DVB Logo
Home
Lead Story
ကမ္ဘာ့ကြင်နာမှုနေ့ နဲ့ လစ်ဘာတီ
DVB
·
November 13, 2021
ကမ္ဘာ့ကြင်နာမှုနေ့ နဲ့ လစ်ဘာတီ
Donate to DVB

နိုဝင်ဘာ ၁၃ ရက်နေ့ဟာ ကုလသမဂ္ဂက အသိအမှတ်ပြုထားတဲ့ ကမ္ဘာ့ကြင်နာမှုနေ့ (World Kindness Day) ပါတဲ့။ တကမ္ဘာလုံး ကြင်နာမှုရှိကြပါရဲ့လား။ ကြင်နာမှုဆိုတာက သနားချစ်ခင်မှု၊ ရက်ရောမှု၊ စာနာမှုတို့ပါပဲ။ အဲဒီအရာတွေက မေတ္တာစိတ်အပေါ် အခြေခံထားပါတယ်။ ဘာသာတရားအားလုံးက မေတ္တာတရားကို အဓိက သွန်သင်ပါတယ်။ ခရစ်တော်က သနားကြင်နာမှု၊ ကရုဏာထားမှု၊ ခွင့်လွှတ်မှုနဲ့ ကိုယ်ချင်းစာတရားတွေကို ဟောကြားပြီး ကိုယ်တိုင်ပြုကျင့်မှုရဲ့ ပြယုဂ်ပါပဲ။

ဗုဒ္ဓဘာသာဝင်တွေ ရွတ်ဖတ်တဲ့ မေတ္တသုတ်ကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ မိခင်က မိမိရဲ့ တဦးတည်းသောသားအရင်းကို အသက်နဲ့ထပ်တူ ချစ်ခင်စောင့်ရှောက်သကဲ့သို့ အဲဒီချစ်ခြင်းမေတ္တာစိတ်မျိုး တခြားသတ္တဝါတိုင်းအပေါ်မှာ ထားပါလေတဲ့ (မာတာ ယထာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခေ၊ ဧဝမ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ)။ နောက် မေတ္တာပို့ရာမှာ ‘ထွက်သက်ဝင်သက်ရှိသော သတ္တဝါ၊ ထွက်သက်ဝင်သက်မရှိသော သတ္တဝါ၊ တိုသောသတ္တဝါ ရှည်သောသတ္တဝါ၊ သေးငယ်သောသတ္တဝါ လုံးဝန်းသောသတ္တဝါ၊ မြင်ရသောသတ္တဝါ မမြင်ရသောသတ္တဝါ စတဲ့သတ္တဝါအားလုံး ချမ်းသာခြင်း ဖြစ်ပါစေတဲ့။ ဒီစကားတွေကို နိုင်ငံရေးအမြင် သဘာဝပတ်ဝန်းကျင်အမြင်တို့နဲ့ ကြည့်ရင် လူသားတွေတင်မက သေးသေးမွှားမွှား အပါအဝင် သတ္တဝါအားလုံးမှာ ကိုယ်စီ ‘Right’ ရှိတယ်၊ အားလုံးကိုယ်စီမှာ ရှင်သန်ခွင့်ရှိတယ်၊ ကြင်နာစိတ်ရှိကြပါ၊ ကြီးနိုင်ငယ်ညှဉ်းမလုပ်ကြပါနဲ့လို့ ဆိုလိုတာပါပဲ။

မေတ္တသုတ်မှာပါတဲ့  စိတ်ဝင်စားဖွယ်အပိုဒ်တခုက ‘တဦးကို တဦး မလှည့်ဖြားနဲ့၊ မည်သည့်ကိစ္စ၌မဆို သူတပါးကို မထီမဲ့မြင်မပြုနဲ့၊ ချုပ်ချယ်ညှဉ်းပန်းခြင်း ရန်ငြိုးထားခြင်းမပြုနဲ့၊ တဦးရဲ့ ဆင်းရဲဒုက္ခကို တ‌ဦးက အလိုမရှိကြပါနဲ့’ (န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ၊ ဗျာရောသနာ ပဋိဃ သည၊ နာည မညဿ ဒုက္ခမိစ္ဆေယျ)။ 

အဲဒီစကားတွေက အနောက်တိုင်း အတွေးအခေါ်မှာပြောတဲ့ ‘လစ်ဘာတီ’ (Liberty) သဘောမျိုးတွေပါပဲ။ လစ်ဘာတီကို ‘တဦးချင်း လွတ်လပ်မှု’ လို့ပဲ အလွယ်သိပါတယ်။ ဆိုလိုတဲ့ အဓိပ္ပာယ်က ‘ဖိနှိပ်ညှဉ်းပန်းမှုမှ လူတဦးချင်းစီကို အကာအကွယ်ပေးခြင်း’ (To protect an individual against coercion) ဖြစ်ပါတယ်။ လူတဦးကို တဦးက လှည့်ဖြားမှု၊ ချုပ်ချယ်မှု၊ ညှဉ်းဆဲမှု၊ အနိုင်ကျင့်မှုတို့ကနေ အကာအကွယ်ပေးခြင်းပါ။ ဒီအပြင် မင်းတွေနဲ့ အစိုးရတွေက နိုင်ငံတော်ယန္တရားဖြစ်တဲ့ ရဲ၊ စစ်တပ်၊ တရားရေး စတာတွေကို တရားမဝင်အသုံးပြုပြီး နိုင်ငံသားတဦးချင်းကို မတရားနှိပ်စက်ခြင်းက အကာကွယ်ပေးခြင်းဟာ လစ်ဘာတီ ဖြစ်တယ်။ ဒါကိုပဲ နိုင်ငံသားတိုင်းရဲ့ လွတ်လပ်မှု လစ်ဘာတီလို့ ဆိုပါတယ်။ 

