DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ကားစျေးကွက် အရောင်းအဝယ် အေးနေ
DVB
·
November 23, 2021
ရန်ကုန်ကားစျေးကွက် အရောင်းအဝယ် အေးနေ
Donate to DVB

ရန်ကုန်ကားဝယ်ရောင်းစျေးကွက်မှာ အရောင်းအဝယ်တွေ အေးနေပြီး အမြင့်စျေးနဲ့ မိထားတဲ့သူတွေအနေနဲ့ စျေးချရောင်းနိုင်မှသာ အရောင်းအဝယ်ဖြစ်မယ်လို့ ကားဝယ်ရောင်း လုပ်ကိုင်သူတွေက ပြောပါတယ်။

စစ်ကောင်စီက ပြည်တွင်းမှာ အမေရိကန်ဒေါ်လာလိုအပ်ချက်ရှိနေတာကြောင့် ကားပါမစ် (ပြည်ပမှ ကားအသစ်တင်သွင်း ခွင့်) တွေကို ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ရပ်ဆိုင်းလိုက်ပါတယ်။ 

ဒီအကျိုးဆက်ကြောင့် ရန်ကုန်ကားဝယ်ရောင်းစျေးကွက်မှာ ကားစျေးက တက်သွားခဲ့ပြီး အရောင်းအဝယ်လည်း လိုက်ခဲ့တာ တွေ့ရတယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်သူတဦးက ပြောပါတယ်။

“ကားပါမစ် ပိတ်ပိတ်ချင်းကာလတုန်းက နည်းနည်းဝယ်လိုအားများခဲ့တယ်။ တဘက်ကလည်း အဲ့အချိန်က ဒေါ်လာတန်ဖိုးက တက်နေတာလည်း ပါတာပေါ့နော်။ ဒါကြောင့် တချို့ကလည်း ဒေါ်လာအစား ကားဝယ်လိုက်ကြတာပေါ့နော်။ ပြီးတော့ နောက်တချက်က ကားပါမစ်ပိတ်ပေမယ့် SKD ကတော့ မပိတ်ထားဘူးနော်။ ဒါပေမဲ့ SKD ထုတ်ကားတွေက ကိုဗစ်ကြောင့် စက်ရုံတွေ မလည်နိုင်ကြသေးဘူး။ အခုတော့ စက်ရုံတွေက ပြန်လည်နေကြပြီနော်။ အဲ့တော့ ကျနော် ထင်တယ်။ ဒီဇင်ဘာအကုန်လောက်ဆိုရင် SKD ထုတ်ကားတွေ ပြန်ထွက်ကြလိမ့်မယ်။ ကားရှားသွားတဲ့ အကြောင်းအရင်းကလည်း SKD မလည်ကြတဲ့ အချက်တခုလည်းပါတယ်။ SKD စက်ရုံတွေကိုတော့ ဘယ်သူမျှပိတ်ခိုင်းတာတော့မဟုတ်ဘူး။ ကိုယ့်ဘာသာပိတ်ကြတာလေ။ အဲ့အချက်တွေစုံပြီးတော့ ကားစျေးက တက်သွားခဲ့တာပါ။ အရောင်းအဝယ်တွေလည်း ကောင်းခဲ့တယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်နဲ့ အောက်တိုဘာလဆန်းအချိန်တုန်းကလေ။ ဒါပေမယ့် အခုနောက်ပိုင်းကျတော့ ဒေါ်လာစျေးတွေလည်း ပြန်ကျသွားပြီ။ အခုဆိုရင် အရောင်းအဝယ်တွေကလည်း ပြန်အေးသွားပြီနော်။ စျေးကတော့ မကျဘူး။ ဘာလို့လဲဆို ဝယ်ထားတဲ့သူက နှစ်ဆင့်ဖြစ်သွားလို့လေ။ လက်ရှိကားစျေးက အေးပါတယ်။ အခုရောင်းချင်ရင်တော့ လျှော့ရောင်းမှ ရမယ်။ ပေါက်စျေးနဲ့တော့ ဘယ်သူမျှမဝယ်ကြဘူးနော်။” 

