DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် တရုတ်နိုင်ငံက BRI စီမံကိန်းများ ဆက်လုပ်နေ
DVB
·
November 11, 2021
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် တရုတ်နိုင်ငံက BRI  စီမံကိန်းများ ဆက်လုပ်နေ
Donate to DVB

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှုတွေရှိနေပေမဲ့ တရုတ်နိုင်ငံက  သူ့ရဲ့ BRI စီမံကိန်းကို စစ်ကောင်စီရဲ့ အာမခံချက်နဲ့ ဆက်လက်လုပ်ဆောင်နေတယ်လို့ နိုင်ငံခြားသားသုတေသီတွေက Eurasia Review မှာ ရေးသားထားပါတယ်။

ဧရာဝတီတိုင်းမှာ  အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ကုန်ကျမယ့် Mee Lin Gyaing LNG စီမံကိန်း၊ ရခိုင်ပြည်နယ် ကျောက်ဖြူမှာရှိတဲ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ကုန်ကျမယ့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း၊ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ကုန်ကျမယ့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း၊ အမေရိကန်ဒေါ်လာ ၁၈၀ သန်းကုန်ကျမယ့် ကျောက်ဖြူလျှပ်စစ်ဓါတ်အားစီမံကိန်းတွေ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းအတွင်း အမေရိကန်ဒေါ်လာ ၁ဒသမ ၅ ဘီလီယံ ကုန်ကျမယ့် ရန်ကုန်မြို့သစ်စီမံကိန်း၊ ကချင်ပြည်နယ်မြောက်ပိုင်း အထူးဒေသမှာ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၄ သန်း ကုန်ကျမယ့် Kanpiketi CBECZ စီမံကိန်းတွေကိုလည်း  အကောင်အထည် ဖော်ဖို့လုပ်ဆောင်နေတာပါ။

ဒီစီမံကိန်းတွေလုပ်ဆောင်ဖို့ အာဏာသိမ်းပြီးနောက် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) အောက်မှာ အရေးကြီးတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းများစွာအတွက် လုပ်ငန်းကော်မတီတွေကို ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်လို့လည်းဆိုပါတယ်။

ဒီ့နောက် တရုတ်အစိုးရနဲ့ မြန်မာအာဏာသိမ်း စစ်ကောင်စီတို့ အကြားမှာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ စီမံကိန်းများစွာကို အရှိန်မြှင့်ကာ စီစဉ်နေတယ်လို့ ထုတ်ဖော်ရေးသားထားတာတွေ့ရပါတယ်။

ဒီအခြေအနေနဲ့ပတ်သတ်ပြီး စီးပွားရေးသုတေသီတဦးက “အခုပြောနေတဲ့ ဒီလုပ်ငန်းတွေက အရင်ကတည်းက အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ MOU ထိုးထားတဲ့ ပရောဂျက်တွေလို့ပြောလို့ရပါတယ်။ပြီးတော့ တရုတ်ရဲ့ပေါ်လစီကလည်း တခုတော့ ရှိတာပေါ့။ မြွေမသေ တုတ်မကျိုး စေတဲ့ ပေါ်လစီနော်။ ဆိုတော့ ဒီစီမံကိန်းတွေကို ငါတို့တော့ မင်းတို့နဲ့မလုပ်ဘူးလို့ ပြောမှာမဟုတ်ဘူး။ ဒါပေမဲ့ ဒါတွေကို အကောင်အထည်ဖော်မယ့်အဆင့်တော့ မရှိသေးဘူး။  ပြင်ဆင်နေတဲ့အဆင့်တော့ ရှိနိုင်တယ်။ စာရွက်စာတမ်းတွေနဲ့ လုပ်နေတဲ့ paper work လိုတင်ပြတဲ့ပုံစံမျိုးတော့ ရှိရင်ရှိလိမ့်မယ်။ တကယ် ဆောက်နေတဲ့အဆင့်တော့ မတွေ့သေးဘူးနော်။ ဘာလို့လဲဆို သူတို့လည်း မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကို သိနေတာ ပဲလေ။ ဆိုတော့ တရုတ်ကတော့ ဘယ်လိုလုပ်ထားမလဲဆိုရင် ရင်းနှီးမြုပ်နှံမှုတွေနဲ့ပတ်သတ်ပြီး ငါတို့ မလုပ်တော့ဘူး။ လုံးဝ ဖျက်တယ်ဆိုပြီးတော့ လုပ်မှာမဟုတ်ဘူး။ ဒါကြောင့် စစ်ကောင်စီကို မင်းတို့ တည်ငြိမ်သွားအောင်လုပ်။ တည်ငြိမ်သွား လို့ရှိရင် ဒါတွေဆက်လုပ်မယ်လို့ ပြောနေတာလေ” လို့ဆိုပါတယ်။

