DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ရောဂါကင်းစင်မှသာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပုံမှန်ပြန်စနိုင်မည်
DVB
·
November 23, 2021
ကိုဗစ်-၁၉ ရောဂါကင်းစင်မှသာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပုံမှန်ပြန်စနိုင်မည်
Donate to DVB

မြန်မာ-တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တဆင့် တရုတ်နိုင်ငံဘက်ကို ကုန်သွယ်မှုတွေ ပုံမှန်ပြန်လည် ဆောင်ရွက်နိုင်ဖို့ လက်ရှိအခြေအနေမှာ နှစ်နိုင်ငံတာဝန်ရှိသူတွေ  ညှိနှိုင်းနေဆဲဖြစ််ပါတယ်။ 

နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင် ဖွင့်လှစ်ဖို့ကိစ္စ တရုတ်-မြန်မာ နယ်စပ် နှစ်နိုင်ငံ ခရိုင်အဆင့် တာဝန်ရှိသူတွေ နိုဝင်ဘာ ၂၀ ရက်နေ့က Zoom Meeting နဲ့ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

တရုတ်နိုင်ငံ၊ ရွှေလီမြို့တော်ဝန်ရဲ့  အကြံပြုချက်အရ မူဆယ်ဒေသအတွင်း ကိုဗစ်-၁၉ ရောဂါကင်းစင်မှသာ   ကုန်သွယ်မှုလုပ်ငန်းတွေ ပြန်လည်စတင်ဆောင်ရွက်သွားနိုင်မယ်လို့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အသိုင်းအဝိုင်းက သိရပါတယ်။

တရုတ်နယ်စပ်နဲ့ ကပ်နေတဲ့ မြန်မာနိုင်ငံဘက်ခြမ်း  မူဆယ်၊ နမ့်ခမ်း၊ ကြူကုတ် (ပန်ဆိုင်း)နဲ့ မုံးကိုး စတဲ့မြို့တွေကို ကိုဗစ် ကင်းစင်အောင် လုပ်ပေးဖို့ တောင်းဆိုလာတယ်လို့ ကုန်သွယ်ရေးဇုန် တာဝန် ရှိသူ တဦးကပြောပါတယ်။ 

"ကိုဗစ်စင်တာလည်း ဖွင့်ထားပေးတယ်။ သူတို့ လှူတာကလည်း ကုန်သွယ်ရေးလုပ်ချင်လို့ လှူတာဖြစ်ပါတယ်။ ကျနော်တို့ဘက်ကလည်း ကိုဗစ် ကင်းစင်အောင်လုပ်ဖို့ သူတို့က ပြန်တောင်းဆိုတာပေါ့။ တရုတ်ဘက်က ဖြစ်စေချင်တာက မူဆယ်ကို အရေးမကြီးဘဲနဲ့ ဘယ်သူမှ အလည်မလာစေဖို့၊ လာလို့ရှိရင်လည်း ရောဂါပိုးစစ်ဆေးပြီးမှ၊ ကာကွယ်ဆေးထိုးပြီးသား အထောက်အထားတွေပြနိုင်မှ အဝင်ခံဖို့၊ မူဆယ်ကို ကိုဗစ်ကင်းစင်အောင်လုပ်ဖို့ လိုလားနေပေမဲ့ ကိုယ့်ဘက်က စည်းကမ်းလိုက်နာမှု အားနည်းချက်တွေကြောင့် ကိုဗစ်နဲ့ ပတ်သက်ရင် တယောက် မှ အဖြစ်မခံနိုင်တဲ့ ပေါက်ဖော်လိုလားတဲ့ ကိုဗစ်ကင်းစင်မှ ဆိုတာ ခဲယဥ်းနေတယ်။ ကိုဗစ် ကင်းစင်အောင် လုပ်ဖို့က ခက်ခဲတဲ့ ကိစ္စပေါ့နော်။"

