DVB Logo
Home
မြန်မာသတင်း
ကယားတွင် စစ်ကောင်စီ၏ ကန့်သတ်မှုများကြောင့် စစ်ရှောင်များ ရိက္ခာပြတ်လပ်
DVB
·
November 16, 2021
ကယားတွင် စစ်ကောင်စီ၏ ကန့်သတ်မှုများကြောင့် စစ်ရှောင်များ ရိက္ခာပြတ်လပ်
1 / 6
Donate to DVB

ကရင်နီ (ကယား)ပြည်နယ်မှာ စစ်ကောင်စီက နိုဝင်ဘာ ၃ ရက်နေ့ကစပြီး စားနပ်ရိက္ခာသယ်ယူမှုကို ကန့်သတ်လိုက်တဲ့အတွက် စစ်ရှောင်စခန်းတွေမှာ  ရိက္ခာ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေကြရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

နိုဝင်ဘာလ ၃ ရက်နေ့ကစပြီး စစ်​ကောင်စီက  ပြည်နယ်အတွင်း လုပ်ငန်းရှင်တွေကို အစည်းအဝေး တရပ်ခေါ်ယူပြီး  ပြည်နယ်အတွင်း စားနပ်ရိက္ခာ အထူးသဖြင့် ဆန်သယ်ယူမှုကို ကန့်သန့်လိုက်တာကြောင့် အခုလို အခက်အခဲကြုံနေကြတာပါ။

ပြည်နယ်အတွင်း ဆန်အိတ် ၃ ပုံးအိတ် ၁၀ အိတ်နဲ့အထက် သယ်ယူပါက မြို့နယ်အုပ်ချုပ်​ရေးရုံးကို ​တင်ပြ​တောင်းဆို ခွင့်ပြုချက်ရရှိမှသာ သယ်ယူပို့​ဆောင်ရမယ်လို့ တားမြစ်ထားပြီး ​ဖောက်ဖျက်ပါက ပြင်းထန်စွာ အ​​ရေးယူခံရမယ်ဆိုပြီး ပြောထားပါတယ်။

ဒီအတွက် စစ်ရှောင်စခန်းတွေအတွက် ဆန်ဝယ်ယူ သယ်ဆောင်ရာမှာ အခက်အခဲဖြစ်လာပြီး စားနပ်က္ခာ ပြတ်လပ်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။

“အဲဒါတွေ ကျနော်တို့အတွက်တကယ်စိုးရိမ်စရာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့စစ်ဘေးရှောင်က ကျနော်တို့ ကယားပြည်နယ်ထဲမှာ ဖယ်ခုံမြို့အပါအဝင် ၁သိန်း ၁ သောင်း အထက် ရှိတဲ့အခါမှာ ကျနော်တို့က လူတယောက်ကို နို့ဆီဘူး ၂ ခွက်စားတဲ့အချိန်မှာ တလအတွင်း ဆန်အိတ်ပေါင်း ၁၄၄၀ ကုန်မယ်။ ဆိုတော့ တရက်ကို ၁၀ အိတ်ပဲ သယ်လို့ရတယ်ဆိုတော့ အကြမ်းဖြင့် အိတ် ၃၀၀ လောက်ပဲ သယ်လို့ရမှာပါ့။ တစ်လကို ကျနော်တို့က ခွဲပြီးပို့တာရှိတယ်။ ဒါပေမယ့် အဓိက မိန်းလမ်းမကို ဒီးမော့ဆိုအရှေ့ခြမ်း ဖရူဆို၊ လွိုင်ကော် အရှေ့ဘက်ခြမ်း အဲဒါအားလုံးပေါင်းလိုက်ရင် လိုအပ်ချက်က ဆန်အိတ်က ၁၄၄၀ လိုတာ။ အကယ်၍ အကန့်အသတ်ပေါ်မှာပဲ မူတည်ပြီးသယ်ရင် နောက်ပိုင်းဆိုရင် ကျနော်တို့စိုးရိမ်တာက စားနပ်ရိက္ခာ ပြတ်လပ်မှုကို ချက်ချင်းဖြစ်ပေါ်စေနိုင်တယ်။”

