DVB Logo
Home
မြန်မာသတင်း
အမေရိကန်ဂျာနယ်လစ် ဒန်နီ ဖှန်စတာကို ထောင်ဒဏ် ၁၁ နှစ်ချမှတ်
DVB
·
November 12, 2021
အမေရိကန်ဂျာနယ်လစ် ဒန်နီ ဖှန်စတာကို ထောင်ဒဏ် ၁၁ နှစ်ချမှတ်
Donate to DVB

အမေရိကန် ဂျာနယ်လစ် ဒန်နီဖှန်စတာကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၁၁ နှစ်  ချမှတ်လိုက်တဲ့အပေါ် အရမ်းစိတ်ပျက်မိတယ်လို့ သူအလုပ်လုပ်နေတဲ့ Frontier Myanmar   သတင်းဌာနက  ကြေညာပါတယ်။ 

ဒန်နီဖှန်စတာကို အင်းစိန်ထောင်တွင်းတရားရုံးကနေ  နိုဝင်ဘာ ၁၂ ရက် ဒီကနေ့မနက်က  ရာသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃ နှစ်၊ မတရားသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) နဲ့ ထောင်ဒဏ် ၃ နှစ်၊  လ၀ကအမှု အတွက် ထောင်ဒဏ်  ၅ နှစ်နဲ့  ဒဏ်ငွေကျပ် ၁ သိန်း၊  စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ်နဲ့ ငွေဒဏ် ကျပ် ၁ သိန်း ချမှတ်လိုက်တာပါ။

ဒီစွဲချက်တွေအားလုံးဟာ စစ်အာဏာသိမ်းပြီးနောက် ပိတ်သိမ်းခံရတဲ့  Myanmar Now သတင်းဌာနမှာ အလုပ်လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အပြစ်ရှိတယ်ဆိုပြီး အမိန့်ချခဲ့တာဖြစ်ပါတယ်။

Frontier Myanmar မဂ္ဂဇင်းရဲ့ ထုတ်ပြန်ချက်မှာတော့ ဒန်နီဖှန်စတာဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လကတည်းက Myanmar Now ကနေ နုတ်ထွက်ခဲ့ပြီး နောက်လမှာ Frontier မှာ အလုပ်ဝင်ရောက်ခဲ့ကာ သူအဖမ်းခံရချိန်မှာ Frontier နဲ့ ကိုးလကျော် အလုပ် လုပ်ကိုင်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

Frontier က တင်သွင်းတဲ့ သက်သေအထောက်အထားတွေကိုလည်း  စစ်ကောင်စီတရားရုံးက  ထည့်သွင်းမစဉ်းစား လျစ်လျုရှု အမိန့်ချမှတ်ခဲ့တာလို့လည်း ဆိုပါတယ်။

"ဒီစွဲချက်တွေနဲ့ ပတ်သက်ပြီး ဒန်နီကို စွဲချက်တင်စရာ မလိုပါဘူး။ သူ့ရဲ့ ဥပဒေပိုင်းဆိုင်ရာ အဖွဲ့က Myanmar Now ကနေ နုတ်ထွက်ပြီး မနှစ်က Frontier မှာ အလုပ်လုပ်နေတာ ဆိုတာကို တရားရုံးကို ရှင်းရှင်းလင်းလင်း ပြသခဲ့ပါတယ်" လို့ Frontier ရဲ့ အယ်ဒီတာချုပ် သောမတ်စ်ကင်းက ထုတ်ပြန်ပြောပါတယ်။

ဒန်နီဖှန်စတာဟာ ဒီပြစ်မှုတွေကို လုံးဝကျူးလွန်ခဲ့တာမရှိတဲ့ အကြောင်း၊ တရားရုံးဆုံးဖြတ်ချက်အတွက်  Frontier သတင်းဌာနမှာ လုပ်နေသူအားလုံးက စိတ်ပျက်တဲ့ အကြောင်းနဲ့  ဒန်နီဖှန်စတာ အမြန်ဆုံးလွတ်မြောက်ပြီး သူ့မိသားစုဆီပြန်သွားနိုင်တာကို မြင်တွေ့ချင်တဲ့ အကြောင်းလည်း အယ်ဒီတာချုပ်က ပြောပါတယ်။ 

ဒန်နီဖှန်စတာဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ရာဇသတ်ကြီးပုဒ်မ ၁၂၄(က) အရ သီးခြားစီ ကြားနာမယ့်နောက်ထပ်စွဲချက် နှစ်ခုကိုလည်း ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဒန်နီဖှန်စတာဟာ ပြည်တွင်းအခြေစိုက် သတင်းဌာနတခုဖြစ်တဲ့ Frontier Myanmar မဂ္ဂဇင်းမှာ မန်နေဂျင်းအယ်ဒီတာ တာဝန်ထမ်းဆောင်နေစဉ်  ပြီးခဲ့တဲ့ မေလတုန်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဒန်နီဖှန်စတာ ဖမ်းဆီးခံရတဲ့အပေါ် မြန်မာနိုင်ငံအခြေစိုက် အမေရိကန်သံရုံးနဲ့ တခြား အဖွဲ့အစည်းတွေအနေနဲ့ ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းပြချက် တစုံတ ရာ မရှိဘဲ ငြင်းဆိုခံခဲ့ရတယ်လို့ ဆိုပါတယ်။

မကြာသေးခင်သီတင်းပတ်က ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ဟောင်းလည်းဖြစ် နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်တဲ့  ဘီလ်ရစ်ချတ်ဆန်ဟာ လူသားချင်းစာနာမှု အကူအညီ ပေးရေး ပုဂ္ဂလိကခရီးစဉ်အနေနဲ့ မြန်မာနိုင်ငံကိုသွားရောက်ပြီး စစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့စဉ်က ဒန်နီဖှန်စတာ လွတ်မြောက်ရေးကြိုးပမ်းနိုင်တယ်လို့ နိုင်ငံတကာ မီဒီယာတွေက ခန့်မှန်းခဲ့ကြပေမဲ့ တကယ်တမ်းတော့ လုပ်ဆောင်တာ မရှိခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားစစ်အာဏာသိမ်းမှု ၉ လကျော်အကြာ ရှိလာခဲ့ချိန်မှာ ရဲနဲ့ စစ်တပ်အင်အားစုတွေရဲ့ ပစ်မှတ်ထား အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ သတင်းသမားတွေ၊ အရပ်သားပြည်သူတွေ ထိခိုက်ဒဏ် ရာရရှိတာတွေ၊ ဖမ်းဆီးခေါ်ဆောင်တာတွေ၊ သေဆုံးမှုတွေလည်း ပိုမိုမြင့်တက်နေပါတယ်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့(RSF)တော့ လက်ရှိမြန်မာနိုင်ငံအကျဉ်း ထောင် တွေထဲမှာ ဖမ်းဆီးခံထားရတဲ့ သတင်းသမား အယောက် ၅၀ လောက် ရှိနေပြီလို့ ဆိုပါ တယ်။

RSF ရဲ့ ကမ္ဘာ့အဖွဲ့အစည်းများ သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ ထဲမှာ အဆင့် ၁၄၀ ရှိတယ်လို့ သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013