DVB Logo
Home
မြန်မာသတင်း
အမ်အိုယူလုပ်သားများ ဒီဇင်ဘာ ၁ ရက်မှ စတင်ခေါ်ယူမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးပြော
DVB
·
November 15, 2021
အမ်အိုယူလုပ်သားများ ဒီဇင်ဘာ ၁ ရက်မှ စတင်ခေါ်ယူမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးပြော
Donate to DVB

ထိုင်းနိုင်ငံမှာ အလုပ်သမားရှားပါးပြန်လပ်မှုပြဿနာဖြေရှင်းရေး၊  တရားမဝင် ဝင်ရောက်မှုနဲ့ လူမှောင်ခိုတင်သွင်းမှုတွေ ပပျောက်ရေးအတွက် လာမယ့် ဒီဇင်ဘာ ၁ ရက်ကစပြီး   အိမ်နီးချင်း နိုင်ငံ နယ်စပ်ဂိတ် ၅ နေရာကနေ   နှစ်နိုင်ငံအစိုးရချင်းသဘောတူညီချက် (MOU)နဲ့ အလုပ်သမားတွေ ခေါ်ယူမှာဖြစ်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးကပြောပါတယ်။ 

အိမ်နီးချင်း မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား ၃ နိုင်ငံက နှစ်နိုင်ငံသဘောတူစာချုပ် (MOU) စနစ်နဲ့ အလုပ်သမားတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်တွေနဲ့အညီ ခေါ်ယူဖို့  ဝန်ကြီးများအဖွဲ့က ထိုင်းနိုင်ငံကိုဗစ်-၁၉ အခြေအနေထိန်းချုပ်ကွပ်ကဲရေးကော်မတီ (ဆော်ပေါခေါ)ကို တင်ပြထားရာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ အစည်းအဝေးမှာ သဘောတူညီချက်ရခဲ့ပြီလို့ ထိုင်းအလုပ်သမားဝန်ကြီး နိုင်းဆူချတ် ချုမ်းကရင်က သတင်း ထောက်တွေကို ပြောပါတယ်။  

အဆိုပါဆုံးဖြတ်ချက်အရ ဒီလကုန်ပြီး ဒီဇင်ဘာ ၁ ရက်နေ့ကစ MOU အလုပ်သမားတွေ စခေါ်ယူမှာဖြစ်ပြီး အဆိုပါအလုပ်သမားတွေကို ရနောင်း၊ မဲဆောက်၊ နောင်ခိုင်၊ မုဒ်တာဟန်၊ ဆာကယောက် စတဲ့ နယ်စပ်တံ ခါးပေါက်တွေကနေ ဝင်ခွင့်ပြုမယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ထိုင်းနိုင်ငံထဲမှာ တရားမဝင် ရောက်ရှိနေထိုင်နေသူတွေအနေနဲ့လည်း သက်ဆိုင်ရာ အလုပ်ရှင်မှ တာဝန်ယူကာ ဒီလကုန် နိုဝင်ဘာ ၃၀ ရက် နောက်ဆုံးထားပြီး မှတ်ပုံလာတင်ကြဖို့ ဝန်ကြီးက ပြောပါတယ်။

အလုပ်သမားတွေဟာ MOU နဲ့တရားဝင် ဝင်ရောက်လာပါက ကုန်ကျစရိတ် ဘတ် ၂၀၀၀၀ ကျော်သာကုန်ကျမှာမို့ တရားမဝင် ပွဲစားတွေနဲ့ ဝင်ရောက်လာတာနဲ့ ကုန်ကျစရိတ် သိပ်မကွာကြောင်း၊ ဒါကြောင့် အန္တရာယ်ကင်းစွာ တရားဝင်လမ်းကြောင်းကနေသာ ဝင်လာကြဖို့ ဝန်ကြီးက တိုက်တွန်းပါတယ်။

MOU နဲ့ ဝင်ရောက်လာမယ့်အလုပ်သမားတွေဟာ နယ်စပ်မှာကွာရန်တင်းအရင်ဝင်ရမှာ ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ကြိမ်လုံးထိုးထားရင် ကွာရင်းတင်း ၇ ရက်သာ ဝင်ရမှာဖြစ်ပြီး ၁ ကြိမ်ထိုးထားရင် ၁၄ ရက် ဝင်ရမှာဖြစ်ကာ နေစရိတ်စားစရိတ် တနေ့ ဘတ် ၅၀၀ မှ ၁၀၀၀ ထိ ကုန်ကျနိုင်ပြီး အလုပ်ရှင်က တာဝန်ယူပေးရမယ်လို့ ဆိုပါတယ်။ 

