DVB Logo
Home
မြန်မာသတင်း
ရန်ကုန် အိမ်ခြံမြေ အရောင်းအဝယ်စျေးကွက်နှင့် အငှားစျေးကွက် ကျဆင်း
DVB
·
November 22, 2021
ရန်ကုန် အိမ်ခြံမြေ အရောင်းအဝယ်စျေးကွက်နှင့် အငှားစျေးကွက်  ကျဆင်း
Donate to DVB

ရန်ကုန်အိမ်ခြံမြေစျေးကွက်မှာ အရောင်းအဝယ်တွေက ၃၀ ရာခိုင်နှုန်းခန့် ကျဆင်းမှုရှိနေသလို အငှားစျေးကွက်ကလည်း ၆၀ ရာခိုင်နှုန်းကျော်ကျဆင်းနေတယ်လို့ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်တွေက ပြောပါတယ်။

ကိုဗစ်ကူးစက်ရောဂါကြောင့် ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေဟာ ပုံမှန်လည်ပတ်မှု မရှိတော့တဲ့ ဒဏ်ကို အလူးအလဲ ခံနေရတဲ့အချိန်မှာ စစ်တပ်က အာဏာသိမ်းမှုကြောင့် နိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေကို တစတစနဲ့ ပြန်လည်ထွက်ခွာစေတဲ့ အကျိုးဆက်ကြောင့် ရန်ကုန်အိမ်ခြံမြေ စျေးကွက်ဟာ ကြီးကြီးမားမား သက်ရောက်မှုဒဏ်ကို ခံနေရပါတယ်။

ဝါရင့်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တဦးက “အရောင်းအဝယ်တွေက အရင်ကထက် ၃၀ ရာခိုင်နှုန်းလောက် ကျသွားတယ်။ တချို့လူတွေကလည်း ဝယ်ပြီးရင် ဘာဖြစ်မလဲဆိုတာ မသိကြတော့ စောင့်ကြည့် နေကြတာ ရှိတယ်။ အခုအချိန်က ဖြစ်တော့ဖြစ်တယ်၊ ဒါပေမဲ့ မြိုင်မြိုင်ဆိုင်ဆိုင်တော့ မဖြစ်ဘူးပေါ့။ အရောင်းအဝယ်ဖြစ်တဲ့ စျေးနှုန်းက လွန်ခဲ့တဲ့ ၅ နှစ် ကတည်းက စပြီး တဖြည်းဖြည်းနဲ့ ကျလာတဲ့ စျေးဆိုတော့ အခုအချိန်မှာ ထိုးကျသွားတယ်လို့တော့ မရှိပါဘူး။ အငှားစျေးကွက်လည်း အရင်လို မမြိုင်တာတော့ အမှန်ဘဲ။ နိုင်ငံခြားသားကလည်း ပျောက်နေတာလေ။ တချို့ကွန်ဒို တွေဆိုရင် နိုင်ငံခြားသားတွေအတွက် ငှားစားဖို့ဆိုပြီး အဆင့်မြင့်ထားတာတွေ ရှိတယ်နော်။ နိုင်ငံခြားသားက မရှိ၊ တခါ ဆင်းသွားတဲ့သူတွေကလည်း ပြန်တက်မလာကြတာ ရှိတယ်။ တချို့စက်မှုဇုန်တွေလည်း ပိတ်ပြီး ပြန်ကုန်တာတွေရှိတော့ ပြန် အငှားတင်လို့မရတဲ့ အနေအထားတွေ ရှိတယ်။ အငှားစျေးကွက်ကတော့ တော်တော်ထိခိုက်သွား တယ်။ အငှား စျေးကွက်ဆိုရင် ၆၀ ရာခိုင်နှုန်းကျော်လောက် ကျသွားတယ်။ ဒါကြောင့် အငှားစျေးနှုန်းကလည်း ခန့်မှန်းပြောရရင် ခေါက်ချိုး လောက်ကျသွားတယ်” လို့ဆိုပါတယ်