ပြည်တွင်းမှာ SKD စနစ်နဲ့ထုတ်လုပ်ပြီး ရောင်းချနေတဲ့ ဆူဇူကီးကားကုမ္ပဏီနဲ့ ဟွန်းဒိုင်းကားကုမ္ပဏီတို့ရှိကြရာ ယင်းကုမ္ပဏီတွေက ထုတ်တဲ့ကားသစ်တွေကို လူကြိုက်များပြီး လက်ခံလာတဲ့အတွက်ကြောင့် ရန်ကုန်ကားဝယ်ရောင်းစျေး ကွက်မှာ ဂျပန်တပတ်ရစ် အဟောင်းကား (ဂျပန် used car) နဲ့ ပြည်တွင်းမှာ SKD စနစ်နဲ့ တပ်ဆင်ထုတ်လုပ်တဲ့ ကားသစ် ဆိုပြီး စျေးကွက် ၂ မျိုးနဲ့ အရောင်းအဝယ်ရှိနေတာပါ။

အသစ်ကားစျေးကွက်မှာ SKD တွေက ၇၀ ရာခိုင်နှုန်းလွှမ်းမိုးထားတာဖြစ်ပြီး SKD ထုတ် ကားတွေပြန်ထွက်လာပါက ကားအသစ်စျေးကွက်က ပုံမှန် ပြန်ဖြစ်သွားမယ်ထင်တယ်လို့ ကားအရောင်းစင်တာပိုင်ရှင်တဦးက ပြောပါတယ်။

“SKD ထုတ်ကားတွေကို ဒေါ်လာနဲ့ပဲရောင်းရောင်း၊ ကျပ်ငွေနဲ့ပဲ ရောင်းရောင်း စျေးကသိပ်မကွာပါဘူး။ ဒေါ်လာစျေးကလည်း ဗဟိုဘဏ်သတ်မှတ်ရည်ညွှန်းနှုန်းနဲ့ အကြမ်းဖျဉ်း ၁၇၀၀ ကျော်နဲ့ တွက်ကြတာလေ။ အခုက ဒေါ်လာစျေးနဲ့ အများကြီးစျေးတင်ပြီးရောင်းလို့မှ မရတာ။ ကားစျေးတက်တယ်၊ ကျတယ်ဆိုတာ ကားအမျိုးအစားအပေါ်မူတည်ပြီး စိတ်ဝင်စားကြတာပါ။ အခုမှ ကားစစီးမည့်သူက သိန်း ၂၀၀ အောက်ကားကို ရှာကြတာ။ အဲ့ကားတွေက လောလောဆယ် မလွယ်လှဘူး။ ပြီးတော့ ဒီ ဂျပန် used car တွေက မြန်မာပြည်မှာတင် သုံးတာက ၁၅ နှစ်လောက်ရှိပြီနော်။ အဲ့တော့ သူတို့ ဘတ်ဂျက်နဲ့ဝင်တဲ့ ကားက အညံ့ဖြစ်နေလောက်ပြီ။ condition ကောင်းတဲ့ကားဆိုရင်တော့ စျေးခေါ်မှာပေါ့။ အဲ့လိုမျိုးတော့ ရှိတယ်။ ဒါပေမယ့် ခြုံပြီးပြောရရင် ကားစျေးကွက်က သိပ်အကောင်းကြီးမဟုတ်ပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီခန့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက မနေ့က မင်္ဂလာဒုံမြို့နယ်ရှိ ခရီးသည်တင်ယာဉ်တွေ တပ်ဆင်ထုတ်လုပ်ရောင်းချတဲ့  SC Auto (Myanmar) ကုမ္ပဏီကိုသွားရောက်ပြီး  လျှပ်စစ် ခရီးသည်တင်ယာဉ် (E-Bus) တွေကိုပြည်တွင်းဈေးကွက်မှာ ထုတ်လုပ်ဖို့ကိစ္စ ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013