DVB Logo
Home
မြန်မာသတင်း
ဒေါ်စုကို မကြိုဖို့ ချင်းပြည်နယ်က အစိုးရ၀န်ထမ်းတွေ တားမြစ်ခံရ
DVB
·
January 9, 2014
ဒေါ်စုကို မကြိုဖို့ ချင်းပြည်နယ်က အစိုးရ၀န်ထမ်းတွေ တားမြစ်ခံရ
Donate to DVB

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ်ခရီးစဉ်အတွင်း သူကို မကြိုဖို့ ချင်းပြည်နယ် အစိုးရက ၀န်ထမ်းတွေနဲ့ ကျောင်းသူကျောင်းသားတွေကို တားမြစ်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

[caption id="attachment_49997" align="alignleft" width="300"]ဓာတ်ပုံ - kms swe ဓာတ်ပုံ - kms swe[/caption]အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ်ခရီးစဉ် အတွင်း သူကို ကြိုဆိုမှု မလုပ်ဖို့ ချင်းပြည်နယ်တာဝန်ရှိသူတွေက နိုင်ငံဝန်ထမ်းနဲ့ ကျောင်းသူ ကျောင်းသားတွေကို ပိတ်ပင်တားမြစ်မှုတွေ ရှိခဲ့တယ်လို့ ဒီခရီးစဉ်မှာ လိုက်ပါသွားတဲ့ အဖွဲ့ချုပ် လူငယ်ညီလာခံကျင်းပရေး ဗဟိုကော်မရှင်ရဲ့ ဘဏ္ဍာရေးမှူး ဦးလှဦး ပြောပါတယ်။

“ဒီခရီးစဉ်မှာ ထူးခြားမှုကတော့ သိပ်မရှိပါဘူး။ အဓိက ချင်းပြည်နယ်မှာ ၀န်ထမ်းတွေ ကျောင်းသားတွေ အစိုးရနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေက ကျနော်တို့ပွဲကို မတက်ဖို့ လက်မှတ်ထိုးခိုင်းတဲ့သူကို ထိုးခိုင်းတယ်၊ နုတ်နဲ့ မသွားဖို့ တားတာရှိတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ဇန်န၀ါရီလ ၈ ရက်နေ့က ဖလမ်းမြို့မှာ ပြုလုပ်တဲ့ဟောပြောပွဲ အတွင်းမှာလည်း ၀န်ထမ်းတွေ၊ ကျောင်းသူကျောင်းသားတွေကို ဟောပြောပွဲ မတက်ဖို့ တားဆီးထားတာ ရှိခဲ့ကြောင်း ဒီအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို မေးမြန်းခဲ့ပါတယ်။ ဒီအပေါ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြန်ဖြေကြားခဲ့ပါတယ်။

“ဘယ်သူမှ အဲဒီလို တားဆီးပိတ်ပင်ပိုင်ခွင့် မရှိပါဘူး။ ဘယ်သူက တားဆီးတာလဲ။ တားဆီးတယ်ဆို ကျမ ကိုယ်တိုင် ဖြေရှင်းချက်တောင်းပါ့မယ်။ အစိုးရကဟာ ဒီလိုလုပ်တယ်ဆိုတာ ထင်ရှားရင် ကျမတို့ ဒါကို တရားဝင်ကို ကန့်ကွက်ပါ့မယ်။ တရားဝင် ချင်းပြည်နယ် အစိုးရကို ကန့်ကွက်ပါမယ်။ ဘယ်ကျောင်းတွေမှာ လုပ်တယ်ဆိုတာ ကျောင်းသူ ကျောင်းသားတွေက ပြောပါ။ ၀န်ထမ်းတွေကလည်း ကျမတို့ကို အသိပေးပါ။ မကြောက်ပါနဲ့။ ဘာမှ မဖြစ်စေရပါဘူး။ ကျမတို့ ပြည်နယ်အစိုးရကို ကန့်ကွက်ပါမယ်။ ဒီလိုလုပ်တာဟာ အင်မတန်မှ မတရားဘူး။ ဒါဟာ ပြည်သူလူထုကို စော်ကားတာ၊ ဒီမိုကရေစီကို ချိုးဖောက်တာဖြစ်လို့ ကျမအနေနဲ့ ရာဇ၀တ်မှုလို့တောင် မြင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၈ ရက်နေ့ညက ဟားခါးမြို့ကိုရောက်ရှိခဲ့ပြီး ဒီကနေ့ ၉ ရက်နေ့ မနက်မှာ ဟားခါးပြည်သူတွေကို မိန့်ခွန်းပြောဆိုခဲ့ပါတယ်။

မိန့်ခွန်းပြောဆိုရာမှာ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဘဲ ၂၀၁၅ ရွေးကောက်ပွဲလုပ်ရင် စစ်မှန်တဲ့ ဒီမိုကရေစီရမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့သလို ဒီ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ဖို့က ပြည်သူတွေရဲ့ တာဝန်ဖြစ်ပြီး ဒါကို မပြင်ဖို့ ဥပဒေက ပြဌာန်းပေမယ့်လည်း ပြည်သူတွေအနေနဲ့ ရဲရဲဝံ့ဝံ့ပြင်ဆင်ဖို့လည်း တိုက်တွန်းသွားခဲ့ပါ တယ်။

ဒီဟောပြောပွဲအတွင်း ဟားခါး ပြည်သူ ၅ ထောင်ကျော်တက်ရောက်ခဲ့ပြီး အားလုံးလိုလို ဖွဲ့စည်းပုံပြင်ဆင်ရေးကို သဘောတူညီခဲ့တယ်လို့ ဟားခါးမြို့နယ် အန်အယ်ဒီပါတီရဲ့ ဥက္ကဋ္ဌ ဦးဟုတ်ချွန်းက ပြောပါတယ်။

ဟောပြောပွဲအပြီး အမေးအဖြေကဏ္ဍမှာလည်း ဖက်ဒရယ်ပြည်ထောင်စုနဲ့ ပတ်သက်တဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည် ပြန်ဖြေပုံကို ဦးဟုတ်ချွန်းက အခုလို ပြန်ပြောပြပါတယ်။

“ဖက်ဒရယ် ပြည်ထောင်စုကို ထောင်မယ်ဆိုရင် မည်သည့်ကို အတုယူပြီးမှ လုပ်မလဲလို့ မေးတဲ့အခါ ဘယ်နိုင်ငံမှာမှ အတုယူ မဟုတ်ဘူး။ ကျနော်တို့ မြန်မာနိုင်ငံနဲ့ အသင့်တော်ဆုံး ကိုယ်စားလှယ်အားလုံးက ကြိုက်တဲ့ ဖက်ဒရယ် ပဲ ဖြစ်မယ်ဆိုပြီးတော့ သူဖြေတယ်။”

ဟားခါးမြို့ဟောပြောပွဲကို မနက် ၁၀ နာရီမှာ အဆုံးသတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကိုင်းတိုင်း ကလေးမြို့ ပြန်လည် ထွက်ခွားသွားခဲ့ပါတယ်။ ညနေ ၆ နာရီလောက်မှာ ကလေးမြို့ကို ရောက်ရှိပြီး ဇန်န၀ါရီ ၁၀ ရက်နေ့ မနက် ၈ နာရီမှာတော့ ကလေးမြို့က ပြည်သူတွေကို မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013