စီးပွားရေးလေ့လာသုံးသပ်သူတဦးကလည်း “အရင်နအဖခေတ်တုန်းကလည်း ဒီလိုပဲလုပ်ခဲ့ကြတာ။ ဆိုတော့ တရုတ်လည်း သင်ခန်းစာယူမယ်ဆိုရင် ယူလို့ရနေပြီပေါ့နော်။ မြစ်ဆုံဆိုရင် နအဖခေတ်မှာ MOU ထိုးခဲ့တဲ့တာလေ။ နှစ်တွေသာ ကြာလာတာ အကောင်အထည်ဖော်လို့မှ မရတာ။ အခုစစ်ကောင်စီက သူတို့လည်း လုပ်ချင်မှာပဲ။ ဘာလို့ဆို သူတို့ လက််ထက်မှာ ဖြစ်စေချင်တာပေါ့။ အဲ့တော့ လွယ်လွယ်နဲ့ပေးမှာပဲလေ။ ဒါပေမဲ့ စီမံကိန်းကြီးတွေက အချိန်အားဖြင့် ကြာသလို အရင်းအနှီး ကလည်း များတယ်။ ပြီးတော့ အရင်းကျေဖို့ကလည်း ကြာဦးမှာလေ။ ဒီတော့ သေချာမှ ဖြစ်မှာပေါ့နော်။ ဆိုတော့ ကျနော့်အမြင်ကတော့ သူတို့ ၁ဝဝရာခိုင်နှုန်းအပြည့် လုပ်မယ်လို့တော့ မထင်ဘူး” လို့ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ လာရောက်ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီကြီးတွေက အနောက်နိုင်ငံတွေရဲ့ဖိအားကြောင့် မိမိတို့ရဲ့ရင်းနှီးမြုပ်နှံမှုတွေကို ပြန်လည်ရုတ်သိမ်းပြီး ထွက်ခွာနေကြတာပါ။

ဒါကြောင့် လက်ရှိအခြေအနေအရ ရင်းနှီးမြုပ်နှံမှုအသစ်တွေ ဝင်လာဖို့က မဖြစ်နိုင်တဲ့အကြောင်း အဆိုပါပုဂ္ဂိုလ်ကသုံးသပ်ပြောပါတယ်။

“တော်ရုံတန်ရုံကတော့ ဝင်လာဖို့ မဖြစ်နိုင်ဘူး။ အခုက ထွက်တောင်ထွက်နေကြတာလေ။ Political risk၊ Economic risk ၊ financial risk ဒါတွေအားလုံးကို သူတို့ ထည့်သွင်းပြီး တွက်မှာပဲလေ။ ရှိပြီးသားကုမ္ပဏီတွေဖြစ်တဲ့ ဂျပန်ဆိုရင် သူတို့ ရဲ့လုပ်ငန်းလည်ပတ်မှု အရှိန်ကို လျှော့ထားရင်ထားတယ်။ ဒါမှမဟုတ် တကယ်လို့ မလုပ်ရသေးဘူးဆိုရင်လည်း ဆိုင်းငံ့ထား ရင်ထားမှာပေါ့။ ဆိုတော့ အသစ်ကတော့ ဝင်လာဖို့ မလွယ်ပါဘူး။လက်ရှိအခြေအနေကိုပဲကြည့်ရင် ဘဏ်လုပ်ငန်း တွေတောင် အဆင်မပြေသေးတာနော်။ ပြီးတော့ မြန်မာနိုင်ငံမှာ စီးပွားရေးနဲ့ပတ်သတ်ပြီး လုပ်ရကိုင်ရတာ ဘယ်လောက် အဆင်ပြေမလဲဆိုတဲ့ business environment အပေါ် ရင်းနှီးမြုပ်နှံသူတွေက ထည့်တွက်ကြတာထုံးစံပဲလေ” လို့ဆိုပါတယ်။

ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ကိန်း ဂဏန်းအချက်အလက်တွေ အရ မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံ၏ရင်းနှီးမြုပ်နှံမှုက အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၅ ဘီလီယံကျော် ရှိတာတွေ့ရပါတယ်။

Photo Credit- People's Daily 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013