DVB Logo
Home
မြန်မာသတင်း
အမေရိကန်ဂျာနယ်လစ်ဖှန်စတာ မိသားစုနှင့်ပြန်ဆုံဆည်း၊ အကျဉ်းကျခံနေရသူများအရေး ဆက်လုပ်မည် (ရုပ်သံ)
DVB
·
November 17, 2021
အမေရိကန်ဂျာနယ်လစ်ဖှန်စတာ မိသားစုနှင့်ပြန်ဆုံဆည်း၊ အကျဉ်းကျခံနေရသူများအရေး ဆက်လုပ်မည် (ရုပ်သံ)
Donate to DVB

မြန်မာပြည်အကျဉ်းထောင်ထဲမှာ ငါးလကျော်ကြာ ဖမ်းဆီးထောင်ချခံထားရပြီးမှ ပြန်လွတ်မြောက်လာတဲ့ အမေရိကန်ဂျာနယ်လစ် ဒန်နီဖှန်စတာဟာ နိုဝင်ဘာ ၁၆ ရက်က အမေရိကန်နိုင်ငံကို ပြန်ရောက်လာပြီးနောက် မိသားစုနဲ့ ပြန်ဆုံစည်းခဲ့ပြီး မြန်မာနိုင်ငံက ထောင်ကျခံနေရဆဲသူတွေအတွက် ဆက်လုပ်သွားမယ်လို့ ကတိပြုပြောကြားခဲ့ပါတယ်။

ဒန်နီဖှန်စတာဟာ  ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့ပြီးနောက်  ၃ ရက်အကြာ နိုဝင်ဘာ ၁၅ ရက်နေ့က  ပြန်လွတ်မြောက်လာတာကို မယုံနိုင်လောက်အောင် ခံစားခဲ့ရတယ်လို့ နယူးယောက်မြို့  အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြောကြားခဲ့ပါတယ်။

အခန်းဖော်အကျဉ်းသားတယောက်က ပေးလိုက်တဲ့ အနီရောင်သိုးမွေးဦးထုပ်ကို ၀တ်ထားတဲ့ ဖှန်စတာကို ဒက်ထရွိုက်မြို့ဆင်ခြေဖုံးက ဖခင်၊ မိခင်နဲ့  အစ်ကိုဖြစ်သူအပါအဝင် သူ့မိသားစုက လာကြိုခဲ့ပါတယ်။ 

လူသားချင်း စာနာထောက်ထားမှုအကူအညီပေးရေးနဲ့ ကိုဗစ်-၁၉ကာကွယ်ဆေးဆိုင်ရာကိစ္စတွေ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့  ဆွေးနွေးအပြီးမှာ  ဖှန်စတာကို ပြန်လည် ခေါ်ယူဖို့ နယူးမက္ကဆီကို အုပ်ချုပ်ရေးမှူးဟောင်း ဘီလ်ရစ်ချတ်ဆန်ဟာ တနင်္လာနေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့တာပါ။

ဘီလ်ရစ်ချတ်ဆန်က ဖှန်စတာလွတ်မြောက်ရေးကို ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒန်နီဖှန်စတာကတော့  သူလွတ်မြောက်ရေးအတွက် စည်းရုံးလုပ်ဆောင်ပေးသူအားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ အနည်းဆုံး သတင်းထောက် ၄၇ ယောက် အပါအဝင် မြန်မာနိုင်ငံမှာ အကျဉ်းကျခံနေရဆဲ သူတွေကို ဆက်ပြီးအာရုံစိုက်ပေးစေချင်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ  ပြောပါတယ်။

သူဟာ မိသားစုနဲ့အတူ အချိန်ပေးရဦးမှာဖြစ်ပြီး၊ နောက်ပိုင်း တခြားသတင်းသမားတွေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအားလုံးကို ဆက်လက်အာရုံစိုက်သွားမယ်လို့  ဒန်နီဖှန်စတာက ပြောပါတယ်။ 

ဒန်နီဖှန်စတာဟာ ပြည်တွင်းအခြေစိုက် သတင်းဌာနတခုဖြစ်တဲ့ Frontier Myanmar မဂ္ဂဇင်းမှာ မန်နေဂျင်းအယ်ဒီတာ တာဝန်ထမ်းဆောင်နေစဉ်  ပြီးခဲ့တဲ့ မေလတုန်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။a

ဒန်နီဖှန်စတာကို အင်းစိန်ထောင်တွင်းတရားရုံးကနေ  နိုဝင်ဘာ ၁၂ ရက် မနက်က  ရာသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃ နှစ်၊ မတရားသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) နဲ့ ထောင်ဒဏ် ၃ နှစ်၊  လ၀ကအမှု အတွက် ထောင်ဒဏ်  ၅ နှစ်နဲ့  ဒဏ်ငွေကျပ် ၁ သိန်း၊  စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ်နဲ့ ငွေဒဏ် ကျပ် ၁ သိန်း ချမှတ်လိုက်တာပါ။

စစ်ကောင်စီကတော့ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်သော ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အမေရိကန် ဂျာနယ်လစ် ဒန်နီဖှန်စတာကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုကာ ပြည်နှင်ဒဏ်ပေးလိုက်တာလို့ သတင်းထုတ်ထားပါတယ်။

ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဝါတာနာဘေး၊ မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါနဲ့  အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဘီလ်ရစ်ချတ်ဆန်တို့ရဲ့ မေတ္တာရပ်ခံချက်အရ ပြန်လွှတ်ပေးလိုက်တာလို့လည်း စစ်ကောင်စီက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013