
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်က နေရာ ၂ ခုမှာ နိုဝင်ဘာလ ၁၁ ရက်နေ့က အကြမ်းဖက်စစ်အုပ်စုကားကို မြိုင် PDF တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား တစ်ချို့ ဒဏ်ရာ ရရှိသွားတယ်လို့ မြိုင် PDF တပ်ဖွဲ့ကနေ သိရပါတယ်။
မြိုင်မြို့နယ် မြိုင်-လင်းကတောလမ်းပိုင်း ကွမ်းတောရွာ အရှေ့ဘက်မှာ ဒီကနေ့ မနက် ၁၁ နာရီလောက်က အကြမ်းဖက်စစ်အုပ်စုတွေလိုက်ပါလာတဲ့ ကားတစ်စီးကို မြိုင် PDF တပ်ခွဲ (၃) တပ်စု (၁) က ဗိုလ်မိုးခါးနဲ့ တပ်ခွဲ (၄) တပ်စု(၁)က ဗိုလ်လင်းယုန်တို့ ဦးဆောင်တဲ့ အဖွဲ့တွေက မိုင်း ၂ လုံးဆွဲပြီး တိုက်ခိုက်ခဲတာလို့ မြိုင်PDF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဒါ့အပြင် မြိုင်မြို့နယ်နဲ့ ရေစကြိုမြို့နယ် အစပ်က လှည်းကုတ်ကျေးရွာနားမှာ ဒီကနေ့ မွန်းတည့် ၁၂ နာရီကျော်လောက်က အကြမ်းဖက်စစ်အုပ်စုရဲ့ ကားတစ်စီးကို ဗိုလ်လင်းယုန် ဦးဆောင်တဲ့အဖွဲ့က မိုင်း ၃ လုံးခွဲ ပြီး တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုဘက်က ရမ်းသမ်းပြီးတော့ ပြန်လည်ပစ်ခတ်ပေမယ့် PDF တပ်ဖွဲ့ဘက်က အထိခိုက် အကျဆုံးမရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။
မြိုင်PDF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “မိုင်းခွဲတိုက်ခိုက်တာကတော့ ၂ နေရာကို ဗိုလ်မိုးခါးနဲ့ဗိုလ်လင်းယုန်တို့ ဦးဆောင်တဲ့ အဖွဲ့က မိုင်း ၅ လုံးခွဲပြီးတော့ တိုက်ခိုက်ခဲ့ကြတာဗျ။ အကြမ်းဖက်စစ်အုပ်စု ဘက်က ထိခိုက်ဒဏ်ရာ ရတာရှိနိုင်ပြီး ကား ၂ စီးလုံးကတော့ တော်တော် ပျက်စီးသွားတယ်ဗျ။ ကျနော်တို့ PDF တပ်ဖွဲ့ဝင်တွေ ဘေးလွတ်ရာကို ဆုတ်ခွာနေရတာကြောင့် ထိခိုက်သေဆုံးတဲ့ အခြေနေကို အတိကျ မသိရသေးဘူးလို့" ပြောပါတယ်။
နိုဝင်ဘာလ ၆ ရက်နေ့ကလည်း အကြမ်းဖက်စစ်အုပ်စုက ဇီးဖြူပင်ရွာကို ဇရပ်ကနေ သေနတ်တွေနဲ့ ပစ်ခတ်ရာ မီတာခုံရယ်၊ တံခါးပေါက်တွေရယ်ထိမှန်ခဲ့တယ်လို့ ဇီးဖြူပင်ရွာသားတစ်ယောက်က ပြောပါတယ်။
မြိုင်မြို့နယ်က မိဘပြည်သူတွေအနေနဲ့ အချိန်မရွေးနေရာမရွေးတိုက်ပွဲ ဖြစ်ပွားနိုင်တာကြောင့် ကျန်မာရေးကိစ္စကလွဲလို့ အပြင်မထွက်ကြဖို့နဲ့ အကြမ်းဖက်စစ်အုပ်စုတွေက အိမ်းစီးကားတွေကို မှန်တင်ပြီးမောင်းလာတာတွေရှိတာကြောင့် ပြည်သူကို ငဲ့ကွက်ပြီး တိုက်ပွဲလွတ်ခဲ့ရတာတွေ ရှိနေတယ်လို့ ထပ်မံသတိပေးထားပါတယ်။