DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်အား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြေညာရန် ကုလလုံခြုံရေးကောင်စီကို NUG တိုက်တွန်း
DVB
·
November 10, 2021
မြန်မာစစ်တပ်အား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြေညာရန် ကုလလုံခြုံရေးကောင်စီကို NUG တိုက်တွန်း
Donate to DVB

မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာရန်  လုပ်ငန်းစဉ်တွေကို ချက်ချင်းစတင်ဖို့နဲ့  မြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး  နိုင်ငံတကာရာဇဝတ်ခုံရုံး (အိုင်စီစီ)ရဲ့ ရှေ့နေထံသို့ လွှဲပြောင်း ပေးဖို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ တောင်းဆိုလိုက်ပါတယ်။

နိုဝင်ဘာ ၈ ရက်က မြန်မာနိုင်ငံအရေးနဲ့ စပ်လျဉ်းပြီး ကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးကို  အမျိုးသားညီညွတ်ရေးအစိုးရက သဝဏ်လွှာပေးပို့ တောင်းဆိုလိုက်တာလို့  NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရှိ နိုင်ငံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေနဲ့ စပ်လျဉ်းပြီး ဆုံးဖြတ်ချက်တရပ်ချမှတ်ပေးဖို့ NUG အစိုးရက လုံခြုံရေးကောင်စီကို တိုက်တွန်း တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ဆုံးဖြတ်ချက်တွေထဲမှာ မြန်မာနိုင်ငံသို့ လက်နက်တွေ တင်ပို့ရောင်းချမှု ပိတ်ပင် တားဆီးဖို့၊ စစ်အာဏာရှင်တွေထံ ဦးတည်ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကတဆင့် ငွေကြေးစီးဆင်းမှုများ ဖြတ်တောက်ဖို့၊ ကိုဗစ်ကာကွယ်ဆေးနဲ့ အထောက်အပံ့တွေအပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူတွေကို အကန့်အသတ်မရှိ ပေးနိုင်ရေး ဦးစားပေးဆောင်ရွက်ဖို့၊ ဒီမိုကရေစီပြန်လည်အသက်သွင်းဖို့၊  နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ စတာတွေလည်းထည့်သွင်းပေးဖို့ NUG က တိုက်တွန်းပါတယ်။ 

ဒါ့အပြင် အာဆီယံတူညီဆန္ဒ ၅ ချက်ကို အကောင်အထည်ဖော်ရာမှာ အာဆီယံရဲ့ ကြိုးပမ်းမှုကို ထောက်ပံ့အားပေးဖို့၊ ကုလသမဂ္ဂမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ တရားဝင် ကိုယ်စားပြုမှုရှိသည့် အစိုးရ အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရအား တရားဝင်အသိအမှတ်ပြုဖို့လည်း တိုက်တွန်းထားပါတယ်။

သဝဏ်လွှာပေးပို့ချိန်ဟာ မြန်မာစစ်တပ်က  “အနော်ရထာစစ်ဆင်ရေး” အမည်နဲ့  နိုင်ငံမြောက်ပိုင်း နဲ့ အနောက်မြောက်ပိုင်းဒေသတွေမှာ စစ်ဆင်ရေးလုပ်ဆောင်နေပြီး ဒီစစ်ဆင်ရေးကြောင့် ခေတ်သစ်မှာ မကြုံဖူးတဲ့ ကြီးမားကျယ်ပြန့်တဲ့ စစ်ရာဇဝတ်မှုတွေ ပေါ်ပေါက်လာနိုင်တယ်လို့လညည်း NUG ကသတိပေးထားပါတယ်။

ချင်းပြည်နယ်ဖြစ်စဉ်တွေဟာ လူသားမျိုးနွယ်ကိုဆန့်ကျင်ကျူးလွန်သော ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှု တွေကိုညွှန်းဆိုနေပြီး ဒီအခြေအနေတွေကို ဟန့်တားဖို့  ခိုင်မာ ပြတ်သားပြီး မဆုတ်မနစ်တဲ့ နိုင်ငံတကာ တုန့်ပြန်မှုလိုအပ်နေသလို လုံခြုံရေးကောင်စီအနေနဲ့   ထုတ်ပြန်ချက်တွေထုတ်နေရုံနဲ့  လုံးဝ မလုံလောက်နိုင်ဘူးလို့လည်း NUG အစိုးရက ဆိုပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးကို ဗြိတိန်နိုင်ငံရဲ့ ကမကထပြု ကြိုးပမ်းမှုနဲ့ မြန်မာရွေးကောက်ပွဲ ၁ နှစ်ပြည့်တဲ့ နိုဝင်ဘာ ၈ ရက်မှာ ကျင်းပခဲ့တာဖြစ်ပြီး  အစည်းအဝေးကနေ ဆုံးဖြတ်ချက် တစုံတရာ ထွက်ပေါ်လာတာတော့ မတွေ့ရသေးပါဘူး။

ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်ကတော့ “ပြည်သူလူထုရဲ့ဆန္ဒကို လေးစားလိုက်နာဖို့နဲ့ တိုင်းပြည်ကို ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းဆီ ပြန်သွားဖို့ ကုလသမဂ္ဂအနေနဲ့  မြန်မာစစ်တပ်ကို ထပ်လောင်းတောင်းဆိုပါတယ်” လို့ အစည်းအဝေးအပြီးမှာ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013