အိမ်ခြံမြေဝယ်ရောင်းလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တဦးကတော့ “တိုင်းပြည်က ပြည်သူတွေ ဝင်ငွေကောင်းလာရင် အိမ်ခြံမြေစျေးကွက်ကလည်း ကောင်းတယ်လို့ ပြောလို့ ရတယ်နော်။ ဒီအပေါ်မှာ အဓိက မူတည်တယ်။ နောက်တချက်က နိုင်ငံခြားက ရင်းနှီးမြုပ်နှံသူတွေ လာလို့ရှိရင်လည်း အိမ်ခြံမြေစျေးကွက်က သွက်တယ်နော်။ အခု အဲ့ဒီ့နှစ်ခုစလုံးက ပျောက်နေတာ လေ။ လက်ရှိအရောင်းအဝယ်တချို့ဖြစ်နေတယ်ဆိုတာကလည်း ဘဏ်အပေါ် ယုံကြည်မှုလျှော့ လို့သာ ဝယ်နေကြတာ။ စီးပွားရေး တအားဖြစ်လို့ ဝယ်နေတာမဟုတ်ဘူး” လို့ပြောပါတယ်။

ဒါကြောင့်လက်ရှိအခြေအနေတွေအရ ရန်ကုန်အိမ်ခြံမြေစျေးကွက်ဟာ ပုံမှန်ပြန်လည် လည်ပတ်နိုင်ဖို့က မလွယ်ကူတဲ့ အနေအထားမှာရှိနေတယ်။

အဆိုပါပုဂ္ဂိုလ်က “ပုံမှန်ပြန်လည်ပတ်ဖို့ဆိုရင် ဘဏ်စနစ်က စပြောရမှာပေါ့နော်။ ဘဏ်စနစ်က ပြန်လည်ပတ်ဖို့လိုတယ်။ ပြီးတော့ နိုင်ငံခြားသားရင်းနှီးမြုပ်နှံသူတွေဝင်လာဖို့အတွက်လည်း ရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းလေးတွေကို များများဖော်ပေး မယ်ဆိုရင်တော့ ပြန်ကောင်းလာမယ့် သဘောမှာရှိတာပေါ့။ နိုင်ငံသားတွေအတွက်လည်း အကျိုးအမြတ်ရှိစေတဲ့ စီမံကိန်းတွေ ဖော်ဆောင်ပေးဖို့ လိုတယ်နော်။ အဲ့ဒီ့အချက််တွေအပေါ် မူတည်ပြီးမှ အိမ်ခြံမြေစျေးကွက်က အလားအလာ ကောင်းနိုင်တာလေ။ လက်ရှိအခြေအနေမှာတော့ ပြန်ကောင်းဖို့ မမြင်ဘူး။ ဒီအချက်တွေ မကောင်းသေးသရွေ့ အိမ်ခြံမြေစျေးကွက် ပြန်ကောင်းလာဖို့ မလွယ်ဘူး” လို့ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးကျဆင်းမှုနဲ့အတူ  စီးပွားရေးလုပ်ငန်းတွေ၊  ကုမ္ပဏီတွေ၊ NGO တွေလည်း ပိတ်သိမ်းခဲ့ရတဲ့အတွက် အရင်က ရန်ကုန်မှာ အိမ်ငှားပြီး လာရောက် နေထိုင် အလုပ်လုပ်ကြတဲ့ ဝန်ထမ်းတွေလည်း နယ်ပြန်ကုန်တာကြောင့် အိမ်ငှား ဈေးကွက်ပျက်သွားတာဖြစ်ပါတယ်။

ဒါအပြင် ရန်ကုန်မှာ နေထိုင် အလုပ်အကိုင်ရှာဖွေ၊  ကျောင်းတက်ကြတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်တွေက သံသယနဲ့ လိုက်လံဖမ်းဆီးနေတာတွေ၊ ဧည့်စရင်းတိုင်ရတာတွေနဲ့ လုံခြုံရေး တင်းကျပ် စစ်ဆေးတာတွေကြောင့်လည်း အိမ်ငှားဈေးကွက် ထိခိုက်မှုရှိနေတာလည်း ဖြစ်ပါတယ်။

အလားတူ အိမ်အရောင်းအဝယ်ဈေးကွက်မှာလည်း  စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ ငွေသား ကျပ်သိန်း ၂၀၀ အထက် အရောင်းအဝယ်မလုပ်ဖို့ တားမြစ်ချက်တွေအပါအဝင် ဒစ်ဂျစ်တယ် ငွေပေးငွေယူမှုတွေကို ပိုမိုစည်းကမ်းတင်းကျပ်လိုက်တာကြောင့်  နေအိမ်တိုက်ခန်းတွေကို  ဘဏ်တွေနဲ့  ချိတ်ဆက်ပြီး  အရစ်ကျ ရောင်းဝယ်တဲ့လုပ်ငန်းတွေလည်း ထိခိုက်မှုရှိနေတာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013