DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းရွှေစျေးကွက်တွင် အရောင်းအဝယ်တုံ့ဆိုင်းနေ
DVB
·
November 16, 2021
ပြည်တွင်းရွှေစျေးကွက်တွင် အရောင်းအဝယ်တုံ့ဆိုင်းနေ
Donate to DVB

ပြည်တွင်း ငွေသားသုံးစွဲမှုကို တကြိမ်လျှင် ကျပ်သိန်း ၂၀၀ အထိအသုံးပြုဖို့ စစ်ကောင်စီ ဗဟိုဘဏ်က ကန့်သတ်မှုနဲ့ ဘဏ်တွေအပေါ် အများယုံကြည်မှုမရှိတာကြောင့်  ပြည်တွင်းရွှေစျေးကွက်မှာ အရောင်းအဝယ်က အရင်ကလို မတွင်ကျယ်တော့ပဲ တုံ့ဆိုင်းသွားတယ်လို့ ရွှေဝယ်ရောင်းလုပ်ကိုင်သူတွေက ပြောပါတယ်။

စစ်ကောင်စီလက်အောင်ခံ ဗဟိုဘဏ်က အရောင်းအဝယ်လုပ်ငန်းတွေအတွက် ငွေသားသုံးစွဲမှုကို တကြိမ်လျှင် ကျပ်သိန်း ၂၀၀ အထိသာ အသုံးပြုဖို့နဲ့ ဒီပမာဏထက်ပိုမိုပါက အွန်လိုင်းဘဏ်စနစ်ကို အသုံးပြုရမယ်လို့ ကန့်သတ်ထားတာပါ။

ဒါပေမဲ့ ပြည်တွင်းမှာ ဘဏ်တွေနဲ့ပတ်သတ်ပြီး လူထုရဲ့ ယုံကြည်မှုက ကျဆင်းနေပါတယ်။ အကြောင်းကတော့ ဘဏ်တွေမှာ အပ်နှံထားတဲ့ ပြည်သူတွေက မိမိပိုင်ငွေကြေးကို အလွယ်တကူထုတ်ယူခွင့်မရရှိသေးတဲ့ ပြဿနာပါ။

ရန်ကုန်က ရွှေဝယ်ရောင်းလုပ်ကိုင်နေသူတဦးက “အရောင်းအဝယ်က အရင်လို မတွင်ကျယ်ဘူးဗျ။ မတွင်ကျယ်ဘူး ဆိုတာက ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ သိန်း ၂၀၀ အထိပဲ လက်ငင်း ငွေသားပေးချေလို့ရမယ်။ ကျန်တာက bank to bank နဲ့ account transfer လုပ်ရမယ်လို့ သတ်မှတ်လိုက်တာကြောင့် အရောင်းအဝယ်တွေက နည်းနည်းအေးသွားတယ်။ အရင်ကတော့ ယုံကြည်စိတ်ချမှုက ရှိတော့ ဘယ်သူမျှငွေသားကိုင်ပြီး အရောင်းအဝယ်မလုပ်ကြဘူး။ လိုတဲ့ငွေပမာဏ အတွက် ချက်ရေးပြီး ပေးလိုက်လို့ရတယ်နော်။ ဒါက အကြောင်းကိစ္စမဟုတ်ဘူး။ အခုအချိန်ကတော့ ဘဏ်တွေအပေါ်မှာ ယုံကြည်စိတ်ချမှုက ၁၀၀ ရာခိုင်နှုန်းမရှိသေးဘူးလေ။ အဲ့ဒီ့တော့ တပိဿာရောင်းချင်တဲ့သူက ၂၀ ကျပ်သားလောက်ပဲ ရောင်းကြည့်ဦးမယ်ဆိုပြီး ဖြစ်သွားတာပေါ့။ ဝယ်မယ့်သူကလည်း ခဏစောင့်ကြည့်ဦးမယ်။ နောက်မှ ဝယ်မယ်ဆိုပြီး ဖြစ်သွားကြတယ်။ အဲဒီအတွက်ကြောင့် စျေးကွက်မှာ ရွှေစီးဆင်းမှုက ဝယ်လိုအားရော၊ ရောင်းလိုအားရော နှစ်ဘက်စလုံးမှာ ခပ်လေးလေးပဲ ဖြစ်နေတယ်လို့” ပြောပါတယ်။

