DVB Logo
Home
မြန်မာသတင်း
စာပေပညာရှင် ဦးမောင်မောင်လတ်(နောင်)၊ ဦးစိန်လှိုင်(သူရဇော်)နှင့် စာရေးဆရာမကြီး မစန္ဒာတို့ အမျိုးသားစာပေတစ်သက်တာဆုရ
DVB
·
November 11, 2021
စာပေပညာရှင် ဦးမောင်မောင်လတ်(နောင်)၊ ဦးစိန်လှိုင်(သူရဇော်)နှင့် စာရေးဆရာမကြီး မစန္ဒာတို့ အမျိုးသားစာပေတစ်သက်တာဆုရ
Donate to DVB

စာပေပညာရှင် ဆရာကြီး ဦးမောင်မောင်လတ်(နောင်)၊ စာပေပညာရှင်ဆရာကြီး ဦးစိန်လှိုင်(သူရဇော်)နဲ့  စာရေးဆရာမကြီး ဒေါ်ချိုချိုတင်(မစန္ဒာ)တို့ကို ၂၀၂၀ပြည့်နှစ်အတွက် အမျိုးသားစာပေတစ်သက်တာ ဆုရှင်တွေအဖြစ်  ရွေးချယ်ချီးမြှင့်လိုက်ကြောင်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေး ကော်မတီက နိုဝင်ဘာ ၁၀ ရက်မှာ ကြေညာပါတယ်။

မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံးအားထုတ် ရေးသားပြုစုခဲ့တဲ့ ဆောင်ရွက်ချက်တွေကို နိုင်ငံတော်က အသိအမှတ်ပြုသောအားဖြင့် ဆုရွေးချယ်ချီးမြှင့်လိုက်တာလို့ ဆိုပါတယ်။

အလားတူ ၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေဆုချီးမြှင့်ဖို့ ရွေးချယ်ခံရတဲ့ စာအုပ်တွေနဲ့ စာရေးဆရာများ၏ အမည်စာရင်းကိုလည်း ထုတ်ပြန်ကြေညာရာမှာ ဝတ္ထုရှည်ဆုကို မခြူးပွင့်ရေးသားတဲ့ ပျောက်ဆုံးသွားသောနှင်းစက်များ (သို့မဟုတ်) နှင်းစက်ပုံပြင်စာအုပ် (တက်တိုးစာပေ)၊ ကဗျာ(ဂန္ထဝင်)ဆုကို ချစ်စုအောင်ရေးသားတဲ့ မြင်းမိုရ်စိတ်ကူးကဗျာများစာအုပ်(စာပေဗိမာန်)၊ ကဗျာ(ခေတ်ပေါ်)ဆုကို အောင်ကောင်းမြစ် ရေးသားတဲ့ ဒီနေ့ပန်းတွေပွင့်တယ် စာအုပ် (စိတ်ကူးချိုချို) တို့က ရရှိသွားပါတယ်။

စာပဒေသာဆုကိုတော့ မြသန်းစံရေးသားတဲ့ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ၏ဘဝခရီးနှင့်ဓမ္မ ဆီမီးစာအုပ်(အပ္ပမာဒစာစဉ်)၊ မြန်မာ့ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာဆုကို နိုင်ဇော်ရေးသားတဲ့ ရှေးဟောင်းယဉ်ကျေးမှုအစဉ်အလာ အမွေအနှစ်တက္ကသိုလ် ပညာသင်ကြားခဲ့ရာများ စာအုပ် (သီရိဝစ္ဆစာပေ)၊ ဘာသာပြန်(သုတ)ဆုကို ရဲမင်းဝင်းရေးသားတဲ့ ပစ်မှတ်စာအုပ် (သားငယ်စာပေ)၊ သုတပဒေသာ(ဝိဇ္ဇာ)ဆုကို ဒေါက်တာအောင်မြင့်ဦး ရေးသားသည့် စာပေပင်လယ်ထဲက ကဗျာလှိုင်းကလေးစာအုပ် (ဧရာဝဏ်စာပေတိုက်)၊ သုတပဒေသာ(အသုံးချသိပ္ပံ)ဆုကို ဒေါက်တာ ဦးလှကြည် (ကလေးကျန်းမာရေး) ရေးသားတဲ့ ကလေးကျန်းမာ ဖွံ့ဖြိုးရေး၊ နိုင်ငံတိုးတက်မှုနှင့် ခဲဆိပ်အန္တရာယ်စာအုပ်(ရှင်မတောင်စာပေ) တို့က ရရှိပါတယ်။

နိုင်ငံရေးစာပေဆုကိုတော့ မနွဲ့ရီ(မဟာဝိဇ္ဇာ) ရေးသားတဲ့ ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးသဘောတရားအမြင်များစာအုပ် (ကနုတ်ပန်းစာပေ)၊ အင်္ဂလိပ်ဘာသာ (သုတ)ဆုကို Sithu Dr.Thaw Kaung ရေးသားတဲ့ Papers from My Shoulder Bag စာအုပ် (Myanmar Book Centre)၊ အင်္ဂလိပ်ဘာသာ(ရသ)ဆုကို  Aye Phyu ရေးသားတဲ့ A Motley Collection of My Works စာအုပ် (မွန်မြတ်သူစာ)၊ ရသစာတမ်း (အက်ဆေး) စာပေဆုကို နိုင်ဝင်းသီရေးသားတဲ့ မြို့ကလေးရဲ့ အော်ပရာအက်ဆေးများစာအုပ် (သီရိဝစ္ဆစာပေ) တို့ကရရှိပါတယ်။

အမျိုးသားစာပေတစ်သက်တာဆုကို တစ်ဦးလျှင်  ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်မှာဖြစ်ပြီး အမျိုးသားစာပေဆုတွေကိုတော့ တစ်ဆုလျှင် ငွေကျပ် သိန်း ၃၀  စီ လာမယ့် ဒီဇင်ဘာလ ၄ ရက်  စာဆိုတော်နေ့ ရန်ကုန်မြို့မှာ အခမ်းအနားနဲ့ ပေးအပ်ချီးမြှင့်မယ်လို့ ကြေညာထားပါတယ်။ 

အရင်နှစ်တွေက ကဗျာအတွက် အမျိုးသားစာပေဆု တစ်ဆုသာပေးခဲ့ရာက အခုနှစ်မှာ   ကဗျာ(ဂန္ထဝင်)ဆုနဲ့ ကဗျာ(ခေတ်ပေါ်)ဆု ဆိုပြီး နှစ်ဆုချီးမြှင့်တာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလက ကျင်းပခဲ့တဲ့ စာပေညီလာခံမှာ ကဗျာဆုတစ်ဆုသာ သတ်မှတ်ချီးမြှင့် ဖို့ မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် စာရေးဆရာမကြီး ဒေါ်ချိုချိုတင်(မစန္ဒာ)က သမိုင်းတရားခံ မဖြစ်ချင်ဆိုကာ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေး ကော်မတီကနေ နုတ်ထွက်သွားခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013