မေတ္တသုတ်ပါ စကားနဲ့ လစ်ဘာတီရဲ့ ကွာခြားချက်က ဗုဒ္ဓဘာသာဝင်တွေက မေတ္တသုတ်ကို အန္တရာယ်ကင်းဖို့ ရွတ်ဖတ်ရာမှာ အသုံးပြုတယ်။ အနောက်တိုင်းကတော့ လစ်ဘာတီ (ခေါ်) နိုင်ငံတော်ရဲ့ ဖိနှိပ်မှုအန္တရာယ်ကနေ တဦးချင်း အကာအကွယ်ရရှိစေဖို့ အခြေခံဥပဒေ၊ တရားရေးစနစ်၊ မီဒီယာလွတ်လပ်ခွင့် စတဲ့ အင်စတီကျူးရှင်းတွေနဲ့ စနစ်တွေကို တည်ဆောက်တယ်။ လူတဦးရဲ့ ပုဂ္ဂလ လူသားအခွင့်အရေးကို တခြားသူတဦးကဖြစ်စေ၊ နိုင်ငံတော်က ဖြစ်စေ၊ မည်သူကဖြစ်စေ မနှောင့်ယှက် မကျူးလွန် အနိုင်မကျင့်အောင် ကာကွယ်ခြင်းဟာ အနောက်တိုင်းအတွေးအခေါ်ရဲ့ အနှစ်ချုပ်လို့တောင် ပြောလို့ရပါတယ်။

သို့သော် ဘယ်စနစ်၊ ဘယ်နိုင်ငံမဆို ပြည့်ဝမှု Perfect မဖြစ်တာ သေချာပါတယ်။ အနောက်နိုင်ငံတွေရဲ့ တဦးချင်းကာကွယ်ပေးတဲ့ လစ်ဘာတီက တဦးချင်းဝါဒနဲ့ (individualism) နဲ့ စားသုံးမှုဝါဒ (consumerism) အလွန်အကျွံ ဖြစ်မှုဆီ ရွေ့သွားတယ်။

တဦးချင်းဝါဒက ပြိုင်ဆိုင်မှုကို တွန်းအားပေးလွန်းပြီး အသိုင်းအဝိုင်း (community) စိတ်ဓာတ်ကို အားနည်းစေပါတယ်။ များများထုတ်-များများစားသုံးမှု ဝါဒက အရင်းရှင် ကော်ပိုရိတ်တွေအောက်မှာ လူတဦးချင်းဟာ စက်ရုပ်သဖွယ် အိမ်ကြွေး၊ ကားကြွေးဆပ်ဖို့ ရုန်းကန်နေရတဲ့ ကျေးကျွန်သဖွယ် ဖြစ်သွားတယ်။ လူ့အဖွဲ့အစည်းအတွင်း အကြင်နာတရားတွေ တစစ လျော့နည်းလာပါတယ်။

သို့သော် ဘယ်လိုလူ့အဖွဲ့အစည်းမှာဖြစ်ဖြစ် အခြေခံအားဖြင့် လူတဦးချင်းကို ရုပ်ပိုင်း၊ စိတ်ပိုင်း ဘဝလုံခြုံမှု အကာအကွယ်ပေးနိုင်တဲ့စနစ် ရှိဖို့ လိုအပ်ပါတယ်။ လူတဦးကို တခြားသူတဦးက မလှည့်ဖြားနိုင် မညှဉ်းဆဲနိုင်၊ နိုင်ငံ့ယန္တရားတွေက နိုင်ငံသားတဦးချင်းကို အနိုင်မကျင့်နိုင် မဖိနှိပ်နိုင်တဲ့စနစ် ဖြစ်ဖို့လိုပါတယ်။ လူတဦးချင်းမှာ ဘဝရှင်သန်ခွင့်၊ ပြောဆိုခွင့်၊ ခုခံပိုင်ခွင့် ကြိုးစားပိုင်ခွင့်တွေ ရှိပါမှ၊ တပါးသူကို အန္တရာယ်ပေးသူ ညှဉ်းဆဲသူ လူလိမ်လူကောက်တွေအပေါ် အရေးယူနိုင်တဲ့ တရားရေးစနစ်ရှိပါမှ လူ့အဖွဲ့အစည်းအတွင်း စစ်မှန်တဲ့ မေတ္တာတို့ အကြင်နာတို့ ဆိုတာတွေ များများထွန်းကားနိုင်ပါတယ်။ 

