DVB Logo
Home
မြန်မာသတင်း
ငပလီကမ်းခြေတွင် စစ်ကောင်စီက လူစုလူဝေးနှင့် ပျော်ပွဲရွှင်ပွဲကျင်းပနေသည့်အပေါ် ဒေသခံများဝေဖန်
DVB
·
November 15, 2021
ငပလီကမ်းခြေတွင် စစ်ကောင်စီက လူစုလူဝေးနှင့် ပျော်ပွဲရွှင်ပွဲကျင်းပနေသည့်အပေါ် ဒေသခံများဝေဖန်
1 / 18
Donate to DVB

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ဆက်ရှိနေတဲ့ကြားက  ရခိုင်ပြည်နယ်၊  သံတွဲမြို့နယ်၊ ငပလီကမ်းခြေမှာ ဆောင်းဦးပွဲတော်အမည်နဲ့  အာဏာသိမ်း စစ်ကောင်စီက လူစုလူဝေးနဲ့  ပျော်ပွဲရွှင်ပွဲတွေ စီစဉ်ကျင်းပနေတဲ့ အပေါ် ဒေသခံတွေက ဝေဖန်နေကြပါတယ်။ 

ပွဲတော်ကို နိုဝင်ဘာ ၁၄ ရက်ကနေ ၁၈ ရက်အထိ  အထူးဈေးရောင်းပွဲ၊ ညဈေးတန်းဈေးပွဲတော်၊  မာရသွန်ပြေးပွဲ၊ စက်ဘီးပြိုင်ပွဲ၊ ချောတိုင်တက်ပွဲ၊ လွဲဆွဲပွဲ၊  သဲသောင်ပြင်ဘောလီဘောပြိုင်ပွဲ၊  သဲပန်းပုပြပွဲ စတာတွေနဲ့ ၅ ရက်ကြာ ကျင်းပနေတာဖြစ်ပါတယ်။

ဒီပွဲတော်ကျင်းပနေတဲ့အပေါ် ဒေသခံတယောက်က "ကိုဗစ်က ပြီးသွားတာလည်း မဟုတ်သေးဘူး။ ပြီးတော့ တနိုင်ငံလုံး တော်လှန်ရေးလုပ်နေကြချိန်မှာ ဘယ်လိုလူတွေက အပျော်ခရီးလာကြမလဲ။ ဟိုတယ်တွေပြန်ဖွင့်တော့လည်းဝန်ထမ်းတွေ အလုပ်ရကြတာပေါ့လေ။ ဒါပေမဲ့ တကယ်အကျိုးအမြတ်ရတာက လုပ်ငန်းရှင်တွေပဲ" လို့ သံတွဲ ဒေသခံတယောက်က ပြောပါတယ်။

သံတွဲဒေသခံတချို့ကို စစ်ကောင်စီက ဖမ်းဆီးထားပြီး တနိုင်ငံလုံးက စစ်ကောင်စီကို တော်လှန်နေချိန်မှာ ဒေသခံတွေအနေနဲ့ စစ်ကောင်စီကလုပ်တဲ့ ပျော်ပွဲရွှင်ပွဲမှာ မပါဝင်သင့်ဘူးလို့လည်း ဒေသခံက ဆိုပါတယ်။

ငပလီကမ်းခြေက ဇီးဖြူကုန်းရွာတလျှောက်မှာရှိတဲ့ ဟိုတယ်တွေဟာ ဒေသခံတွေဆီက စစ်တပ်က သိမ်းပြီး ပြန်အငှားချထားတဲ့ မြေတွေမှာ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။  လက်ရှိ  ငပလီကမ်းခြေကို ပြည်တွင်းဧည့်သည်တွေအလာများပြီး နိုင်ငံခြားသားတွေကတော့ အလာနည်းတယ်လို့သိရပါတယ်။

"ပုံမှန်ဆိုရင်တော့ ခရီးသွားရာသီစပြီပေါ့။ အခုလည်း ဟိုတယ်တချို့ပြန်ဖွင့်ထားပြီ။ ဧည့်သည်က လာတော့လာတယ်။ ဈေးတွေ အများကြီးလျှော့နေတာကြောင့်လည်းဖြစ်နိုင်တယ်။ အရင်ကဆို နိုင်ငံခြားသားတွေပဲ အများဆုံးလာကြတာ။ အခုက ပြည်တွင်းဧည့်သည်ပဲ" လို့ ဟိုတယ်ဝန်ထမ်းတယောက်က ပြောပါတယ်။

ငပလီကမ်းခြေက ဟိုတယ်တွေဟာ ဈေးနှုန်းကြီးပေမဲ့ အခုတော့ လေယာဉ်လက်မှတ်အပါအဝင် ၂ ညအိပ် ၃ ရက်ခရီးကို ၂ သိန်းခွဲလောက်အထိ ဈေးလျှော့ထားပါတယ်။ ဒါပေမဲ့ လေယာဉ်စီးဖို့ ကိုဗစ်စစ်ဆေးရတာကြောင့် လက်မှတ်ခလျှော့ပေမဲ့ သာမန်ခရီးသွားတွေအဖို့ တွန့်ဆုတ်ကြတာလည်းရှိတယ်လို့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတခုက ပြောပါတယ်။

"အရင်က တရက်နေရင်တောင် ၂ သိန်းလောက်ကျတဲ့ဟိုတယ်တွေ။ အခုက ဈေးတွေအဆမတန်လျှော့ထားတာ။ လေယာဉ်လက်မှတ်ခတွေလည်း လျှော့ထားတယ်" လို့ ဟိုတယ်ဝန်ထမ်းတယောက်က ပြောပါတယ်။

ပွဲတော်ဖွင့်ပွဲကို စစ်ကောင်စီခန့် ဟိုတယ်ခရီးဝန်ကြီး ဦးဌေးအောင်၊  ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦးနဲ့ အပေါင်းပါတွေ  တက်ရောက်ခဲ့ ဖွင့်လှစ်ခဲ့တယ်။

ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုတွေ ဆက်ရှိနေဆဲဖြစ်ပြီး လက်ရှိအချိန်မှာ  ရောဂါကူးစက်မှု  ၄ ရာခိုင်နှုန်းရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနက ဆိုပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ် ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

ရခိုင်ပြည်နယ်ဒေသတချို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး တိုက်ပွဲတွေလည်း ပြန်လည်ဖြစ်ပွားနေပါတယ်။ 

ဓာတ်ပုံ-ရခိုင်ပြည်နယ်ပြန်ဆက်၊ ဒေသခံများ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013