အလုပ်သမားဘက်က ကုန်ကျစရိတ်က  ကိုဗစ်-၁၉ နှစ်ကြိမ်စစ်ဆေးခ ဘတ် ၂၆၀၀၊ ၂ နှစ်စာဗီဇာတုံးထုခ ၂၀၀၀၊ အလုပ်သမားမှတ်ပုံတင် (Work Permit) ၂ နှစ်စာ ၁၉၀၀၊ တားမြစ်ရောဂါ ၆ မျိုးစစ်ဆေးခ ၅၀၀၊ ကိုဗစ်-၁၉ ကုသစရိတ်အာမခံ (အာမခံကုမ္ပဏီတွင်သွင်းရန်) ဘတ် ၉၉၀၊ ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးခ (ဝန်ဆောင်ခ) ဘတ် ၅၀ ကုန်ကျမှာ ဖြစ်ပါတယ်။ 

ဆောင်ရွက်နည်းအဆင့်ဆင့်မှာ ထိုင်းအလုပ်ရှင်မှ အလုပ်သမားငှားရမ်းလိုကြောင်း၊ ငှားရမ်းမယ့် ဦးရေနဲ့တကွ သက်ဆိုင်ရာအလုပ်သမားရှာဖွေခန့်ထားရေးရုံးမှာ လျှောက်လွှာတင်ဖို့၊ ရွှေ့ပြောင်းအလုပ်သမားဟာလည်း မိမိနိုင်ငံမှာ ထိုင်းသို့လာရောက်လုပ်ကိုင်လိုကြောင်း လျှောက်လွှာတင်ထားဖို့၊ အလုပ်ရှင်မှအလုပ်သမားကိုယ်စား ဝေါ့ခ်ပါမစ်လျှောက်ထားဖို့၊ အလုပ်သမားအား အလုပ်ရှင်နဲ့ လုပ်ကိုင်ရန်ခွင့်ပြုဖို့ ၊ ထိုင်းနိုင်ငံထဲသို့ ဝင်ရောက်တာ၊ ကွာရန်တင်းဝင်တာနဲ့ အလုပ်သမားတို့သိသင့်ဖွယ်ရာများသင်တန်းပေးတာ စတာတွေပါဝင်ပါတယ်။ 

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါဆိုက်ရောက်ပြီးတဲ့နောက် နိုင်ငံတံခါးပိတ်ထားရပြီး စက်ရုံအလုပ်ရုံတွေလည်း အတော်များပိတ်ထားခဲ့ရပါတယ်၊ ရွှေ့ပြောင်းလုပ်သားအတော်များများ နေရင်း အရပ်ပြန်ကုန်ပြီး အခုလုပ်ငန်းတွေပြန်စတော့ အလုပ်သမားလိုအပ်ချက်ရှိနေတာပါ၊ အလုပ်သမားဝန်ကြီးဌာနရဲ့ စစ်တမ်းတွေအရ အလုပ်သမား ၄ သိန်းလောက်လိုအပ်နေတယ်လို့ ဆိုပါတယ်။ 

အခုလို အခွင့်အလမ်းရှိစဉ်မှာ တရားဝင်မှတ်ပုံတင်ကြဖို့၊ တရားမဝင်အလုပ်သမားတွေ ငှားရမ်းခန့်ထားတာတွေ့ရင် အလုပ်သမား ၁ ဦးကို ဒဏ်ငွေ ဘတ် ၁၀၀၀၀ မှ ၁၀၀၀၀၀ ထိ လည်းကောင်း၊ ထပ်ခါထပ်ခါ ချိုးဖောက်ရင် အလုပ်သမား ၁ ဦးကို ဘတ် ၅၀၀၀၀ မှ ၂၀၀၀၀၀ ထိ ပေးဆောင်ရမယ့်အပြင် ထောင်ဒဏ်ပါကျခံရမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးက ပြော သွားပါတယ်။ 

ကိုးကား - https://www.doe.go.th/prd/main/news/param/site/1/cat/7/sub/0/pull/detail/view/detail/object_id/52555  ( ထိုင်းအလုပ်သမားဝန်ကြီးဌာနဝက်ဘ်ဆိုက် ) 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013