ကိုဗစ်ကင်းစင်ရင်တောင်မှ  ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ ကျင်းစန်းကျော့ထိ တရုတ်ဘက်က အပြင်လူ မဝင်ပဲ အောက်ဘက်က တက်လာတဲ့ ကားသမားတွေကို ၁၀၅ မိုင်မရောက်ခင် ၂ မိုင်လောက်က ရွှေမိုင်းယု ဆီဆိုင်မှာရောဂါပိုးစစ်ဆေးကာ ယာဉ်မောင်းတွေ အဲဒီမှာ နေခဲ့ရနိုင်ကာ   ရောဂါပိုး စစ်ဆေးထားပြီး ရောဂါမရှိတဲ့ ရှန်တိန်ယာဉ်မောင်းက ကားမောင်းကာ နယ်စပ်မှာ ပိုးသတ်ဆေးဖျန်းပြီးမှ တရုတ်ဘက် ကို ဝင်ခွင့်ပြုမယ်အခြေအနေရှိနေတယ်လို့လည်း ဆိုပါတယ်။

ကုန်သည်လုပ်ငန်းရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကုန်သွယ်မှုနဲ့ ဆက်စပ် လုပ်ကိုင်နေသူတွေ အားလုံး ထိခိုက်နစ်နာမှုမရှိစေဖို့  လူမှုကွန်ရက်တွေမှာ  လက်ရှိထွက်ပေါ်နေတဲ့ ထင်ရောင်ထင်မှား သတင်းတွေကို မယုံကြည်ကြဖို့ မူဆယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုန်ရဲ့ Facebook လူမှုကွန်ယက်ကနေ အသိပေးထားပါတယ်။

၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ နီးစပ်သူ တဦးက "ကားသမားတွေအနေနဲ့ရော၊ အုံနာတွေရော၊ ကုန်သည်တွေရော အကုန်လုံးဒုက္ခရောက်တာပေါ့ဗျာ။ လမ်းပေါ်မှာ ကားတွေတန်းစီ။ လမ်းဘေးနေ လမ်းဘေးစား ဖြစ်ကုန်တာပေါ့နော်။ ကိုယ့်ပြည်သူတွေ ဒုက္ခမရောက်အောင် ပေါက်ကရတွေ မယုံပါနဲ့လို့ ဒါလေး ပြောချင်ပါတယ်။" လို့ ပြောပါတယ်။

နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းတွေပြန်လည် ဆောင်ရွက်နိုင်မယ်ဆိုပါက အချိန်ကာလအနေဖြင့် တပတ် သို့မဟုတ် ၁၀ ရက်လောက် ကြိုတင် အသိပေး အကြောင်းကြားသွားမယ်လို့ဆိုပါတယ်။

“ဖွင့်တော့မယ်ဆိုရင်လည်း ကိုယ့်ပြည်သူတွေ ပြင်ဆင်လို့ရအောင် ၁ ပတ်၊ ၁၀ ရက်တော့ ကြိုပြောမှာပေါ့ဗျာ။ ကျနော်တို့ဘက်လည်း ပြင်ဆင်ရမှာကိုး။ ကြိုသိရမှာပါ။ ကျနော်တို့ဘက်က ပြောမှာပဲလေ။ ပြည်သူတွေက ဟိုဟာလုပ်ဒီဟာလုပ်နဲ့ဆို မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေများ။ အဲလိုဖြစ်တာ။ ကျနော်တို့ပြည်သူတွေပေါ့ဗျာ။ အဲလိုင်းပေါ် တက်တာတွေ မယုံပါနဲ့။ Trade Zone က ပြောမှပဲယုံပါ။ အရမ်းမယုံဖို့၊ ယုံရင် အလကား ဒုက္ခရောက်တယ်လေ။" လို့  ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ နီးစပ်သူက ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါ အကြောင်းပြချက်နဲ့ မန့်ဝိန်း-ကျယ်ဂေါင်ဂိတ်ကို အခုနှစ်မတ်လကုန် ဧပြီလဆန်းကစတင်ကာ တရုတ်ဘက်က ပိတ်ခဲ့ပြီး ကျင်းစန်းကျော့-ဝမ်တိန်ဂိတ်နဲ့ ကြူကုတ် (ပန်ဆိုင်း)-ဝမ်တန်ဂိတ်ကိုတော့ ဇူလိုင် ၈ ရက်ကစလို့  ကျန်းမာရေးပစ္စည်းတွေကလွဲပြီး ရက်အကန့်အသတ်မရှိ ပိတ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013