DVB Logo
Home
မြန်မာသတင်း
ခင်ဦးမြို့နယ် ကျေးရွာ ၁၉ ရွာက ပြည်သူများ တိမ်းရှောင်နေရ၊ ရာသီးတုပ်ကွေးဖြစ်နေပြီး ဆေးဝါး အကူ လိုအပ်
DVB
·
November 14, 2021
ခင်ဦးမြို့နယ် ကျေးရွာ ၁၉ ရွာက ပြည်သူများ တိမ်းရှောင်နေရ၊ ရာသီးတုပ်ကွေးဖြစ်နေပြီး ဆေးဝါး အကူ လိုအပ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက ဖမ်းဆီး သတ်ဖြတ်တာတွေ လုပ်နေတာကြောင့် ကျေးရွာ ၁၉ ရွာက အပြစ်မဲ့ပြည်သူတွေ ဘေးလွတ်ရာ ရှောင်တိမ်းနေကြရပြီး အများစုက ရာသီတုပ်ကွေးဖြစ်နေတာကြောင့် ဆေးဝါးနဲ့ အစားအသောက် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီတပ်က အောက်တိုဘာ ၁ ရက်ကနေ ၁၃ ရက်အထိ စတင်တပ်စွဲထားတဲ့ ရွာသစ်ကုန်းနဲ့ ပျဥ်ထောင်ကျေးရွာတွေအပါအဝင် အနီးဝန်းကျင်က ကျေးရွာတွေကို ဝင်ရောက် ဖမ်းဆီး သတ်ဖြတ်တာနဲ့ နေအိမ်တွေကို ဖျက်ဆီးတာတွေ  နေ့စဉ်လုပ်ဆောင်နေတာကြောင့် ကျေးရွာ ၁၉ ရွာက ဒေသခံ အပြစ်မဲ့သူတွေ ဘေးလွတ်ရာ ရှောင်တိမ်းနေရတယ်လို့ ပြောပါတယ်။

စစ်ဘေးရှောင် အများအစုဟာ လက်ရှိမှာ တုပ်ကွေးဖျားနာတာတွေ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့ လာတပ်စွဲကတည်းက အဲရွာနှစ်ရွာက အိမ်ခြေ ၈၀၀ ကျော်က လူတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးနေရတာ ဒီနေ့အချိန်အထိပဲဗျ။ အဲရွာထဲက ဒေသခံလူတွေ မရှိတော့ ကျေးရွာထဲက ပြည်သူတွေရဲ့ ဆန်၊ ဆီတွေနဲ့ အခြားပစ္စည်းတွေ စစ်ကောင်စီတပ်သားတွေက ထုတ်ရောင်းစားနေတာတွေ လုပ်ဆောင်နေတယ်။” 

အခုလို့ ရက်ရှည်ကြာစွာ စစ်တပ်က တပ်ဆွဲထားတာ‌ကြာင့် ကျေးရွာနှစ်ရွာအနီးက အင်တိုင်းလေး(တောင်/မြောက်)၊ သရက်ပင်စု၊ မြင်းဒေါင်း၊ မကျီးအုပ်၊ အင်းပတ်၊ မြကန်၊ ကုန်းသာ၊ မရမ်းအင်း၊ သဲကုန်းကြီး၊ သရက်ကုန်း၊ ရှင်မင်းဒွေ၊ အင်တိုင်းကြီး၊ ကံသစ်၊ သာဂရ၊ မြို့သစ်၊ ဗအိုး၊ သံဘို၊ မဒေါင်းလှ ကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ထွက်ပြေးနေတဲ့ သူတွေ အများစုက ရာသီတုပ်ကွေးဖြစ်နေကြပြီး CDM ဆရာဝန်တွေက ကုသပေးနေရပြီး ကုသမဲ့ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ပရဟိတတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်တွေဟာ အစားအသောက်နဲ့ အနွေးထည်တွေလည်း  အရေးပေါ်လိုအပ်နေတယ်လို့  ဆိုပါတယ်။

အောက်တိုဘာ ၁ ရက်ကနေ ၁၃ ရက်နေ့အထိ အမျိုးသား ၁၀ ယောက်လောက် အသတ်ခံရကာ အများအပြား ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူတွေလည်း ရှိတာကြောင့် ဘယ်လောက်ဖမ်းဆီးခံထားရလဲဆိုတာ အတိအကျ မသိရဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်တွေနဲ့ ယာဉ်တန်းတွေဟာ PDF တပ်တွေရဲ့ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရနေကြရပြီး သေဆုံးဒဏ်ရာရတာတွေလည်း ရှိနေပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေအတွင်း PDF တွေကို ဝင်ရောက်ရှာဖွေတာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ ပစ္စည်းတွေ အဓမ္မယူဆောင်တာတွေ ပြုလုပ်နေကြတာလို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013