DVB Logo
Home
မြန်မာသတင်း
Mytel ဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ် ပစ်သတ်ခံရမှုတွင် ပါဝင်ဆက်နွှယ်သူ ၄ ဦး ဖမ်းမိဟုဆို
DVB
·
November 19, 2021
Mytel ဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ် ပစ်သတ်ခံရမှုတွင် ပါဝင်ဆက်နွှယ်သူ ၄ ဦး ဖမ်းမိဟုဆို
Donate to DVB

စစ်တပ်ပိုင် Mytel ကုမ္ပဏီရဲ့ ဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ် (CFO) ရေတပ် ဗိုလ်မှူးဟောင်း သိန်းအောင်ကို သေနတ်နဲ့ ပစ်သတ်ခဲ့ရာမှာ ဆက်နွှယ်ပါဝင်သူ ၄ ယောက်ကို ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက နိုဝင်ဘာ ၁၉ ရက်မှာ သတင်းထုတ်ပါတယ်။

နိုဝင်ဘာ  ၄ ရက် မနက်က ရန်ကုန်မြို့၊ မရမ်းကုန်မြို့နယ်၊ တေးနုယဉ်လမ်းမှာ နေအိမ်ရှေ့ လမ်းလျှောက်ထွက်လာတဲ့ ဗိုလ်မှူးဟောင်းသိန်းအောင်နဲ့ ဇနီးတို့ သေနတ်သမားက ပစ်ခတ်ခဲ့တာကြောင့်  ကျည်ဆန် ၄ ချက်ထိမှန်ခဲ့ပြီး ဗိုလ်မှူးဟောင်းသိန်းအောင်  အခင်းဖြစ်နေရာမှာ တင်သေဆုံးသွားခဲ့တာပါ။ 

သူ့ရဲ့ ဇနီးဖြစ်သူ ဒေါက်တာ သိမ့်အောင်သူကတော့ လက်၊ ခါးနဲ့ ခြေထောက် တွေမှာ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းဖော်ထုတ်ရာမှာ  ပစ်ခတ်မှုဖြစ်စဉ်မှာ ပါဝင်တဲ့  စစ်ဇော်ကံ(ခ) ဟန်သာထွန်း(၁၉)နှစ်ကို  နိုဝင်ဘာလ ၈ ရက်က မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားရပ်ကွက်မှာ ဖြိုးအိကျော်(၂၄)နှစ်နဲ့အတူ  ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။

ဒီနောက် လှိုင်မြို့နယ်၊ (၇)ရပ်ကွက်၊ ကျောင်းကုန်း(၁)လမ်းနေ ဗညားစိုးထက်(ခ)လီယို(၂၃)နှစ်နဲ့  တိုက်ကြီးမြို့နယ်၊ အုတ်ပုံစု ရပ်ကွက်၊ တောင်ပေါ်လမ်း(ခ) ဂျိုးဖြူကန်လမ်းနေ စိုင်းစည်သူ (၃၅)နှစ် တို့ကို ဖမ်းမိခဲ့တယ်လို့လည်းဆိုပါတယ်။

အခင်းဖြစ်ပွားတဲ့ မနက်က ဖမ်းမမိသေးတဲ့ ကိုဖိုးသားက ခြေလျင်ဖြင့်သွားရောက်ပြီး  တေးနုယဉ်လမ်း အရောက်မှာ  ဗိုလ်မှူးဟောင်း သိန်းအောင်နဲ့ ဇနီး ဖြစ်သူတို့ကို ပစ္စတိုနဲ့ ၇ ချက် ပစ်ခတ်သတ်ခဲ့တာလို့  စစ်ကောင်စီ သတင်းမှာ ဖော်ပြပါတယ်။

စစ်ကောင်စီသတင်းမှာ ဖော်ပြထားတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စွပ်စွဲခံရသူတွေဘက်က တုံ့ပြန် ပြောဆိုနိုင်ခွင့် မရရှိသေးသလို   သတင်းမှာ ဖော်ပြထားတဲ့ အချက်အလက်တွေ မှန်ကန်မှု ရှိမရှိ ဒီဗွီဘီ အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ 

သေဆုံးသွားတဲ့  ဗိုလ်မှူးသိန်းအောင်ဟာ DSA အပတ်စဉ် ၂၈  ကျောင်းဆင်းဖြစ်ပြီး တချိန်က   တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ရေ)ရဲ့ ကိုယ်ရံတော် ကိုယ်ရေးအရာရှိဖြစ်ပါတယ်။

လက်ရှိကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နဲ့ အလွန်ရင်းနှီးတဲ့ စစ်တက္ကသိုလ် အမှတ်စဉ်တူသူငယ်ချင်းတွေဖြစ်သလို လက်ရှိကာကွယ်ရေးဦးစီးချုပ် (လေ)  ဗိုလ်ချုပ်မောင်မောင်ကျော်နဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့သူဖြစ်တယ်လို့ သူနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

စစ်တပ်နဲ့ စစ်ခေါင်းဆောင် မိသားစု စီးပွားရေးနဲ့  ဆက်နွှယ်တဲ့   Mytel  ကုမ္ပဏီရဲ့ ဆက်သွယ်ရေး တာဝါတိုင်တွေနဲ့ Mytel  ရုံးတွေ  နိုင်ငံတဝန်းမှာ ရာနဲ့ချီပြီး  ဗုံးခွဲ မီးရှို့ ဖျက်ဆီးခံနေရတာရှိပေမဲ့ ခုလို ကုမ္ပဏီရဲ့ အရေးပါတဲ့ အဆင့်မြင့်အရာရှိ တဦး ပစ်သတ်ခံရတာတော့ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013