DVB Logo
Home
မြန်မာသတင်း
ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး အားစိုက်ကြိုးပမ်းကြရန် ကျားဖြူပါတီတိုက်တွန်း
DVB
·
January 9, 2014
ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး အားစိုက်ကြိုးပမ်းကြရန် ကျားဖြူပါတီတိုက်တွန်း
Donate to DVB

ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် အတူတကွ အားစိုက် ကြိုးပမ်းကြဖို့ သက်ဆိုင်ရာ အစိုးရ၊ နိုင်ငံရေးပါတီ နဲ့ လူထုလူတန်းစား အဖွဲ့အစည်းတွေကို ရှမ်းတိုင်း ရင်းသားများဒီမိုကရက် တစ်ပါတီက တိုက်တွန်းလိုက်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ ဇန်န၀ါရီလ ၇ ရက်ကနေ ၉ ရက်နေ့ထိ ၃ ရက်တာ ကျင်းပသွားတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)ရဲ့ တတိယ အကြိမ်မြောက် ညီလာခံကနေ တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

[caption id="attachment_50000" align="alignleft" width="300"]ဓာတ်ပုံ - သျှမ်းသံတော်ဆင့် ဓာတ်ပုံ - သျှမ်းသံတော်ဆင့်[/caption]အဲဒီတိုက်တွန်းချက်ထဲမှာ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး တိုက်တွန်းချက် အပြင် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ပါ တိုက်တွန်းခဲ့တယ်လို့ ကျားဖြူပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးစိုင်းကျော်ဇောသန်းက ခုလိုပြော ပါတယ်။

“ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်မြောက်အောင် သက်ဆိုင်ရာအဖွဲ့အစည်း အားလုံးက မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းတယ်။ အစိုးရ စာသင်ကျောင်းတွေမှာ မြတ်နိုးတန်ဘိုးထားတဲ့ တိုင်းရင်းသားဝတ်စုံတွေ တပတ်ကို ၃ ရက် ၀တ်ဆင်ဖို့ သတ်မှတ်ပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းတယ်။ နှစ်စဉ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ကျရောက်တဲ့ ရှမ်းပြည်နယ်နေ့ကို တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့ကိုလည်း တောင်းဆိုပါတယ်။”
ဒါ့အပြင် ပြည်တွင်းပြည်ပ စစ်ဘေးရှောင် တိုင်းရင်းသားတွေအတွက် အိမ်ထောင်စုဇယားနဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြားတွေ ထုတ်ပေးနိုင်ဖို့ စီမံချက်အမြန်ချပေးဖို့လည်း အစိုးရ ကို တိုက်တွန်းထားပါတယ်။
တခါ ကချင်ပြည်နယ်ထဲမှာ ကေအိုင်အေတပ်ဖွဲ့ရဲ့ ဖမ်းဆီးထားခြင်းခံရတဲ့ ရှမ်းနဲ့တကွ အခြားတိုင်းရင်းသားတွေ အမြန်ဆုံးပြန် လွှတ်ပေးရေး၊ ပါတီရဲ့ မူဝါဒအတိုင်း လာမယ့် ၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ပြီး နိုင်ငံ့အရေးကို လွှတ်တော်ကနေ ဆောင်ရွက်သွားဖို့ စတဲ့ အချက် ၇ ချက်ကို ထုတ်ပြန်ခဲ့ကြောင်း သူက ဆက်ပြောပါတယ်။
အဆိုပါအချက် ၇ ချက်ကို ပါတီဗဟိုကော်မတီဝင်တွေက ညီလာခံ ပထမနေ့မှာ ဆွေးနွေး ဆုံးဖြတ်ခဲ့ပြီး ဒီကနေ့ ဇန်န၀ါရီလ ၉ ရက်မှာတော့ ပါတီဝင်အားလုံးရဲ့ သဘောတူချက်နဲ့ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

ညီလာခံရလဒ်တွေနဲ့ ပတ်သက်ပြီး ပါတီတွဲဘက် အထွေထွေအတွင်းရေးမှူး ဦးစိုင်းမောင်တင်က ခုလိုဖြည့် စွက်ပြောပြပါတယ်။
“၃ ရက်တာဆွေးနွေးပွဲမှာ ကျနော်တို့ ပါတီရဲ့ စီအီးစီ(ဗဟိုအလုပ်အမှုဆောင်)တွေ တိုးချဲ့တယ်။ ထပ်မံဖွဲ့စည်းတယ်ပေါ့နော်၊ နောက်ပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စည်းရုံးရေးကော်မတီတွေ ဖွဲ့တယ်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း စတဲ့ အဖွဲ့ ၄ ဖွဲ့ ဖွဲ့စည်းပါတယ်။”

မြို့နယ်အသီးသီးက တင်ပြလာတဲ့ တနှစ်တာ အစီရင်ခံမှာ မြေသိမ်းမှု ပြဿနာကို ပြေလည်အောင် မဆောင် ရွက်နိုင်တာတွေလည်း ပါရှိတယ်လို့ သူက ဆက်ပြောပါတယ်။
မြို့နယ်ကိုယ်စားလှယ်တွေက ကျားဖြူနဲ့ ကျားခေါင်း သင်္ကေတ ရှမ်းနိုင်ငံရေးပါတီ ၂ ခု ပူးပေါင်းရေးကိစ္စကို တင်ပြခဲ့ကြတာမှာ ရွေးကောက်ပွဲကော်မရှင်မူဝါဒအရ ၂ ဘက်ပါတီ ဖျက်သိမ်းရမှာ ဖြစ်တဲ့အတွက် ကျားဖြူပါတီဖျက်သိမ်းဖို့ အခက်အခဲရှိပါကြောင်း၊ ဒါကြောင့် ပါတီတခုတည်း ဖြစ်ဖို့ထက် ရှမ်းပြည်သူ အရေးကို ၂ ပါတီ ချိတ်ဆက် လက်တွဲပြီး ဆောင်ရွက်နိုင်ရေးကိုသာ ဆွေးနွေးခဲ့တယ်လို့ ဦးစိုင်းမောင်တင် က ပြောပါတယ်။
တတိယအကြိမ်မြောက် ကျားဖြူပါတီညီလာခံကို ဗဟိုကော်မတီဝင်တွေရော မြို့နယ် ကိုယ်စားလှယ် အသီးသီးပါ စုစုပေါင်း ၁၈၀၀ ကျော်တက်ရောက် လာကြတယ်လို့ ကျားဖြူပါတီက ပြောပါတယ်။
ကျားဖြူပါတီ သင်းလုံးကျွတ်ညီလာခံကြီးကို တနှစ်တကြိမ်ကျင်းပရာမှာ ၂၀၁၂ ခုနှစ်က ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ၂၀၁၃ ခုနှစ်က ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွေမှာ ကျင်းပခဲ့ပါတယ်။
ဦးစိုင်းအိုက်ပေါင်း ဥက္ကဌအဖြစ် ဦးဆောင်တဲ့ ကျားဖြူပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ အမတ်နေရာ ၅၃ နေရာ အနိုင်ရခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013