ပြည်တွင်းရွှေစျေးနှုန်းရဲ့ သဘောသဘာဝကလည်း ကမ္ဘာ့ရွှေစျေးနှုန်းအပေါ် အခြေခံပြီး ဈေးက အတက်အကျ ရှိနေတာပါ။ ဒါကြောင့် ကမ္ဘာ့ရွှေစျေးတက်ရင် ပြည်တွင်းရွှေစျေးကလည်း အနည်းအကျဉ်း လိုက်ပါတက်လေ့ရှိပေမယ့် လက်ရှိအချိန်မှာတော့ ပြည်တွင်းရွှေစျေးက အတက်မရှိဘဲ ငြိမ်နေတာ တွေ့ရပါတယ်။

ရွှေဆိုင်လုပ်ငန်းရှင်တဦးကလည်း “ရွှေစျေးက ပြီးခဲ့တဲ့သီတင်းရက်သတ္တပတ်အတွင်းကို ပြန်ကြည့်ရင် ကမ္ဘာ့ရွှေစျေးက တအောင်စကို ဒေါ်လာ ၄၀ နီးပါး တက်လာတာတွေ့ရတယ်။ ဒါပေမဲ့ ပြည်တွင်းရွှေစျေးကတော့ အပြောင်းအလဲမရှိဘူးလို့ ပြောရမယ်။ အမှန်တကယ်က ကမ္ဘာ့ရွှေစျေး တက်ရင် ဒီမှာလည်း အနည်းနဲ့အများ လိုက်တက်တာလေ။ အခုက ထင်သလောက် မတက်ဘူးနော်။ ဒီကနေ့ဆိုရင် ကမ္ဘာ့ရွှေစျေးက ၁၈၆၅ နဲ့ ၁၈၆၇ ဖြစ်နေပေမဲ့ ပြည်တွင်းမှာ ဒေါ်လာငွေကြေးလဲလှယ်မှုနှုန်းက တဒေါ်လာကို ၁၈၃၀ ကျပ်နှုန်းနဲ့ဘဏ်တွေက တောက်လျှောက်ကြေညာထားတဲ့အခါ လူတွေက ဒေါ်လာစျေးလည်း လိုက်မတက်ဘူးဆိုပြီးတော့ သိပ်မဝယ်ချင်ကြတာလည်း ပါမယ်လို့ ထင်တယ်။ ပြီးတော့ ဒီမှာကလည်း ရွှေက စျေးတက်ပြီဆိုမှ လူတွေက လိုက်ဝယ်ချင်ကြတာ။ မတက်ဘူး ငြိမ်နေတယ်ဆိုရင် ရွှေလောကမှာ သိပ်ပြီးတော့ မဝယ်ချင်ကြဘူးနော်။ ဒါကြောင့် ဝယ်လိုအားကလည်း ထင်သလောက် လိုက်မလာဘူး။ အဲဒီအတွက်ကြောင့်လည်း ရွှေစျေးက ငြိမ်နေတာလို့” ဆိုပါတယ်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ဒီကနေ့ (နိုဝင်ဘာ ၁၆ရက်) မွန်းလွဲ ၂နာရီခွဲ အချိန်အထိ ပြည်တွင်းအကယ်ဒမီရွှေစျေးက ၁ ကျပ်သားကို ၁၇ သိန်း ၉သောင်း ၆ ထောင်ကျပ်ရှိပြီး ကမ္ဘာ့ရွှေစျေးက ၁ အောင်စကို အမေရိကန်ဒေါ်လာ ၁၈၆၅ ဒေါ်လာရှိပါတယ်။ 

နိုင်ငံခြားငွေကြေးစျေးကွက်မှာတော့ အမေရိကန် ၁ ဒေါ်လာ တန်ဖိုးမှာ ဗဟိုဘဏ်မှ ထုတ်ပြန်တဲ့ ရည်ညွှန်းငွေက ၁၇၇၀ ကျပ်ရှိပြီး ငွေလဲကောင်တာတွေမှာ ကြေညာထားတဲ့နှုန်းမှာ ဝယ်စျေး ၁၇၇၅ ကျပ်နဲ့ ရောင်းစျေး ၁၇၇၇ ကျပ်ဖြစ်ပြီး အမှန်တကယ် ဈေးကွက်အတွင်းမှာ အရောင်းအဝယ်ဖြစ်နေတဲ့နှုန်းက ဝယ်စျေး ၁၈၉၀ ကျပ်နဲ့ ရောင်းစျေး ၁၉၂၀ ကျပ်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013