဖွဲ့အစည်း ၂၅၉ ဖွဲ့က နိုဝင်ဘာ ၂၂ ရက်မှာ စုပေါင်းလက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။

လာမယ့် ၈၉ ကြိမ်မြောက် INTERPOL အထွေထွေညီလာခံမှာ စစ်အာဏာရှင်တွေကို ဖယ်ထုတ်ထားဖို့နဲ့ အဖွဲ့ဝင်အဖြစ်ပါဝင်နေတာကြောင့်ရရှိတဲ့ အကျိုးကျေးဇူးတွေနဲ့ အနာဂတ်ပူးပေါင်း ဆောင်ရွက်မှုအားလုံးကို တားမြစ်ဖယ်ရှားပေးဖို့ INTERPOL  ဥက္ကဋ္ဌ ကင်မ်ဂျုံယန်းအပါအဝင် အဖွဲ့ဝင်ပုဂ္ဂိုလ်တွေနဲ့ အဖွဲ့ဝင်နိုင်ငံတွေဆီ လိပ်မူရေးသားပေးပို့ခဲ့တာပါ။ 

INTERPOL အဖွဲ့ဝင်အဖြစ်ကနေတဆင့် စစ်အာဏာရှင်တွေကို တရားဝင်ဖြစ်စေမယ့် အစား ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးမှာ ဆက်လက်စုံစမ်းစစ်ဆေးဖို့ ထောက်ခံအားပေးပြီး မြန်မာနိုင်ငံက ရက်စက်ကြမ်းကြုတ်မှု ကျူးလွန်သူအားလုံးကို အရေးယူနိုင်ဖို့ နိုင်ငံတကာ ရာဇ၀တ်မှုကျူးလွန်သူတွေကို ထည့်သွင်း စဉ်းစားပေးဖို့လည်း မေတ္တာရပ်ခံလိုက်ပါတယ်။ 

မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုရမှာဖြစ်ပြီး စစ်အုပ်စုရဲ့ နေ့စဉ် အကြမ်းဖက်တားဆီးတဲ့ဒဏ်ခံနေရတဲ့ မြန်မာပြည်သူတွေရဲ့ ကိုယ်စားလှယ်အဖြစ် INTERPOL က အသိအမှတ်မပြုဖို့လည်း တောင်းဆိုထားပါတယ်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်နဲ့ တခြားတရားခံတွေကို ဖော်ထုတ်ဖမ်းဆီးပြီး ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှု ကျူးလွန်သူအားလုံးကို တရားမျှတစွာ ပို့ဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေတာတွေကို အားပေးကူညီဖို့လည်း  INTERPOL  တောင်းဆိုထားပါတယ်။ 

မြန်မာစစ်အုပ်စုရဲ့ အကြမ်းဖက် လှုပ်ရှားမှုတွေကို နှောင့်ယှက်ခြေရာခံတာတွေ၊ သူတို့ရဲ့ နိုင်ငံတကာ ၀င်ငွေနဲ့ လက်နက်ထောက်ပံ့မှုကွန်ရက်တွေကို တားဆီးခြင်းတွေကနေ အကြမ်းဖက် လုပ်ရပ်တွေ ဆက်လက်ဖြစ်ပွားနေခြင်းကို တားဆီးဖို့ ဆောင်ရွက်လို့ရနိုင်သမျှ အားလုံးကို အရေးယူပေးဖို့ တောင်းဆိုထားပါတယ်။ 

မြန်မာနိုင်ငံမှာ အခုလို အကဲဆတ်ပြီး အရေးကြီးတဲ့ အချိန်အခါမှာ INTERPOL နဲ့ သူတို့ရဲ့ အဖွဲ့ဝင်နိုင်ငံတွေက ရာဇ၀တ်မှုကျူးလွန်ခံရသူတွေနဲ့ လွတ်မြောက်လာသူတွေရဲ့ ဘေးကင်း လုံခြုံရေးနဲ့ နိုင်ငံတကာဥပဒေနဲ့ စံချိန်စံညွှန်းတွေနဲ့အညီ ဆောင်ရွက်ပေးဖို့ကို အဖွဲ့ပေါင်း ၂၅၉ ဖွဲ့က တောင်းဆိုလိုက်တာဖြစ်ပါတယ်။

