DVB Logo
Home
Lead Story
အန်ကောဝပ် ကျောင်းတော်ကို ကြည့်ရှုစောင့်ရှောက်မယ့် ကမ္ဘောဒီးယားလူငယ်များ
DVB
·
January 13, 2014
အန်ကောဝပ် ကျောင်းတော်ကို ကြည့်ရှုစောင့်ရှောက်မယ့် ကမ္ဘောဒီးယားလူငယ်များ
Donate to DVB

ကမ္ဘောဒီယားနိုင်ငံ ဖနွမ်ပင်ရဲ့ မြောက်ဘက် ကီလိုမီတာ ၃၀၀ အကွာလောက်မှာ ရှိတဲ့ အန်ကောဝပ်နယ်မြေဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ နာမည်အကြီးဆုံး ကမ္ဘာလှည့်ခရီးသွားတွေ သွားရောက်တဲ့ နေရာတခု ဖြစ်ပါတယ်။ ရှေးဟောင်းဟိန္ဒူဘုရားကျောင်းဖြစ်တဲ့ အန်ကောဝပ်ကျောင်းတော် အဆောက်အဦကို ၁၉၉၂ ခုနှစ်မှာ ကမ္ဘာ့အမွေအနှစ် နေရာတခုအဖြစ် စာရင်းထည့်သွင်းထားခဲ့ပါတယ်။

လတ်တလော နှစ်တွေအတွင်းမှာလည်း အဲဒီကို လာရောက်ကြတဲ့ ခရီးသွားတွေ အရေအတွက် မြင့်တက်လာပြီး၊ များပြားလာတဲ့ ခရီးသွားဦးရေကြောင့် အမှတ်တရ အဆောက်အဦတွေ ထိခိုက်ပျက်စီးကုန်တော့မယ်လို့ စိုးရိမ်ပူပန်မှုတွေလည်း ရှိလာကြပါတယ်။

ထောင့်တနေရာမှာ ခမာလူငယ်အုပ်စုတခုဟာ အန်ကောဝပ်ကျောင်းတော်က ကျောက်တုံးတွေနဲ့ စုစုဝေးဝေး အလုပ်လုပ်နေကြပါတယ်။ သူတို့ဟာ တူတွေ၊ ဆောက်တွေ တန်ဆာပလာမျိုးစုံကို အသုံးပြုပြီး လုပ်ကိုင်နေကြတာပါ။

Cambodi_Angkor_Wat_web_140111_672 copyကိရိယာပစ္စည်းတွေကို ဆွဲထုတ်လိုက်ပြီး ပန်းပုရုပ်တွေကို စပြီး တိုင်းတာနေတဲ့ အသက် ၁၉ နှစ်အရွယ် ဆောင် ရာတာနက်ခ်က “ဒီကျောင်းဆောင်တွေဟာ သူတို့ကို ဆောက်လုပ် ထားပုံတွေကြောင့် ကြီးကျယ်ခမ်းနားလွန်းတယ်လို့ ကျနော် ထင်ပါတယ်။ သိတဲ့အတိုင်း အရင်တုန်းက ဒီလောက် ကြီးကျယ်တဲ့ ကျောင်းတော်ကြီးကို တည်ဆောက်ဖို့ ဘာခေတ်မီ ပစ္စည်းကိရိယာတွေမှ ရှိတာ မဟုတ်ဘူးလေ” လို့ ပြောပါတယ်။

ဒါဟာ သက်တမ်း ရာကျော်ချီ ရှိနေတဲ့ ရှေးဟောင်းကျောက်တုံးတွေအကြောင်း ပိုပြီး လေ့လာ သင်ယူနိုင်မယ့် သင်ခန်းစာ တခုပဲလို့ ဆောင်က ရှင်းပြပါတယ်။ ပန်းပုရုပ်ကြီးတွေကို တိုင်းတာရင်းနဲ့ သူတို့ရဲ့ ဘိုးဘေးတွေ ဘယ်ကိရိယာ တန်ဆာပလာတွေ သုံးပြီး ဒီအရုပ်ကြီး တွေကို ဘယ်လိုဖန်တီးထုဆစ် တည်ဆောက်ခဲ့တယ် ဆိုတာကို လေ့လာနေကြတာပါ။ လေ့ကျင့် သင်ယူခြင်း နောက်ပိုင်းမှာ သူတို့လည်း ကျောက်တုံးတွေကို ဘယ်လိုထုဆစ်ရမယ်ဆိုတာ လေ့လာ ရဦးမှာပါ။

