၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ရှုံးထွက်ပွဲစဉ်မှာ ဘယ်လ်ဂျီယံအသင်းက အမေရိကန်အသင်းကို (၄ -၁) ဂိုးနဲ့ အနိုင်ရပြီး နောက်တဆင့်ကွာတားဖိုင်နယ်တက်သွားပြီး ပူးတွဲအိမ်ရှင် အမေရိကန်အသင်းကတော့ ပြိုင်ပွဲကနေ ထွက်သွားရပြီဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ပြည်နယ်၊ ဆီရယ်တဲလ် အားကစားကွင်းမှာ ဒေသစံတော်ချိန် ဇူလိုင် ၆ ရက်က ယှဉ်ပြိုင်ကစားခဲ့ကြတာမှာ ဘယ်လ်ဂျီယံအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ စီဒီ ကီတီလဲရီက ပွဲချိန် ၉ မိနစ်နဲ့ ၃၃ မိနစ်တို့မှာ ၂ ဂိုးသွင်းပေးခဲ့ပြီး အိတ်ခ်ျ ဗန်နာကန်က ပွဲချိန် ၅၇ မိနစ်မှာ ၁ ဂိုး၊ လူစားဝင်ကစားသမား လူကာကူးက မိနစ် ၉၀ အပြီး နာကျင်အချိန်ပိုမှာ ၁ ဂိုး သွင်းယူပေးခဲ့တာပါ။
အမေရိကန်အတွက် ချေပဂိုး ၁ ဂိုးကိုတော့ တီးလ်မန်းက ပွဲချိန် ၃၁ မိနစ်မှာ ဖရီးကစ်ကနေ ကန်သွင်းယူပေးခဲ့တာမှာ ဘောလုံးက ဘယ်လ်ဂျီယံကစားသမားနဲ့ထိပြီး လမ်းကြောင်းပြောင်းကာ ဂိုးဝင်သွားတာဖြစ်ပါတယ်။
ဒီပွဲမှာ အမေရိကန်ကစားသမား ဘာလိုဂန်က တပွဲပယ်ပြစ်ဒဏ် ဆိုင်းငံ့ခံရပြီးနောက် ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာခဲ့ပါတယ်။
၂၀၂၆ ပူးတွဲအိမ်ရှင်နိုင်ငံ ၃ နိုင်ငံ ဖြစ်ကြတဲ့ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့ အားလုံး နောက်တဆင့် မတက်နိုင်ဘဲ ရှုံးထွက်အဆင့်မှာတင် ပြိုင်ပွဲကနေ အသီးသီးထွက်သွားရပြီ ဖြစ်ပါတယ်။
ဒီပွဲအနိုင်ရသွားတဲ့ ဘယ်လ်ဂျီယံအသင်းဟာ ဇူလိုင် ၁၀ ရက်နေ့ ကွာတားဖိုင်နယ်မှာ ပေါ်တူဂီကို အနိုင်ရပြီးတက်လာတဲ့ စပိန်အသင်းနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။










