DVB Logo
Home
မြန်မာသတင်း
ငဖဲမြို့နယ်က အိမ်များကို စစ်တပ်ပိုင်မြေဆိုပြီး အဓမ္မဖယ်ခိုင်း၊ မဖယ်သည့်အိမ်များကို ဖျက်ဆီး
DVB
·
November 12, 2021
ငဖဲမြို့နယ်က အိမ်များကို စစ်တပ်ပိုင်မြေဆိုပြီး အဓမ္မဖယ်ခိုင်း၊  မဖယ်သည့်အိမ်များကို ဖျက်ဆီး
1 / 7
Donate to DVB

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းရွာက အိမ်တွေကို စစ်တပ်ပိုင်မြေဆိုပြီး အတင်းအဓမ္မ ဖယ်ရှားခိုင်းတာမှာ မဖယ်တဲ့အိမ်တွေကို မနေ့ကစလို့ စက်ယန္တရားတွေနဲ့ ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ပဒါန်းရွာထဲမှာ ရှိတဲ့ အိမ်ခြေ ၁၅၀ ကျော်ကို အမှတ် ၂ ကာကွယ်ရေးပစ္စည်းစက်ရုံရဲ့ တပ်မတော် တာဝေးစက်ပစ်ကွင်းဧရိယာထဲမှာ ကျူးကျော်နေကြတာလို့ စက်ရုံမှူးက စာထုတ် ပြောင်းရွှေ့ခိုင်းလာတာပါ။

“စက်တင်ဘာ ၁ ရက်နေ့က စပြီးဖယ်ခိုင်းတယ်။ စာ ၃ ကြိမ်ထုတ်ပြီး မဖယ်ကြတော့ စက်တင်ဘာ ၂၁ ရက်မှာ နောက်ဆုံးထားပြီး ဖယ်ခိုင်းတယ်။ မဖယ်ရင် စစ်ဘက် နယ်ဘက် အင်အားသုံးပြီး ယန္တရားတွေနဲ့ ဖယ်မယ်ဆိုပြီး ပြောတယ်။ ဒါကြောင့် ကိုယ့်အိမ်ပျက်မှာစိုးလို့ တချို့ ကတော့ ဖယ်သွားကြတယ်” လို့ ဒေသခံတယောက်က ပြောတယ်။

အဲဒီစက်ရုံဟာ ပဒါန်းရွာနဲ့ မိုင် ၅၀ ကျော်ဝေးတဲ့ အထက်မင်းလှမြို့၊ မလွန်ရွာမှာ ရှိနေတာပါ။ ဒေသခံတွေကတော့ အဲဒီမြေနေရာတွေကို ဝယ်ယူနေထိုင်ခဲ့ကြတာဖြစ်ပြီး တချို့ဆိုရင် နှစ်ပေါင်း ၂၀ ကျော် ၃၀ နီးပါးရှိပြီလို့ ပြောပါတယ်။

“ကျမတို့က ၆ နှစ်ကျော်ပြီ။ ဒီမှာ ဝယ်ပြီးနေတာပါ။ ကျူးကျော်နေတာမဟုတ်ပါဘူး။ ကျမတို့ သိတာကတော့ ရွာရဲ့ တည်နေရာ နယ်နိမိတ်က ပစ်ကွင်းဧရိယာရဲ့ ၂ မိုင်အကွာအဝေးမှာ ရှိရမယ်လို့ပဲ သိထားပါတယ်။ ပြီးတော့ ဒီနေရာကို အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ အမှတ် ၄ ရပ်ကွက်အဖြစ် သတ်မှတ်ဖို့ လျာထားတာပါ” လို့ ဒေသခံတယောက်က ပြောပါတယ်။

မဖျက်သေးတဲ့ အိမ်တွေကို စက်ယန္တရားတွေနဲ့ လာဖျက်ရာမှာ ကြိုတင်ပြောင်းရွှေ့သွား ကြတဲ့ အိမ်တွေရဲ့ ဖောင်ဒေးရှင်းတွေရော အပင်တွေကိုပါ ဖျက်ဆီးပစ်တယ်လို့လည်း ဒေသခံတယောက်က ပြောပါတယ်။ 

ပြောင်းရွှေ့ ဖျက်ဆီးခံရတဲ့ ရွာသားတွေကတော့ ရွာထဲက နေရာလွတ်တွေမှာ ငှားနေကြတာ ရှိသလို တချို့ကတော့ နီးစပ်ရာနေရာတွေမှာ ကြုံသလို နေကြရတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013