ဆောင်ဟာ ကျောက်တုံးတွေကို ထိန်းသိမ်းစောင့်ရှောက်တာနဲ့ပတ်သက်ပြီး လေ့လာနေကြတဲ့ ကမ္ဘောဒီးယား လူငယ် အယောက် ၂၀ အုပ်စုထဲက တယောက်ဖြစ်ပါတယ်။ သင်တန်းကာလ ၂ နှစ်အတွင်းမှာ သူတို့ဟာ ပန်းပုပညာရပ်ရဲ့ သမိုင်းကြောင်းတွေနဲ့ ကျောက်တုံးတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ နည်းပညာသစ်တွေအကြောင်း သင်ယူလေ့လာရမှာ ဖြစ်ပါတယ်။

အုပ်စု ခေါင်းဆောင်ဖြစ်တဲ့ အသက် ၄၆ နှစ်အရွယ် လောင်နာရီက “သူတို့တွေက အထက်တန်း အောင်ပြီးကြပါပြီ။ တချို့ကတော့ တက္ကသိုလ် ဆက်တက်နေကြတုန်း ကျောင်းသားတွေပေါ့။ ဒါပေမယ့်လည်း ကျနော်တို့မှာ ကျောက်တုံးတွေကို ထိန်းသိမ်းတဲ့ ပညာရပ်တွေကို လူငယ်တွေကို ပြန်သင်ကြားပေးမယ့် ကျောင်းတွေလည်း မရှိဘူးလေ။ ဒါကြောင့်ပဲ သူတို့က ကမ္ဘောဒီးယားကိုလာပြီး အတွေ့အကြုံ ဗဟုသုတတွေ လာဝေမျှပေးမယ့် အဖွဲ့အစည်းအမျိုးမျိုး ၊ လူအမျိုးမျိုးနဲ့ ပညာရှင်တွေဆီကနေ လေ့လာသင်ယူနေရတာပါ” လို့ ပြောပါတယ်။

ခရီးသွားဧည့်လမ်းညွှန်အဖြစ် အနှစ် ၂၀ လောက် လုပ်ကိုင်ခဲ့ပြီး အခု ကျောက်တုံးတွေကို ထိန်းသိမ်းစောင့်ရှောက်တာကို လေ့လာနေတယ်လို့ လောင်နာရီက ပြောပါတယ်။

“ကျနော်က မှတ်တမ်းတွေ ဘယ်လိုထားရမယ်၊ ကျောက်တုံးတွေကို ဘယ်လို ထိန်းသိမ်းရမယ်၊ ရုပ်တုကြီးတွေ ဘာတွေ ဖြစ်နေတယ် ဆိုတာမျိုး… တန်ဖိုးသိပ်ရှိတဲ့ တခုခုပေါ့လေ။ အဲဒါတွေကို လေ့လာနေတာပါ။”

လောင်နာရီကို ကမ္ဘာတလွှားက ယဉ်ကျေးမှုအမွေအနှစ်တွေ ထိန်းသိမ်းစောင့်ရှောက်တဲ့ အဖွဲ့အစည်းတခု ဖြစ်တဲ့ ICCROM ကနေ သင်တန်းပေးခဲ့တာပါ။ သူဟာ ကျောက်တုံး ထိန်းသိမ်း စောင့်ရှောက်ခြင်းဆိုင်ရာ ၃ လ သင်တန်းအတွက် ရောမကို စေလွှတ်ခဲ့တဲ့ ပထမဆုံး ကမ္ဘောဒီးယားလူမျိုး ဖြစ်ပါတယ်။

