DVB Logo
Home
မြန်မာသတင်း
ထိုင်းဆန္ဒပြမှုတွင် မြန်မာအလုပ်သမား ၁ ဦး သေနတ်ကျည်ဆန် ထိမှန်
DVB
·
January 8, 2014
ထိုင်းဆန္ဒပြမှုတွင် မြန်မာအလုပ်သမား ၁ ဦး သေနတ်ကျည်ဆန် ထိမှန်
Donate to DVB

ထိုင်းနိုင်ငံက ဆန္ဒပြပွဲတွေအတွင်း ပြီးခဲ့တဲ့ရက်ပိုင်းက သေနတ်ကျည်ဆန်ထိမှန်ခဲ့တဲ့ မြန်မာအလုပ်သမားဟာ ဘန်ကောက်မြို့ ရာမဓိပတိဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေဆဲ ဖြစ်ပါတယ်။

အသက် ၂၂ နှစ်ရွယ်ရှိတဲ့ ကိုထွန်းထွန်းဦး ဆိုသူ မြန်မာအလုပ်သမားဟာ ဇန်န၀ါရီလ ၆ ရက်နေ့ မနက် ၅ နာရီခွဲလောက်က ဘန်ကောက်မြို့ ခေါက်ဝိုးမီးပွိုင့်အနီး တနောဝ်းလမ်းမ ပေါ်မှာ ရှိတဲ့ ဘန်ဖရချိုင်း မုန့်ဆိုင်မှာ ကုန်ပစ္စည်း သွားရောက်ပို့ဆောင်ရင်း သေနတ်ပစ်ခံခဲ့ရတာ ဖြစ်ပါတယ်။

OLYMPUS DIGITAL CAMERAအဲဒီနေရာဟာ ထိုင်းဆန္ဒပြနေကြတဲ့နေရာနဲ့ နီးတဲ့အတွက် ဘယ်က ပစ်လိုက်မှန်း မသိတဲ့ ကျည်ဆန်က သားဖြစ်သူကို လာမှန်ခဲ့တာလို့ မိခင်ဖြစ်သူ ဒေါ်ယဉ်ထွေးက ခုလိုပြောပါတယ်။

“သပိတ်မှောက်တဲ့နေရာမှာ ကားပေါ်ကဆင်းလာပြီး ပစ္စည်းချမလို့ လုပ်တုန်းရှိသေးတယ်၊ တံခါးဖွင့်တာနဲ့ သူများသေနတ်နဲ့ထိပြီး သူ့ကိုယ်သူတောင် သေနတ်ထိမှန်း မသိဘူး။ နောက်မှ သူထွက်ပြေးမယ်ဆိုပြီး ပြေးမရတော့ဘူး။ အသက်ရှူမရတော့မှ သူ့ကိုယ်သူ သိတယ်။”

ဒဏ်ရာဟာ ညာဘက်ရင်ဘတ်အပေါ်မှာ လက်တညှိုးစာ ပေါက်သွားပြီး စိုးရိမ်ရတဲ့ အခြေအနေ မရှိပေမယ့် ဆေးရုံမှာ ဘယ်လောက်ကြာမယ်မသိကြောင်း၊ ရဲတွေက ကျည်ဆန်ခွံကိုယူပြီး ပစ်ခတ်သူတွေ စုံစမ်းပေးမယ်လို့ ပြောခဲ့ကြောင်း သူက ဆက်ပြောပါတယ်။

သူတို့ဟာ ကရင်ပြည်နယ် ဘားအံမြို့က လာတာဖြစ်ပြီး သားဖြစ်သူက ထိုင်းမှာ အလုပ်လာ လုပ်တာ ၂ နှစ် ရှိပြီဖြစ်ကြောင်း၊ မြန်မာသံရုံး တာဝန်ရှိသူတွေလည်း လာရောက်ပြီး ဘတ်ငွေ ၅၀၀၀ ထောက်ပံ့ပေးသွားကြောင်း ဒေါ်ယဉ်ထွေးက ပြောပါတယ်။

ထိုင်း-မြန်မာသံရုံးက ရွှေ့ပြောင်းအလုပ်သမားသံတမန်အရာရှိ ဦးကျော်ကျော်လွင် ကလည်း ကိုထွန်းထွန်းကို သွားရောက်ကြည့်ရှုထောက်ပံ့ခဲ့တယ်လို့ ပြောပါတယ်။

“ညာဘက်ပခုံး အပေါ်ထောင့်ကနေ ဖောက်ပြီး အရှေ့ကနေ ဖောက်ထွက်သွားတာ။ ဖောက်ထွက်သွားတော့ သတိလစ်နေတဲ့အချိန်မှာ ရဲတွေက ဆေးရုံလာပို့ထားတယ်။ သူ့အလုပ်ရှင်နဲ့ ဆက်သွယ်ထားတယ်။ အားလုံးသူတို့ တာဝန်ယူမယ်ပြောနေတယ်။ နိုင်ငံတော် ထောက်ပံ့ငွေ ဘတ် ၅၀၀၀ ပေါ့။ ပြည်ပအလုပ်အကိုင်ကော်မတီက ၃၀၀၀၊ သံရုံးက ၂၀၀၀ အားလုံး ဘတ် ၅၀၀၀ ထောက်ပံ့ပေးခဲ့တယ်။”

ထိုင်းနိုင်ငံ ဘန်ကောက်မှာ လက်ရှိဝန်ကြီးချုပ် နုတ်ထွက်ပေးဖို့ အတိုက်ခံတွေဘက်က ဆန္ဒပြတောင်းဆိုနေတာ လနဲ့ချီကြာမြင့်နေပြီး ထိုင်းရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အဲဒီဆန္ဒပြမှုမှာ မပါဝင်ဖို့၊ ဆန္ဒပြနေရာတွေကို သတိထားပြီး ရှောင်ရှားသွားလာဖို့ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးက ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်နဲ့ ဒီလ ၆ ရက်နေ့တွေမှာ သတိပေး နှိုးဆော်ချက်တွေ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013