ဒါ့အပြင် ဒေသတချို့မှာ စပါးမစိုက်ဘဲ တခြားသီးနှံစိုက်ပျိုးတဲ့ ကျေးရွာတွေရှိသလို ရိတ်သိမ်းလို့မရတော့တဲ့ စပါးခင်းတွေနဲ့ သီးနှံခင်းတွေရှိတဲ့အတွက် အိုင်ဒီပီတွေအပြင် ဒေသခံတွေလည်း စားနပ်ရိက္ခာ ပြတ်လပ်မှု ကြုံတွေ့ရနိုင်တယ်လို့ ဆိုပါတယ်။

ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက် အဖွဲ့ဝင်တဦးကလည်း အခုနောက်ပိုင်း စစ်ရှောင်တွေကို ကူညီပေးရတာ ပိုမိုခက်ခဲလာနေသလို စစ်ရှောင်ဦးရေကလည်း တိုးလာနေတယ်လို့ ပြောပါတယ်။

“ပထမအချက်က အကူအညီဆောင်ရတဲ့ လူတွေအနေနဲ့က သွားဖို့လာဖို့ လုံခြုံမှုမရှိဘူး။ မြို့ထဲမှာ ပစ္စည်းတွေဘာတွေ သွားဝယ်ရတာလည်း ကျနော်တို့လူတွေ မကြာမကြာ အဖမ်းခံရတာရှိသလို စစ်ရှောင်အတွက် ပစ္စည်းသယ်ယူဖို့နေရာမှာ လုံခြုံမှုတွေ သိပ်မရှိဘူး။ နောက်တချက်ကတော့ စစ်ဘေးရှောင်တွေက တရက်ပြီး တရက်ပိုတိုးလာတယ်။ အထူးသဖြင့် ဒီရက်ပိုင်းမှာ ဖယ်ခုံမြို့နယ် စစ်ဘေးရှောင်တွေ တော်တော်လေး ဒုက္ခရောက်နေတယ်။ အခု ကျနော်တို့ကူညီသလောက်ဆိုရင် အဓိက စားစရာ ဆန်ရယ်၊ အနွေးထည်တွေ အလောတကြီးလိုနေတယ်ပေါ့။”

ကယားပြည်နယ်မှာ စစ်ဘေးရှောင်တွေကို ကူညီရင်း အဖမ်းဆီးခံရသူ ၇ ဦး ထက်မနည်းရှိပြီး သူတို့တွေဟာ ပုဒ်မ ၅၀၅ (က)၊ ပုဒ်မ ၁၇ (၁) တို့နဲ့ တရားစွဲဆိုခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးတရားစွဲဆိုခံရသူတွေကတော့ ကိုသက်မှူးအောင်၊ ကိုကလယ်မင်းဦး၊ ကိုဇင်လင်းထက်၊ ကိုစိုင်းလင်းလင်းဦး၊ မမေဇင်ထူး၊ မနန္ဒဦးခင် နဲ့ ဖယ်ခုံမြို့နယ်က တဦးဖြစ်ပြီး သူတို့ထဲက ၄ ဦးကို ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုထားပြီး နောက် ၃ ဦးကို ပုဒ်မ ၁၇(၁) နဲ့ စွဲဆိုထားတယ်လို့ ဆိုပါတယ်။

အလားတူ ကယားပြည်နယ်က စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ တခြားလူမှုကူညီရေး အဖွဲ့ဝင်တချို့ လည်း ဖမ်းဆီးခံရမှုတွေရှိလို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဒါကြောင့် လက်ရှိအချိန်မှာ စစ်ရှောင်တွေကို ကူညီဖို့ အရမ်းအန္တရာယ်များတယ်လို့ ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“အခု စစ်ရှောင်ကူညီဖို့အတွက် အရမ်းအန္တရာယ်များတဲ့အချိန်ပေါ့နော်။ မြို့ထဲသွားလာရတာလည်း အဆင်မပြေဘူး၊ အချိန်မရွေး ဖမ်းဆီးခံရနိုင်တယ်။ ပုဒ်မ ၅၀၅ နဲ့လည်း မထင်ရင်မထင်သလိုစွဲတယ်။ စစ်ကောင်စီအနေနဲ့ ပုဒ်မတွေနဲ့ မထင်ရင် မထင်သလို စွဲတယ်။ ဒီလိုစိန်ခေါ်မှုတွေကျတော့ ဒီတလမှာ အခက်ခဲဆုံးအချိန်လို့ ကျနော်တို့ကတော့  ထင်တယ်။ ”

စစ်အာဏာသိမ်းပြီးနောက် ကယာပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ဒီနေ့အချိန်ထိ စစ်ရှောင် ၁၃၀,၀၀၀ ကျော် ရှိနေတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013