DVB Logo
Home
မြန်မာသတင်း
လျှပ်စစ် ဥပဒေမူကြမ်း လွှတ်တော်မှာ တင်မည်
DVB
·
January 10, 2014
လျှပ်စစ် ဥပဒေမူကြမ်း လွှတ်တော်မှာ တင်မည်
Donate to DVB

မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား ထုတ်ယူဖြန့်ဖြူး သုံးစွဲမှုနဲ့ ပတ်သက်တဲ့ လျှပ်စစ်ဥပဒေ မူကြမ်းသစ်တခု အစိုးရ၀န်ကြီးဌာနတွေနဲ့ လွှတ်တော်ကော်မတီတွေ ပူးပေါင်းညှိနှိုင်း ရေးဆွဲနေပြီး ဒီဥပဒေမူကြမ်းမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ အရေးလည်း ထည့်သွင်းထားပါတယ်။

၁၉၈၄ ခုနှစ် လျှပ်စစ်ဥပဒေကို ပယ်ဖျက်ပြီး ခေတ်နဲ့အညီ အသစ်ပြန်လည် ပြဌာန်းဖို့ ရေးဆွဲနေတဲ့ လျှပ်စစ် ဥပဒေမူကြမ်းဟာ အပြီးသတ်လုနီးပါး ဖြစ်နေပြီး ဒီ ဥပဒေအတည်ပြု ပြဌာန်းနိုင်အောင် လာမယ့် လွှတ်တော်အစည်းအဝေးမှာ တင်သွင်းဖို့ ရှိနေတာပါ။

parlimentဒီဥပဒေမူကြမ်းမှာ လျှပ်စစ်ဓာတ်အားထုတ်ယူမှုကို သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေမယ့် နည်းလမ်းတွေနဲ့ နိုင်ငံတကာစံနှုန်းနဲ့ အညီဆောင်ရွက်နိုင်အောင် ထည့်သွင်းရေး ဆွဲထားတယ်လို့ ပြည်သူ့လွှတ်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးရာ ကော်မတီဝင် နေပြည်တော် ဥတ္တရသီရိ မြို့နယ် အမတ် ဦးမင်းသူက ပြောပါတယ်။

“အခန်းတခန်းအနေနဲ့ ကျနော်တို့ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ ထုတ်လုပ်တဲ့နေရာမှာပဲ ဖြစ်ဖြစ် အရည်အသွေးပဲဖြစ်ဖြစ် အဲဒါတွေက နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ အညီ ထည့်ထားပါတယ်။ အခြေခံဥပဒေပါအချက်တွေ တည်ဆဲဥပဒေပါ အချက်တွေကို ကိုက်ညီအောင် ဆောင်ရွက်ဖို့ ဥပဒေထဲမှာ ပြဌာန်းရေးဆွဲထားပါတယ်။”

သဘာဝ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေကတော့ အစိုးရအနေနဲ့ စွမ်းအင်ထုတ်ယူမှုတွေနဲ့၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ တိကျတဲ့ မူဝါဒတွေ ရှိသင့်ပြီး ဒီမူဝါဒတွေအပေါ်အခြေခံကာ ဥပဒေတွေကို ရေးဆွဲပြဌာန်း သင့်တယ်လို့ ထောက်ပြဝေဖန်ကြပါတယ်။

မြန်မာနိုင်ငံက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် Eco Deve အဖွဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဝင်းမျိုးသူကတော့ မြန်မာနိုင်ငံမှာ ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်ယူမှုကို ဥပဒေအရ ကန့်သတ်ထားသင့်တယ်လို့ ပြောပါတယ်။

“ပတ်ဝန်းကျင်ထိန်းသိမ်းသမား အနေနဲ့ ကျောက်မီးသွေးကနေ လျှပ်စစ်ဓာတ်အားထုတ်တာကို လုံးဝနီးပါးလောက်ကို ထိန်းချုပ်ချင်တယ်။ ရှိပြီးသားတွေတော့ ထားလိုက်တော့ နောက်လာမယ့် ဟာကို ထိန်းချုပ်ချင်တယ်။ သို့သော်လည်းပဲ အဲဒီထဲမှာတော့ စက်မှုလုပ်ငန်းသုံးတော့ မပါဘူးပေါ့။ စက်မှုလုပ်ငန်းသုံးဆိုတာ စက်ချုပ်ရုံတွေ ရှိတယ်။ ဒီပြင့်စက်ရုံတွေရှိတယ်။ အဲဒီ စက်ရုံတွေက ကျောက်မီးသွေးကို ယူ။ သူတို့ လိုအပ်တဲ့ လျှပ်စစ်ဓာတ်ထုတ် သုံးပေါ့။ အဲဒါတွေ ကိုတော့ စက်မှုလုပ်ငန်းသုံးအလို့ငှာ အတင်းအကျပ်တော့ မလုပ်ချင်ဘူး။ ပိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်ရေးရာလုံခြုံရေး အစီအမံတော့ ထားသင့်တယ်။ လျှပ်စစ်ဓာတ်အားပေးတဲ့ဟာတော့ လုံးဝ ကန့်သတ်ချင်တယ်။”


ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်ယူမှုဟာ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေရုံ သာမက လူတွေရဲ့ ကျန်းမာရေးကိုပါ ခြိမ်းခြောက်နေတဲ့ အန္တရာယ်ရှိ နေတာပါ။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးဝင်းမျိုးသူက “ကျန်းမာရေးကြောင့် ကျနော်တို့က ကန့်သတ်ချင်တာ။ လက်ရှိ ကျန်းမာရေး စာရင်းဇယားအရ ၅ နှစ်အောက် ကလေးတွေ သေနှုန်းမှုအမြင့်ဆုံးက အသက်ရှုလမ်းကြောင်းနဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်နေတယ်။ ဒီဟာ ကလည်း တော်တော်ကို ဖြစ်ပွားမှုကော သေဆုံးမှုကော အမြင့်ဆုံးပဲ။ ဆက်ပြီးတော့ ကြီးထွားနေမယ်ဆိုရင် ကျနော်တို့ရဲ့ ထောင်စုနှစ်ရည်မှန်းချက်ထဲက ကလေး သေနှုန်း လျော့ချမယ့် ရည်မှန်းချက်က ပြည့်စုံမှာ မဟုတ်ဘူး။ နံပတ် ၂ က ဘာလည်းဆိုတော့ အဆင့်မြင့် နည်းပညာတွေ သုံးလို့ ညစ်ညမ်းတဲ့ ပစ္စည်းတွေ နည်းနိုင်တယ်လို့ပဲ ပြောအုံး ကျနော်တို့မှာ ကျောက်မီးသွေးက မလုပ်နိုင်တဲ့ အချက်က ကာဗွန်ထုတ်လုပ်မှု အရမ်းမြင့် လိမ့်မယ်။ ကာဗွန်ထုတ်လုပ်မှု အရမ်းမြင့်ရင် နိုင်ငံတကာ စံနှုန်းစံထားတွေက နိုင်ငံအလိုက် ကာဗွန်ထုတ်လုပ်မှုတွေကို လျော့ချဖို့ ကန့်သတ်လာတာဖြစ်တဲ့အတွက် ကျိန်းသေပေါက် နိုင်ငံရေးအရ အကျပ်အတည်း ဖြစ်လိမ့်မယ်။ နောက်တခုက နိုင်ငံတော်လုံခြုံရေး အနေအထား အရလည်း ကျောက်မီးသွေးကို ပိတ်ပင်တယ်။ အဲဒီလို အဆင့်မြင့်တဲ့ ကျောက်မီးသွေး စက်ရုံတွေ ထောင်ရင် ကျနော်တို့ရဲ့ ရှိတဲ့ ဒေသကျောက်မီးသွေးနဲ့ သုံးလို့မရဘူး။ မြန်မာနိုင်ငံက ထွက်တဲ့ ကျောက်မီးသွေးရဲ့ အရည်အသွေးက အားနည်းတယ်။ ဒါကြောင့် အင်ဒိုနီးရှားတို့ သြစတေးလျတို့က သွင်းရမယ်။ အဲဒီတော့ ကိုယ့်ဆီကလည်း မထွက်ဘူး။ သူများ နှာခေါင်းပေါက်နဲ့ အသက်ရှုရမှာလည်း နိုင်ငံတော်လုံခြုံရေး ရှုထောင့်ဘက်က ကြည့်ရင် ဘယ်လိုမှ လက်ခံနိုင်တဲ့ အတိုင်းအတာ မဟုတ်ဘူး။ ပြီးတော့ ထုတ်မယ့် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားက ပြည်တွင်း သုံးဖို့ထက် ထိုင်းနိုင်ငံကို ရောင်းဖို့က များနေတယ်ဆိုတော့ ဘယ်လို့ ဘယ်လို အချက်နဲ့မှ လက်ခံရမှန်းကို မသိဘူးဖြစ်နေတယ်”လို့ ပြောပါတယ်။

လျှပ်စစ်ဥပဒေ မူကြမ်းကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးရာ ကော်မတီ၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ၊ ရှေ့နေချုပ်ရုံးနဲ့ အစိုးရ၀န်ကြီးဌာနတွေဖြစ်တဲ့ လျှပ်စစ်စွမ်းအား၊ စွမ်းအင်၊ သစ်တောနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးရာဌာနက တာဝန်ရှိသူနဲ့ ပညာရှင်တွေ မနေ့က နေပြည်တော်မှာ တွေ့ဆုံ ညှိနှိုင်း ဆွးနွေးခဲ့ကြပါတယ်။

ဒီဥပဒေမူကြမ်းမှာတော့ မြန်မာနိုင်ငံအတွင်း လျှပ်စစ် ဓာတ်အားထုတ်လုပ်၊ ဖြန့်ဖြူး ပို့လွှတ် ရောင်းချတာနဲ့ လျှပ်စစ်မီတာခ ကောက်ခံတဲ့ စနစ်တွေအပါအ၀င် အခန်းပေါင်း ၁၅ ခန်း ပုဒ်မပေါင်း ၆၀ ကျော်ပါဝင်တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013