DVB Logo
Home
မြန်မာသတင်း
ဘန်ကောက် အစိုးရရုံးများနှင့်အဓိကလမ်းမကြီးများကို စတင်ပိတ်ဆို့
DVB
·
January 13, 2014
ဘန်ကောက် အစိုးရရုံးများနှင့်အဓိကလမ်းမကြီးများကို စတင်ပိတ်ဆို့
Donate to DVB

လက်ရှိ ထိုင်းဝန်ကြီးချုပ် နဲ့ အစိုးရ နုတ်ထွက်ပေးဖို့ လနဲ့ချီပြီး ဆန္ဒပြနေတဲ့ အတိုက်အခံအဖွဲ့ဟာ  လှုပ်ရှားမှု အရှိန်အဟုန် တိုးမြှင့်တဲ့အနေနဲ့ ဒီနေ့ကစပြီး ဘန်ကောက်မြို့ပေါ်က အစိုးရရုံးတွေနဲ့ လမ်းဆုံ ၇ ခုကို ပိတ်ဆို့လိုက်ပြီ ဖြစ်ပါတယ်။

Thai anti-government protesters bangkokဘန်ကောက်ခရိုင် မြို့နယ် ၇ ခုထဲက အနုစာဝရီ၊  ရာ့ခ်ျပဆုန်၊  အဆို၊ ကျဲန့်ဝပ်ထန၊  ရတ်ဖလောဝ့်၊  ပထုမ်းဝမ်း၊  ဆွန်လုမ်ပနီ အစရှိတဲ့ မီးပွိုင့်လမ်းဆုံတွေမှာ စကားပြောစင်မြင့်တွေ တည်ဆောက်ပြီး ပိတ်ဆို့ဆန္ဒပြနေက်ြပါတယ်။

ဒီလိုပိတ်ဆို့ဆန္ဒပြရာမှာ အစိုးရဘက်က ကိုယ်စားလှယ်လွှတ်ပြီး ရွေးကောက်ပွဲနောက် ဆုတ်ဖို့ဖြစ်ဖြစ်၊ အခြားအကြောင်း အရာတွေပဲဖြစ်ဖြစ် လာရောက်ညှိနှိုင်းမှာကို လုံးဝလက်မခံကြောင်း၊ လက်ရှိအစိုးရအဖွဲ့အားလုံး နုတ်ထွက်ပြီး ပြုပြင်ပြောင်းလဲမှု မလုပ်မချင်း ဆန္ဒပြမှုတွေ ဆက်လုပ်နေမယ်လို့ ကောပေါပေါဆော် (ပြည်သူ့ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေးကော်မတီ) ရဲ့ အဓိကခေါင်းဆောင် နိုင်းဆုထစ် ထိပ်ဆုဝမ်းက ထိုင်းသတင်းထောက်တွေကို ပြောသွားတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြုပါတယ်။

တောင်းဆိုမှုကို မလိုက်လျောမချင်း ဒီနေ့စတင်ပြီး ရက်အကန့်အသတ်မရှိ နေ့ရောညပါ ပိတ်ဆို့ဆန္ဒပြမှာဖြစ်ကြောင်း၊ စစ်တပ်က လုံး၀၀င်ရောက်ပတ်သက်မှုမရှိကြောင်း၊ ဒါဟာ လူထုဆန္ဒပြပွဲဖြစ်တဲ့အတွက် အမှုထမ်းအရာထမ်း၊ အစိုးရ၀န်ထမ်းတွေအားလုံးကို ပြည်သူလူထုအနေနဲ့ လာရောက်ပူးပေါင်းဖို့သာ နှိုးဆော်ပါကြောင်း နိုင်းဆုထိပ်က သတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် လက်နက်တစုံတရာမပါတဲ့အတွက် သွေးချောင်းစီးလာရင် သူတို့မှာ တာဝန်မရှိဘဲ အစိုးရမှာသာ တာဝန်ရှိကြောင်း သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဒီကနေ့ ပိတ်ဆို့ဆန္ဒပြမှုမှာ လူပေါင်း သိန်းနဲ့ချီရှိမယ်လို့ ခန့်မှန်းရကြောင်း ထိုင်းသတင်းတွေက ဆိုပါတယ်။