မြန်မာစစ်အုပ်စုလက်အောက်က ရဲတပ်ဖွဲ့ဟာ လက်ရှိ INTERPOL မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုနေပြီး ရဲတပ်ဖွဲ့အကြီးအကဲနဲ့ ပြည်ထဲရေး ဒုတိယ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် ဦးဆောင်တဲ့ အဖွဲ့ဝင်တွေဟာ INTERPOL အထွေထွေညီလာခံမှာ မြန်မာအစိုးရ ကိုယ်စားလှယ်တွေအဖြစ် ဆောင်ရွက်မယ်လို့ သိရပါတယ်။ 

ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ အပေါ်  ရဲတပ်ဖွဲ့က ကျူးလွန်တဲ့ ဖိနှိပ်မှု မူဝါဒတွေနဲ့အကြမ်းဖက် လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချမှတ်ရာမှာ တိုက်ရိုက် တာဝန်ရှိပြီး မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူဖြစ်ပါတယ်။

ဒါ့အပြင် တခြားအကြောင်းတွေကြောင့်လည်း ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်ကို ၂၀၂၁ ခုနှစ် မတ်လက ဥရောပသမဂ္ဂမှ ခရီးသွားလာခွင့်ပိတ်ပင်ထားပြီး ပိုင်ဆိုင်မှုကို ခေတ္တ ရပ်ဆိုင်းထားကြောင်းနဲ့ အမေရိကန်၊ ယူကေနဲ့ ကနေဒါတို့ကလည်း သူ့ကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ထား ပါတယ်။

လက်ရှိ ချင်းပြည်နယ်က စစ်ဆင်ရေးကို ဦးဆောင်ဖို့ ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်ကို ခန့်အပ်ခဲ့တာဖြစ်ပြီး စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း ဒေသကြီးတွေမှာ အရပ်သားတွေအပေါ် စစ်ရေးအရ တိုက်ခိုက်မှုတွေ အပြင်းအထန်ပြုလုပ်နေတာပါ။

INTERPOL ရဲ့ မျှော်မှန်းချက်မှာ ရဲတပ်ဖွဲ့ကို လုံခြုံသောကမ္ဘာတခုအတွက် ချိတ်ဆက်ဖို့နဲ့ ကမ္ဘာ့နိုင်ငံသားတွေအတွက် လုံခြုံရေးကို ပံ့ပိုးပေးဖို့ ဖြစ်တာကြောင့် မြန်မာစစ်အုပ်စုလက်အောက်က ရဲတပ်ဖွဲ့ကို INTERPOL မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး အထွေထွေညီလာခံကို နိုင်ငံရေးအမြတ်ထုတ်ဖို့ ခွင့်မပြုသင့်ဘူးလို့ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေရဲ့ ပေးစာမှာ  ရေးသားထားပါတယ်။ 

မြန်မာစစ်အာဏာရှင်အုပ်စုကို ကုလသမဂ္ဂ အထွေထွေညီလာခံ၊ ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံ (COP26) နဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ အာဆီယံ- တရုတ် ထိပ်သီးအစည်းအဝေးအပါအဝင် နိုင်ငံတကာဖိုရမ်တွေမှာ ပါဝင်ခွင့်မပေးဘဲ ဖယ်ကြဉ် ထားတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ အပြည်ပြည်ဆိုင်ရာမှုခင်းရဲတပ်ဖွဲ့ (INTERPOL) အထွေထွေအတွင်းရေးမှူးထံသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့  ဧပြီ ၂၂ ရက်မှာ အကြောင်းကြားစာပေးပို့ခဲ့ပါတယ်။ 

 Photo- Interpol

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013