DVB Logo
Home
မြန်မာသတင်း
ဆိုင်ကယ် လူ ၂ ယောက် မစီးရန် ကန့်သတ်လိုက်သဖြင့် ဆိုင်ကယ်ကယ်ရီသမားများ အခက်ကြုံ
DVB
·
November 15, 2021
ဆိုင်ကယ် လူ ၂ ယောက် မစီးရန် ကန့်သတ်လိုက်သဖြင့် ဆိုင်ကယ်ကယ်ရီသမားများ အခက်ကြုံ
Donate to DVB

စစ်ကောင်စီတပ်တွေကို ဆိုင်ကယ်စီးပြီး လာရောက်ပစ်ခတ်တိုက်ခိုက်နေတာကြောင့်ဆိုပြီး ရန်ကုန်တိုင်း ဒလမြို့နယ်မှာ  ဆိုင်ကယ်ကို လူ ၂ ယောက် မစီးကြဖို့ စစ်ကောင်စီက ကန့်သတ်လိုက်ပါတယ်။

နိုဝင်ဘာ ၁၃ ရက်က စပြီး ဆိုင်ကယ်မှာ တယောက်ထက်ပိုစီးရင် ပညာပေး အရေးယူမယ်လို့ မြို့နယ်ထဲက ရပ်ကွက်တွေမှာ လိုက်လံ အသိပေးနေပါတယ်။

“ဒလမှာက ဆိုင်ကယ် ကယ်ရီလုပ်နေကြသူတွေအများကြီးပဲလေ။ အခုက ကိုဗစ်ကြောင့် အလုပ်အကိုင်မကောင်းရတဲ့အထဲ ရှိတဲ့အလုပ်ပါ ပျောက်သွားတာပေါ့။ ပြီးတော့ ဆိုင်ကယ်စီးရင် Mask မတပ်ရဘူးလို့လည်း ကြားတယ်။ ဒဏ်ငွေရိုက်မယ်တဲ့။ မိန်းကလေးကိုကျ နှစ်ယောက် စီးလို့ရတယ်လို့လည်း ကြားတယ်” လို့ ဒလ ဒေသခံတယောက်က ပြောပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်ထဲမှာ ဒလနဲ့ ဆိပ်ကြီးခနောင်တိုကလွဲလို့ တခြားမြို့ နယ်တွေမှာ ဆိုင်ကယ် စီးခွင့်မပြုဘူးလို့ ဒီအစောပိုင်းကပဲ စစ်ကောင်စီက အကြောင်းကြားထားပြီး စစ်ဆေးကြပ်မတ်လုပ်ဆောင်သွားမယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တွံတေး၊ ကော့မှူးနဲ့ ကွမ်းခြံကုန်းမြို့ နယ်တို့မှာလည်း ဆိုင်ကယ် တစီးကို တယောက်ပဲ စီးကြဖို့၊ ဆိုင်ကယ်စီးဦးထုပ်ဆောင်းရင် မှန်မချထားဖို့၊ Mask မတပ်ဖို့ လိုက်လံကြေညာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သန်လျင်မြို့ ဒေသခံတယောက်က “ဆိုင်ကယ်ကတော့ စီးလို့ရတယ်။ အရင်လို ဆိုင်ကယ်တစီးကို ၂ ယောက်၊ ၃ ယောက် စီးလို့မရတော့တာ။ စီးတော့ စီးနေကြတာပဲ။ သတိတော့ ထားရတာပေါ့။ သန်လျင်က တပ်တော်တော်များများ ရှိနေတာ။ ကယ်ရီသမားတွေကတော့ အရင်ကလောက်တော့ အများကြီး မရှိတော့ဘူး။ ကိုယ့်ရပ်ကွက်ထဲလောက်ပဲ လိုက်ကြတာ။ အရင်ကဆို အဝေးသွားချင်လည်း ကယ်ရီခေါ်လို့ရတယ်” လို့ ပြောပါတယ်။

အခုအခါ စစ်ကောင်စီတပ်တွေကို ဆိုင်ကယ်စီးလာပြီး လာရောက် ပစ်ခတ်တိုက်ခိုက်တာကြောင့် ဆိုင်ကယ်မစီးရမြို့ နယ်တွေမှာ မစီးကြဖို့၊ စီးခွင့်ရတဲ့ မြို့နယ်တွေမှာလည်း တယောက်ထက်ပိုပြီး မစီးကြဖို့ စစ်ကောင်စီရဲ့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်လိုက်တာလို့ စစ်ကောင်စီပြန်ကြားရေးသတင်းစာမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ PDF တွေကို မနိုင်တိုင်း ပြည်သူတွေကို ဒုက္ခပေးနေတာလို့လည်း တွံတေးဒေသခံတယောက်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013