ကမ္ဘာမှာ ဘယ်နိုင်ငံတွေက ပိုပြီးကြင်နာသလဲဆိုတာကို တိုင်းတာတဲ့ ညွှန်းကိန်းတော့ မရှိသေးပါဘူး။ သို့သော် ဘယ်နိုင်ငံတွေက ကမ္ဘာမှာ အပျော်ရွှင်ဆုံးလဲဆိုတာတော့ ကမ္ဘာ့ဘဏ်က နှစ်စဉ် တိုင်းတာလေ့ရှိပါတယ်။ နိုင်ငံသားတွေရဲ့ ပျော်ရွှင်မှုနဲ့ သူတို့ရဲ့ ကြင်နာမှု၊ မေတ္တာရှိမှုတို့ကလည်း ဆက်စပ်နေတယ်။ ဖင်လန်၊ ဒိန်းမတ်၊ ဆွစ်ဇာလန်၊ အိုက်စလန်၊ နယ်သာလန်၊ နော်ဝေ၊ ဆွီဒင် တို့ဟာ ၂၀၂၁ ရဲ့ ကမ္ဘာ့အပျော်ရွှင်ဆုံး နိုင်ငံတွေပါ။

ပျော်ရွှင်မှု တိုင်းတာရာမှာ တဦးချင်း ဝင်ငွေမြင့်မားမှု၊ လူမှုထောက်ပံ့မှုရရှိမှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပျမ်းမျှသက်တမ်းရှည်မှု၊ မီမိကိုယ်ပိုင်ဘဝနဲ့အလုပ်ကို လွတ်လပ်စွာ ရွေးချယ်နိုင်ခွင့်တွေ ရှိမှု၊ လူထုရဲ့ အခြားနိုင်ငံတွေအပေါ် လှူဒါန်းမှု မြင့်မားမှု၊ အဂတိလိုက်စားမှု နည်းပါးမှု၊ ကိုယ်ကျင့်စရိတ္တ မြင့်မားမှုနဲ့ ဥပဒေလိုက်နာမှုတို့နဲ့ တိုင်းပါတယ်။ အဆိုပါ ကမ္ဘာ့အ‌‌ပျော်ရွှင်ဆုံးနိုင်ငံတွေရဲ့ ထူးခြားချက်တခုက ဘာသာရေးအစွန်းရောက်မှု မရှိတာနဲ့ ဘာသာမဲ့သူ အရေအတွက် များပြားတာပါပဲ။

မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာဝင် အများစုနဲ့အတူ ဘာသာပေါင်းစုံ ထွန်းကားတဲ့နိုင်ငံ ဖြစ်ပေမဲ့၊ ကမ္ဘာ့အရက်စက်ဆုံးအစိုးရတခုအောက်မှာ နေထိုင်ကြရပါတယ်။

ရှေ့လာမယ့် မြန်မာနိုင်ငံသစ်ဟာ ဘာစနစ်ဖြစ်ဖြစ် နိုင်ငံသားတဦးချင်းဘဝကို အကာကွယ်ပေးနိုင်တဲ့ လုံခြုံမှုပေးနိုင်တဲ့ အုပ်ချုပ်ရေးစနစ်ပဲ ဖြစ်ရပါလိမ့်မယ်။ ဒါကိုပဲ ဖန်တီးတည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ လက်ရှိ နွေဦးတော်လှန်ရေးရဲ့ အဆုံးစွန်ပန်းတိုင်က မြန်မာနိုင်ငံသားတဦးအပေါ် ဘယ်မင်းဆိုးမင်းညစ်ကမှ မတရားဖိနှိပ်မှုမရှိစေဖို့၊ နိုင်ငံ့ယန္တရားတွေ အသုံးချပြီး ပြည်သူကို မညှဉ်းဆဲနိုင်စေဖို့ ကောက်ကျစ်လှည့်ဖြား လိမ်ညာဝါဒဖြန့်မှု မရှိစေဖို့ပဲ ဖြစ်ပါလိမ့်မယ်။ 

အစိုးရတခုကို ပြည်သူ့ဩဇာအောက်မှာ အသေအချာ ထိန်းချုပ်ထားနိုင်ပြီ ဆိုပါမှ လူ့အဖွဲ့အစည်းအတွင်း တဦးချင်း ဘဝလုံခြုံမှု၊ လွတ်လပ်မှု၊ ပျော်ရွှင်မှု၊ ကြင်နာမှု စတာတွေ မျိုးဆက်လိုက် ထွန်းကားသွားပါလိမ့်မယ်။

အဲဒီလို အခြေအနေရှိမှ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ မေတ္တာနိုင်ငံတော်မျိုး ဆိုတာလည်း ရရှိနိုင်ပါလိမ့်မယ်။

ရဲမြင့်ကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013