
တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုမှာ စစ်အာဏာရှင်တပ်က ဟိုတယ်နဲ့ ဆီဆိုင်တွေကို ဒီနေ့ မေ ၁၁ ရက် မနက်မှာပဲ ဝင်မွှေပြီးတော့ ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လုံးခင်းကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်တပ်ဟာ ဥရုဆွတ်အိန် ဟိုတယ်ကို ဝင်ရောက်မွှေနှောက်သွားသလို မှော်စီဆာဘက် အတက်က ရွှေညောင်ပင် ဆီပန့်ဆိုင်ကနေလည်း ရွှေနဲ့ ငွေသားတွေ ယူသွားတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “ဥရုဆွတ်အိန် ဟိုတယ်ကနေ ဖမ်းသွားသူတွေကိုလည်း ပြန်မလွှတ်ပေးသေးဘူး။ အခုလည်း ဟိုတယ်ထဲ ဝင်မွှေသွားတယ်။ ရွှေညောင်ပင် ဆီပန့်ဆိုင်ကနေလည်း ရွှေနဲ့ ငွေသားတွေကို ယူသွားတယ်။ ဆိုင်ထဲမှာရှိတဲ့သူတွေကို ကျေနပ်ကြလား ဆိုပြီး ပြောသွားသေးတယ်” လို့ DVB ကို ပြောပါတယ်။
အခု အဲဒီစစ်ကြောင်းဟာ မှောစီဆာ ဘုန်းကြီးကျောင်းမှာ တပ်ဖြန့်နေရာယူထားပြီး တော်လှန်ရေးတပ်တွေနဲ့ စစ်ဆိုင်ထားတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဒေသံတွေက ပြောပါတယ်။
ဒေသခံတယောက်ကလည်း “မှော်စီဆာ ဘုန်းကြီးကျောင်းနဲ့ မှော်စီဆာထဲမှာ အရပ်ဝတ်တွေနဲ့ တပ်ဖြန့်ထားသေးတယ်။ လုံးခင်းကနေ မှော်စီဆာတလျှောက်လုံး နေရာယူတယ်။ နောက် လုံးခင်းကနေ ဖားကန့် တလျှောက်လုံး နေရာယူထားတယ်။ စစ်ကဆိုင်နေတော့ အရပ်သားတွေလည်း မထွက်ရဲကြဘူး” လို့ ပြောပါတယ်။
ဧပြီလ ပထမပတ်ထဲကစလို့ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုမှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲပြင်းထန်လာတာဖြစ်ပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် အရပ်သားတွေ ထိခိုက် သေဆုံးနေရပါတယ်။