ဒီကျောင်းတော်ကြီးကို ကြည့်ရှုစောင့်ရှောက်ဖို့ ဒေသခံလူထု ပါဝင်နေမှုက အရေးကြီးတယ်လို့ ICCROM အဖွဲ့က ဆိုင်မန်ဝေါရက်ခ်က ပြောပါတယ်။

“ပြုပြင်ထိန်းသိမ်းမှု မရှိတာက အကြီးဆုံးပြဿနာပေါ့လေ။ ပြိုကျနေပြီဖြစ်တဲ့ ဘယ်ကျောင်းတော်တွေကိုမဆို ကြည့်လိုက်ရင် အကြောင်းရင်းကတော့ ဘယ်သူကမှ ထိန်းသိမ်း စောင့်ရှောက်မှု မရှိတာပဲ။ ဒါကြောင့် ဒီကျောင်းတော်တွေကို ကြည့်ရှုစောင့်ရှောက်ဖို့ သင်တန်း ပေးထားတဲ့သူတွေဟာ ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းစဉ်မှာ သိပ်ကို အရေးကြီးပါတယ်။ ထိန်းသိမ်းစောင့်ရှောက်ရေး အစီအစဉ်တွေကို အမြဲတမ်း လိုက်လုပ်နေမယ့် ပြုပြင်ထိန်းသိမ်းရေး အစီအစဉ်နဲ့ ချိတ်ဆက်ထားရမှာပါ။ ဒါဆို ခု သင်တန်းတက်နေကြတဲ့သူတွေက အဓိက ကျလာပြီလေ။ ဘာလို့လဲဆိုတော့ ဒီကျောင်းတော်တွေ နောက်ထပ်ပြိုကျတာတွေ မဖြစ်တော့အောင် ထိန်းသိမ်းပေးမယ့်သူတွေကို လေ့ကျင့် သင်တန်းပေးထားလို့ပဲပေါ့ဗျာ။”

သူ့ သူငယ်ချင်းတွေနဲ့အတူ တိုင်းတာခြင်းနဲ့ ကျောက်တုံးတွေက ရရှိတဲ့ အချက်အလက်တွေကို မှတ်တမ်းတင်တာတွေ ဆက်လုပ်နေတဲ့ ဆောင်က “ကျနော် ဒီအလုပ်ကို သဘောကျပါတယ်။ ကျနော် ဒီသင်တန်းကိုလည်း ပြီးအောင် တက်ချင်ပါတယ်။ ဒါမှ နေ့တိုင်းလိုလို ပျက်စီးယိုယွင်းနေတဲ့ ခမာကျောင်းတော်တွေကို ကျနော်တို့ ထိန်းသိမ်း စောင့်ရှောက်နိုင်မှာပေါ့။ ဒီကျောင်းတော်တွေ ပြိုကျပျက်စီးနေတာတွေကို ရပ်လိုက်နိုင် ချင်ပါတယ်” လို့ ပြောပါတယ်။

အန်ကောဝပ် ကျောင်းတော်ကြီးကို ကူညီကာကွယ် ထိန်းသိမ်းစောင့်ရှောက်ဖို့ နောက်ထပ် ခမာလူငယ်တွေ ခပ်များများကို လေ့ကျင့်သင်ကြားပေးနိုင်ဖို့ မျှော်လင့်နေတယ်လို့ လောင်နာရီက ပြောပါတယ်။

“ခုထိတော့ ကျနော့်အလုပ်ကို ကျနော် တော်တော် သဘောကျမိတယ်လို့ ထင်ပါတယ်။ ကျနော် လူတွေအများကြီးကို သိလာပြီး သူတို့ကို ပြန်သင်ပေးနေတဲ့အခါကျတော့ ကျနော် ပျော်လာပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်လည်း သိပ်အသက်ရှည်ရှည် နေရဖို့ မမျှော်လင့်ထားဘူးလေ။ ဒါပေမယ့်လဲ ကျနော့်ဗဟုသုတတွေကို နောက်လာမယ့်မျိုးဆက်တွေကို လွှဲပြောင်းပေးနိုင်မှာပါ။”

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် စီထရာ ပရာစ်တူတီက ဆီယမ်ရိ(ပ်)၊ အန်ကာဒေသကနေ သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013