ပိတ်ဆို့ဆန္ဒပြမှုကြောင့် ဘန်ကောက်ခရိုင်ထဲမှာရှိတဲ့ ချူလာလောင်ကွန်၊ ရန်စစ်၊ ကဆစ် အစရှိတဲ့ တက္ကသိုလ်ကျောင်းတွေအပါအ၀င် စာသင်ကျောင်းတွေ အားလုံးနဲ့ လေဟာပြင်ဈေး၊ ပျံကျဈေးတွေပါ ပိတ်ထားတယ်လို့ ဆန္ဒပြနေရာမှာ ရောက်နေတဲ့ ဘန်ကောက်မြို့ခံတဦးက ပြောပါတယ်။
ဒါပေမယ့် ကုန်တိုက်၊ ဆဲဗင်းအလဲဗင်း၊ လိုးတတ်စ် အစရှိတဲ့ ကုန်တိုက်တွေတော့ ပုံမှန်ဖွင့်နေပြီး မိုးပျံရထား၊ မြေအောက်ရထားတွေ ပုံမှန်ပြေးဆွဲနေကြောင်း၊  လူနာတင်ယာဉ်၊ မော်တော်ဆိုင်ကယ် နဲ့ ဘတ်စ်ကားလိုင်း အနည်းအကျဉ်း သွားလာနေကြောင်း  ဒေသခံ အခြားတဦးက ပြောပါတယ်။

ဆန္ဒပြမှုကြောင့် မြန်မာပြည်က ရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်ပျက်တာတွေ ရှိတယ်လို့ မကြားမိကြောင်း အဲဒီနေရာနဲ့ မလှမ်းမကမ်းက ဘန်းရုန်းရတ်ဆေးရုံဘေးမှာ ထမင်းဆိုင်ဖွင့်ထားသူ ကိုအောင်မြင့်မြတ်က ပြောပါတယ်။

အဆမ်ရှင်းတက္ကသိုလ်အနီးမှာ အလုပ်လုပ်နေသူ ကိုမျိုးဟန်ထွန်းကလည်း မြန်မာအလုပ်သမားအများစုဟာ စက်ရုံအလုပ်ရုံတွေမှာမို့ ထိခိုက်မှုမရှိနိုင်ကြောင်း၊ ဆန္ဒပြနေရာတ၀ိုက် အသေးစားဈေးဆိုင်တွေမှာ လုပ်နေသူတွေသာ ထိခိုက်မှာဖြစ်ကြောင်း၊ မြန်မာပြည်ကနေ ထိုင်းကို အလည်လာဖို့ ပြင်ဆင်ထားတဲ့ အသိမိတ်ဆွေတွေတော့ ခရီးစဉ်ဖျက်သိမ်းကုန်ကြောင်း ပြောပါတယ်။

ထိုင်းအစိုးရက  အကြမ်းဖက်မှုတွေကို ကာကွယ်တဲ့အနေနဲ့ ရဲ နဲ့ စစ်တပ် တပ်ဖွဲ့ဝင်ပေါင်း ၁ သောင်းခွဲကို ဘန်ကောက်မြို့လယ်တလျှောက် ကြိုတင်တာဝန်ချထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဆန္ဒပြမှုတွေ စတင်ခဲ့တဲ့ မနှစ်နိုဝင်ဘာကနေ အခုချိန်ထိ  ထိခိုက်ဒဏ်ရာရမှုကြောင့် သေဆုံးသူ  ၈ ဦး နဲ့ ဒဏ်ရာရသူပေါင်း   ၄၇၀  ဦး ရှိကြောင်း၊  ဇန်န၀ါရီ ၁၁ ရက်နေ့ နံနက်ပိုင်းကလည်း  ခေါက်ဝိုးလမ်းဆုံမှာ ပစ်ခတ်မှုတွေကြောင့် လူ ၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ၁ ဦး ဒဏ်ရာပြင်းထန်တယ်လို့ ထိုင်းသတင်းတွေမှာ ရေးသားဖော်ပြထားပါတယ်။

အပြည့်အစုံ နားဆင်ရန်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013